ကန်ဒေါ်လာ နှစ်ဘီလီယံ တန် ဟံသာဝတီလေဆိပ်စီမံကိန်း အတွက် တင်ဒါကုမ္ပဏီက ဆက် လက်မလုပ်ကိုင်ပါက ရှေ့ဆက် ဆောင်ရွက်နိုင်ရေး ဂျပန်အစိုးရ က အကူအညီပေးရန် အလွတ် သဘောဆွေးနွေးထားကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။
ဟံသာဝတီလေဆိပ် စီမံကိန်းကို JGC- Yongnam ChangiAirport International Consor-tium က လုပ်ကိုင်ခွင့်ရထားပြီး ပြီးခဲ့သည့် ဇန်နဝါရီက စာချုပ် သက်တမ်း ကုန်ဆုံးခြင်းဖြစ်သည်။
‘‘ဂျပန်အစိုးရနဲ့ မြန်မာအစိုးရစကားပြောနေတာရှိတယ်။ ဒီစီမံ ကိန်းကို ဆွေးနွေးနေတာ အဆင် မပြေဘူးဆိုရင် ဂျပန်အစိုးရက အကူအညီပေးဖို့ရှိတယ်’’ဟု ဦးရဲ ထွဋ်အောင်က ပြောသည်။
လက်ရှိတွင် တင်ဒါအောင် မြင်ထားသည့် ကုမ္ပဏီနှင့် ဆွေးနွေးမှု ဆက်လက်လုပ်ကိုင်ခြင်း (သို့မဟုတ်) အခြားပုံစံတစ်ခုဖြင့် အကောင်အထည်ဖော်ခြင်းကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီး ယူ ဦးဆောင်သည့်ကော်မတီက ဆုံးဖြတ်မည်ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ ကော်မတီကို ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်ရေး စီမံကိန်း ဦးဆောင်ကော်မတီအဖြစ် နိုင်ငံတော်သမ္မတက ၂၀၁၆ နိုဝင်ဘာ ၁၁ ရက်တွင် ဖွဲ့စည်းခဲ့သည်။
တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီကို ဆက်သွယ်ဆောင်ရွက် ပြီး လုပ်ငန်းမလုပ်လိုပါက အခြားကုမ္ပဏီတစ်ခု ထပ်မံခေါ်ယူရန် ဒုတိယသမ္မတက ၂၀၁၇ ဒီဇင် ဘာတွင် ညွှန်ကြားခဲ့သည်။
ဟံသာဝတီလေဆိပ် စီမံ ကိန်းကို ပဲခူးမြို့နယ် ကျောက် တိုက်ကျေးရွာ အနီးတွင် ဂျပန် ခေတ်က လေဆိပ်အဖြစ် အသုံး ပြုခဲ့သည့် မြေဧက ၉,၆၉၀ တွင် တည်ဆောက်ရန် စီစဉ်ထား သည်။ ဟံသာဝတီလေဆိပ်စီမံ ကိန်းကို ၂၀၁၂ က စတင်တင်ဒါ ခေါ်ယူပြီး အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သောစနစ်ကို အခြေခံသည့် စီမံကိန်းဖြစ်သည်။
အဆိုပါ လေဆိပ်စီမံကိန်း ပထမအဆင့်ပြီးစီးပါက ခရီးသည် ၁၂ သန်းကို နှစ်စဉ် လေဆိပ်ဝန် ဆောင်မှု ပေးနိုင်ပြီး ဒုတိယအဆင့်ပြီးစီးပါက ခရီးသည် သန်း ၃၀ ခန့်ကို ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ခရီးသည်နှင့် လေ ယာဉ်ခရီးစဉ်များ နှစ်စဉ်တိုးတက် လာခြင်း၊ လေဆိပ်အား တိုးချဲ့ရန် ကန့်သတ်ချက်များရှိခြင်း၊ လက်ရှိ လေယာဉ်ပြေးလမ်းပေါ်တွင် အ ရေးပေါ် အခြေအနေ ဖြစ်ပွားပါ က Operation ကို ဆက်လက် ဆောင်ရွက်ရန် ဒုတိယပြေးလမ်း (Second Runway) တိုးချဲ့ရန် မြေနေရာလုံလောက်မှုမရှိခြင်း၊ Wide Body Aircraft များ အကန့်အသတ်ဖြင့် ဆင်း၊ တက်နေရ ခြင်း၊ ၂၄ နာရီ Operation ပြုလုပ်ရာ၌ ကန့်သတ်ချက်များ ရှိနေခြင်းနှင့် ပတ်ဝန်းကျင် ဆူညံသံများ အနှောင့်အယှက်ဖြစ်စေခြင်းတို့ ကြောင့် ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်စီမံကိန်းကို အ ကောင်အထည်ဖော်ရန် ဆောင်ရွက်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Credit: 7Daydaily