လယ်ယာမြေနဲ့ မြေလွတ်မြေရိုင်းတွေကို အခြားနည်းနဲ့ပြောင်းလဲအသုံးပြုရာမှာ ပေးဆောင်ရမယ့် ဒဏ်ကြေးကို နည်းလမ်းနှစ်မျိုး ခွဲခြားသတ်မှတ်သွားဖို့ စီစဉ်နေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။
ခွဲခြားသတ်မှတ်ဖို့ စီစဉ်နေတဲ့ နည်းလမ်းနှစ်ခုကတော့ ပြောင်းလဲအသုံးပြုလိုက်တဲ့ အခြားနည်းဟာ လယ်ယာကဏ္ဍကို အထောက်အကူပြုတဲ့ နည်းလမ်းနဲ့ အထောက်အကူမပြုတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။
လယ်ယာကဏ္ဍကို အထောက်အကူပြုတဲ့ နည်းလမ်းတွေကတော့ မွေးမြူရေးလုပ်ငန်းတွေဖြစ်တဲ့ ငါးကန်၊ ပုစွန်ကန်တွေအဖြစ် ပြောင်းလဲအသုံးပြုလိုက်တဲ့ နည်းလမ်းတွေ၊ ဆန်စက်တည်ထောင်တာတွေစတဲ့ နည်းတွေဖြစ်ပါတယ်။
တစ်ခြားဓာတ်ဆီဆိုင်တွေ၊ ဆေးခန်းတွေအဖြစ် ပြောင်းလဲတည်ဆောက် အသုံးပြုခြင်းကိုတော့ လယ်ယာကဏ္ဍကို အထောက်အကူမပြုတဲ့ နည်းလမ်းတွေအဖြစ် သတ်မှတ်နိုင်ပါတယ်။
လက်ရှိမှာတော့ လယ်ယာမြေနဲ့ မြေလွတ်မြေရိုင်းတွေကို အခြားနည်းနဲ့ ပြောင်းလဲအသုံးပြုရာမှာ ဘယ်နည်းနဲ့ပဲ အသုံးပြုပြု အားလုံးကို တစ်ပြေးညီသတ်မှတ်ပေးဆောင်ရတာ ဖြစ်ပါတယ်။
ဒဏ်ကြေးပမာဏသတ်မှတ်ရာမှာလည်း တိုင်းဒေသကြီးအစိုးရရဲ့ ဆုံးဖြတ်ချက်အတိုင်း ပေးဆောင်ရတာ ဖြစ်ပါတယ်။ 'အခုဟာက တစ်တိုင်းနဲ့တစ်တိုင်း ဒဏ်ကြေးသတ်မှတ်တဲ့ နေရာမှာ ပမာဏကတော့ မတူကြဘူး၊ မန္တလေးတိုင်းကတော့ အများဆုံးပဲ ဒဏ်ကြေးနှုန်းထားကိုကြည့်ရင်' လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောပါတယ်။
လက်ရှိမှာတော့ အခြားနည်း ပြောင်းလဲအသုံးပြုရာမှာ ပေးဆောင်ရတဲ့ ဒဏ်ကြေးသတ်မှတ်ချက်အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒါ့အပြင် တချို့က အခြားနည်းနဲ့ ပြောင်းလဲအသုံးပြု အကောင်အထည်ဖော်ပြီးမှ အခြားနည်းအသုံးပြုခွင့်ကို လာရောက်လျှောက်ထားကြတဲ့အတွက် ဒဏ်ကြေးသတ်မှတ်ရာမှာ အခက်အခဲတွေနဲ့ ကြုံတွေရတာတွေကလည်း ရှိတယ်လို့ သိရပါတယ်။
Credit: The Modern