ဧရာဝတီတိုင်းဒေသကြီး ကမ်းခြေပတ်လမ်း၏ ပထမဆုံး သံကူကွန်ကရစ်တံတား ရွှေသောင်ယံတံတား(မကျီးချောင်း) ကို ယခုနှစ် ဇွန်လတွင် အပြီးတည် ဆောက်ရန် စီစဉ်ထားကြောင်း တံတားအထူးအဖွဲ့(၁၅) ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူရ က ပြောသည်။
မကျီးချောင်း၏ အဆုံးနေရာဖြစ်သော ဘင်္ဂလားပင်လယ်ဝတွင် တည်ဆောက်နေသည့် အဆိုပါတံတားကို ၂၀၁၇ သြဂုတ် တွင် စတင်တည်ဆောက်ခဲ့
သည်။ ကျပ်သုံးဘီလီယံခန့် အကုန်အကျခံ တည်ဆောက်နေသော အဆိုပါ တံတားသည် သံကူကွန်က ရစ်တံတားဖြစ်ပြီး အရှည် ၈၂၆ ပေကျော်ရှိပြီး အကျယ်ပေ ၃၀ရှိကြောင်း ဦးကျော်သူရက ပြောသည်။
‘‘ အခက်အခဲတွေတော့ ရှိပါတယ်။ ပင်လယ်ဝဆိုတော့ ကျောက်ဖျာတွေ ရှိတယ်။ ဒီ ကျောက်လွှာတွေ တူးရတော့ စက် ပျက်တာတို့၊ လုပ်ရတာကြန့်ကြာ တာမျိုးတွေ ရှိတယ် ’’ဟု ၎င်းက လုပ်ငန်းအခက်အခဲများကို ရှင်းပြ သည်။
ဒေသခံများသည် ယခင်က အဆိုပါ တံတားနေရာမှနေ၍ တစ်ဖက်ကမ်းသို့ ကူးရာ၌ လက်ခတ်လှေငယ်များ အသုံးပြု၍ လည်းကောင်း၊ စက်တပ်လှေများ ဖြင့်လည်းကောင်း၊ ကားများ၊ ဆိုင်ကယ်များကို ပုဂ္ဂလိကဇက်ငယ်များ အသုံးပြု၍လည်းကောင်း သွားလာခဲ့ရကြောင်း ဒေသခံ ကိုဘဂျမ်းကပြောသည်။
မိုးရာသီတွင် ရေစီးသန်ကာ လှိုင်းလေများရှိသောကြောင့် အချိန်တိုင်း သွားလာ၍ မရဘဲ ရာသီဥတု ကောင်းမွန်မှသာ သွားလာရကြောင်း ၎င်းကပြောသည်။
‘‘ရေတအားကျရင်၊ လေ တိုက်ရင် ဒီချောင်းကိုမကူးနိုင်ဘူး စောင့်ရတယ်။ တချို့ဆို ညအိပ် ပြီးတောင် စောင့်ရတယ်။ လှေနဲ့ တုန်းကလည်း ဆိုက်ကယ်ကူး ရင် လက်နဲ့မ၊ ထမ်းပိုးပြီးတင်ချ ရတယ်။ ဇက်နဲ့ကျတော့လည်း ပုဂ္ဂလိကဇက်ဆိုတော့ သူတို့ကိုက် မှ ကူးပေးနိုင်တာ၊ အချိန်ရယ် အခါရယ် မဟုတ်ဘူး။ သွားချင် သလို သွားလာလို့ မရဘူးပေါ့ ’’ဟု ကိုဘဂျမ်းက ပြောသည်။
အဆိုပါ တံတားသည် ချောင်းသာကမ်းခြေမှ ရခိုင်ပြည် နယ်ဂွမြို့သို့ဆက်သွယ်သည့် လမ်းတစ်လျှောက်တွင် ပထမဆုံးတည်ဆောက်သည့် တံတားဖြစ် သည်။ မကျီးချောင်းမှသဘော့ ကန်ကျေးရွာရှိ သဘော့ကန် ချောင်းအထိ ၆ မိုင်ကျော်ရှိပြီး ကားလမ်းခရီးဖြင့် တိုက်ရိုက်သွား လာနိုင်ကြောင်း ဒေသခံ များက ပြောသည်။
အဆိုပါ တံတားပြီးစီးပါက မကျီးကျေးရွာမှ သဘော့ကန်ကျေးရွာ တစ်လျှောက်တွင် ဟိုတယ် ဇုန်အသစ်များ ထပ်မံပေါ်ပေါက်လာနိုင်ပြီး ဒေသခံများ၏ ကျန်းမာ ရေး၊ ပညာရေးနှင့် ကုန်စည်စီး ဆင်းမှု ပိုမိုမြန်ဆန်လာနိုင်ကြောင်း ဒေသခံများက သုံးသပ်သည်။
Credit: 7Daydaily