မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၁၂ ခုနှစ်မှစ၍ မြို့သစ်ရှိမြေကွက်များ ကို ဦးစီးဌာနအစီအစဉ်ဖြင့် မြေချပါမစ်ထုတ်ပေးမှုလုပ်ငန်း ဆောင်ရွက်ခြင်းမရှိကြောင်း နှင့် ဦးစီးဌာနဝန်ထမ်းများအနေဖြင့် တရားမဝင်မြေချပါမစ်ထုတ်ပေးခြင်းတွေ့ရှိပါက ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ စိစစ်အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဖေဖော်ဝါရီ ၉ ရက်တွင်ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ ပြောဆိုသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ရပ်ကွက်အချို့တွင် ၂၀၁၇ ခုနှစ်အတွင်း မြေကွက် များစွာကို မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနမှ မြေချပါမစ်များထုတ်ပေးထားပြီး ယင်းမြေချပါမစ်များ ထုတ်ပေးထားခြင်းမှာ မှန်ကန်မှုမရှိသဖြင့် ပြန်လည်စိစစ်အရေးယူရန် အစီအစဉ်ရှိမရှိ သိရှိလိုကြောင်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စား လှယ် ဦးကျော်ကျော်မောင်၏မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
"မြေချပါမစ်ရရှိသူအချို့က မြို့ပြဖွံ့ဖြိုးမှုအားနည်းနေတဲ့နေရာတွေမှာ ရရှိတဲ့မြေကွက် တွေကို အဆောက်အအုံဆောက်လုပ်နေထိုင်ခြင်းမပြုဘဲ လက်လွှဲရောင်းချမှုတွေ၊ မြေဈေး ကစားသူတွေ လက်ဝယ်ရောက်ရှိပြီး အဆင့်ဆင့်ရောင်းဝယ်ခြင်း၊ လက်လွှဲခြင်းကိစ္စရပ်များ လုပ်ဆောင်နေပါတယ်။ မြေနေရာလက်ရောက်ရယူမှုမရှိခြင်းနဲ့ မြေချပါမစ်ကိုသာရယူပြီး အဆင့်ဆင့်လက်လွှဲရောင်းချမှုတွေ လုပ်ဆောင်နေတာတွေကြောင့် မြေချပါမစ်အတုပြုလုပ် ရောင်းဝယ်မှုများလည်း ဖြစ်ပေါ်လာတာပါ။ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ ၂၀၁၂ ခုနှစ်ကစပြီး မြို့သစ်ရှိမြေကွက်တွေကို ဦးစီးဌာနအစီအစဉ်နဲ့ မြေချပါမစ်ထုတ်ပေးမှု လုပ်ငန်းကို ဆောင်ရွက်ခြင်းမရှိတော့ပါ"ဟု ဒေါ်နီလာကျော်က ပြောဆိုသည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း မြေယာစီမံခန့်ခွဲမှုလုပ်ငန်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ၁၉၉၂ ခုနှစ်မှ ၂၀ဝ၄ ခုနှစ်အထိလွှဲပြောင်းပေးခဲ့ပြီး ၂၀၁၂ ခုနှစ်မှ ယနေ့အထိ မြေယာစီမံခန့် ခွဲမှုလုပ်ငန်းများအား လွှဲပြောင်းပေးလျက်ရှိရာ ဆောင်ရွက်ဆဲအိမ်ရာစီမံကိန်းအချို့သာ ကျန်ရှိပြီး ၉၅ ရာခိုင်နှုန်းခန့် လွှဲပြောင်းပေးပြီးဖြစ်ရာ ကျန်ရှိအိမ်ရာစီမံကိန်းများကိုလည်း အပြီးသတ်လွှဲပြောင်းရန်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။
Credit: The Myanmar Times