ကမ္ဘာကျော် တင်းနစ်ကြယ်ပွင့် အင်ဒီရော့ဒစ်နှင့် ဇနီးဖြစ်သူ ဘရွတ်ကလင်း ဒက်ကာတို့သည် မြောက်ကယ်ရိုလိုင်းနားရှိ ရေကန်ကြီးဘေး နေအိမ်ကို ရောင်းချလိုက်ပြီဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ် အနောက်မြောက်ပိုင်းရှိ Cashiers ကျေးရွာတွင် တည်ရှိသည်။
ဂျော်ဂျီယာပြည်နယ်နှင့် မြောက်ကယ်ရိုလိုင်းနားပြည်နယ် နယ်စပ်တွင်တည်ရှိပြီး အိပ်ခန်း ၄ ခန်းပါ နေအိမ်ဖြစ်သည်။
အဆိုပါနေအိမ်ကို ပြီးခဲ့သော ဒီဇင်ဘာလ ၂၁ ရက်က ကန်ဒေါ်လာ ၂ ဒသမ ၃၅ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
အရောင်းအဝယ်ဖြစ်ခဲ့သည့်ဈေးနှုန်းမှာ ၎င်းတို့ မကြာသေးမီက ဈေးခေါ်ခဲ့သည့် ဈေးနှုန်းဖြစ်သော ကန်ဒေါ်လာ ၂ ဒသမ ၄၇ သန်းအောက် နည်းပါးနေသည်။
၂၀၁၆ ခုနှစ်၊ ဇွန်လအတွင်း ယခုနေအိမ်ကို ပထမဆုံးအကြိမ် အရောင်းဈေးကွက်တင်ခဲ့ရာတွင် အင်ဒီရော့ဒစ်က ကန်ဒေါ်လာ ၂ ဒသမ ၉၉ သန်းအထိပင် ဈေးခေါ်ခဲ့သည်။
ဗိသုကာပညာရှင် ထရားဗစ် မီလက်တီက ဒီဇိုင်းရေးဆွဲကာ ၂၀၁၃ ခုနှစ်အတွင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
Silver Springs ရေကန်ကြီး၏ ကမ်းစပ်တွင် တည်ရှိပြီး ခြံအကျယ်အဝန်းမှာ တစ်ဟက်တာခန့် ရှိသည်။
ရှေးဟောင်းကျွန်းသစ်လက်ရာများ၊ ကျောက်တုံးမီးလင်းဖိုများ၊ ဝက်သစ်ချသား ရှေးဟောင်းကြမ်းခင်းများပါဝင်ကြောင်း အရောင်းဈေးကွက်တင်သည့် ကုမ္ပဏီဖြစ်သော McKee Properties မှ အကျိုးဆောင် လစ်ဇ် ဟဲရစ်က ပြောကြားသည်။
အင်ဒီရော့ဒစ်တို့ ဇနီးမောင်နှံသည် ယခုနေအိမ်ကို ၂၀၁၂ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ သိန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
အင်ဒီရော့ဒစ်သည် ယခုအခါ အသက် ၃၅ နှစ်ရှိပြီဖြစ်ပြီး ၂၀၀၃ ခုနှစ်က ကမ္ဘာ့အဆင့်တစ် တင်းနစ်သမားအဖြစ် ရပ်တည်ခဲ့သည်။
၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကမ္ဘာပေါ်တွင် မြန်နှုန်းအမြင့်ဆုံး စပေးရိုက်ချက်ရိုက်နိုင်သည့် ကစားသမားအဖြစ် စံချိန်တင်ထားခဲ့သည်။
တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ ချာလက်စ်တန်တွင် ကျင်းပသော ဒေးဗစ်ဖလား၏ ဆီမီးဖိုင်နယ်ပြိုင်ပွဲတွင် စပေးရိုက်ချက်များ ရိုက်ခဲ့ရာတွင် တစ်နာရီလျှင် ၂၅၀ ကီလိုမီတာမြန်နှုန်းအထိ ရှိခဲ့သည်ဟု ဆိုသည်။
အင်ဒီရော့ဒစ်တို့ ဇနီးမောင်နှံတွင် ယခုနေအိမ်နှင့် ၅ ကီလိုမီတာခန့်သာ ဝေးကွာသောနေရာ၌ ပိုမိုကြီးမားသည့်အခြားနေအိမ်တစ်လုံး ပိုင်ဆိုင်ထားသေးသည်ဟူသော သတင်းများလည်း ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)