ဒီကနေ့ ကမ္ဘာမှာဖွံ့ဖြိုးဆဲနိုင်ငံအတော်များများ ဖွံ့ဖြိုးတိုးတက်လာတော့ မြို့ပြအိမ်ရာ အများအပြား တည်ဆောက်လာကြတယ်။ တည်ဆောက်ကြပြန်တော့လည်း အထပ်မြင့် အဆောက်အအုံတွေ။ မိုးပေါ်ကို ထိုးထိုးထောင်ထောင်၊ ထောင်တက်နေတယ်။ အထပ်မြင့်တွေဖြစ်တော့ ဓာတ်လှေကားက အခရာဖြစ်လာတယ်။ မပါမဖြစ်။ ဒီလိုဆိုပေမယ့် ဓာတ်လှေကားတွေခမျာ အဆောက်အအုံတွေ အထပ်မြင့်လာလေ ဝန်ပိ လာလေဖြစ်လာတယ်။ အပေါ်အမြင့်ကိုတက်ဖို့ တအားရုန်းနေရတယ်။ ဒီတော့ ဓာတ်လှေကားစနစ်ကို ပြောင်းလဲဖို့လိုလာတယ်။ အခြားတစ်ဖက်မှာ အဆောက်အအုံ အင်ဂျင်နီယာတွေ ပြောတာကတော့ ဓာတ်လှေကားကောင်းရင် သူတို့က အထပ်ဘယ်လောက်မြင့်မြင့် ဆောက်လုပ်နိုင်ပါသတဲ့။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ အထပ်မြင့်ဆောက်လုပ်ရေး နည်းစနစ်ကရှိပြီးသား။
ဒီတော့ကား အခုအခါ ဓာတ်လှေကားကို စနစ်သစ်နည်းပညာ အသုံးပြုပြီး ပြုပြင်ပြောင်းလဲနေကြပါပြီ။ စနစ်ဟောင်း ဓာတ်လှေကားတွေဟာ သံမဏိကြိုးအားကိုးနဲ့ အပေါ်တက်အောက်ဆင်းပြေးလွှားနေ ကြတယ်။ စနစ်သစ်က ကြိုးမပါတော့ဘူး။ မြန်နှုန်းမြင့်ကျည်ဆန်ရထားတွေ သံလမ်းပေါ်မှာ အပေါ်ကြွတက်ပြီး ပြေးသလို၊ ဓာတ်လှေကားတွေလည်း အဲသလိုပြေးတော့မယ်။ အရင်က ဓာတ်လှေကားတွေက ဒေါင်လိုက်အတက်အဆင်းပဲ လုပ်လို့ရတယ်။ စနစ်သစ်ဓာတ်လှေကား တွေကကြိုးမပါတော့ ဒေါင်လိုက် လည်းအတက်အဆင်း ပြေးလွှားနိုင် သလို၊ အဆောက်အအုံကို ပတ်ချာလည်လှည့်ပြီး အလျားလိုက်လည်း ပြေးနိုင်တော့မယ်။ အရင်က ဓာတ်လှေကားတွေက အပေါ်တက်အောက် ဆင်းလုပ်ချင်ရင် အထပ်ပြနံပါတ် ခလုတ်နှိပ်ရတယ်။ စနစ်သစ်ဓာတ်လှေကားကျတော့ ဒီလိုလုပ်စရာမလို တော့ဘူး။ ဓာတ်လှေကားစီးသူကို ဓာတ်လှေကားကပဲ ဘယ်အထပ်လဲဆိုတာ ပြောမှာပါတဲ့။
လူတစ်ဘီလီယံလောက်သာ ကမ္ဘာပေါ်မှာ ဓာတ်လှေကား အစင်းရေပေါင်း ၁၄ သန်းရှိတဲ့ထဲက တစ် စင်းကိုတော့ နေ့စဉ်နေ့တိုင်း စီးတယ်လို့ပြောကြတယ်။ ပြီးတော့ တစ်နေ့တစ်နေ့မှာ ဓာတ်လှေကားစီးပြီး သွား လာနေရတဲ့ ခရီးသည် အရေအတွက်ဟာ တစ်နှစ်အတွင်း လေယာဉ်စီးပြီး ခရီးဆန့်နေကြတဲ့ လူဦးရေထက် တောင် နှစ်ဆလောက် ပိုများပါသတဲ့။ မြို့ကြီးတွေမှာ ဘတ်စ်ကားနဲ့ ရထား သပိတ်မှောက်မှုတွေကြောင့် ရုန်းကန်လှုပ်ရှားနေကြရတယ်။ ဒါပေ မယ့် မြို့ကြီးသားတွေရဲ့ဘဝမှာ ဓာတ်လှေကားမ ရှိလို့တော့ မဖြစ်ဘူးမဟုတ်လား။ အကြောင်းအမျိုးမျိုးကြောင့် ဓာတ်လှေကားတွေကို မောင်းလို့မရဖြစ်သွားရင် အချက်အချာကျတဲ့ စီးပွားရေး လုပ်ငန်းများအားလုံးလိုလို ရပ်တန့်သွားနိုင်တယ်။
ဓာတ်လှေကားဟာ ဒေါင်လိုက်သွားတယ်။ ကားကတော့ အလျားလိုက်သွားတယ်။ ဒါကတော့ သယ် ယူပို့ဆောင်ရေးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်။ ကားတွေလိုပဲ ဒီကနေ့ခေတ် ဓာတ်လှေကားတွေဟာ ၁၉ ရာစု နှောင်းပိုင်း ဒုတိယ စက်မှုတော်လှန်ရေးခေတ်ရဲ့ ဖွားဖက်တော်တွေ ဖြစ်ပါတယ်။ ကားတွေလိုပဲ ဓာတ်လှေကားတွေဟာ မြို့ကြီးများရဲ့ သွင်ပြင်လက္ခဏာတွေကို ပြောင်းလဲပစ်တယ်။ အခုတော့ ဓာတ်လှေကားများဟာ နောက်ထပ်တစ်ကြိမ် မြို့ကြီးတွေကို ပြောင်းလဲပစ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။
လူတွေဟာ ကုန်လွန်ခဲ့တဲ့ ထောင်စုနှစ်များစွာကစပြီး ဓာတ်လှေကားကို ပုံစံတစ်မျိုးမဟုတ် တစ်မျိုးနဲ့ အသုံးပြုခဲ့ကြတယ်။ ရောမမြို့က Colosseum မှာ 'ဓာတ်လှေကား' ၂၄ စင်းရှိခဲ့ဖူးတယ်။ ကျွန်များရဲ့ အင်အားကို အသုံးပြုတယ်။ ရာစုနှစ်ပေါင်းများစွာ စက်သီးတွေ၊ ကြိုးတွေအသုံးပြုပြီး ဓာတ်လှေကားမျိုးစုံ ဖန်တီးခဲ့ကြတယ်။ ဒါတွေကို သတ္တုတွင်း တွေ၊ စက်ရုံတွေအပြင် နန်းတော်တွေ မှာတောင် အသုံးပြုခဲ့ကြတယ်။ ၁၇ ရာစုက Jena မြို့မှာ နေထိုင်တဲ့ ဂျာမန်သင်္ချာပါရဂူတစ်ဦးဟာ စက်သီးစနစ်တစ်မျိုးကို တီထွင်ပြီး သူ့ခုနစ် ထပ်တိုက်အိမ်မှာ သူကိုယ်တိုင် အတက်အဆင်း လုပ်ခဲ့တယ်။
ဒါပေမယ့် ဒီကနေ့ခေတ် အသုံးပြုနေတဲ့ ဓာတ်လှေကားကို တီထွင်ခဲ့သူက Elisha Otis ဖြစ်ပြီး ၁၈၅၄ ခုနှစ် မေလမှာ ခင်းကျင်းပြသခဲ့တဲ့ နယူးယောက်မြို့ရဲ့ နထ့ငဘငအငသည Exhibition of the Industry of All Nations ပြပွဲမှာ အများပြည်သူတွေကို ပြသခဲ့တယ်။ သူ့ရဲ့အမည်ပါရှိတဲ့ ဓာတ်လှေကားများကို ဒီကနေ့ထိတိုင် တွေ့မြင် နိုင်ပါသေးတယ်။ သူ့ရဲ့ တီထွင်ဆန်းသစ်မှုကို မူပိုင်ခွင့် မှတ်ပုံတင်ထားတယ်။
သူ့ရဲ့ ဓာတ်လှေကားက အခြေခံအားဖြင့် လူတွေလိုက်ပါနိုင်တဲ့ အခန်းကလေး တစ်ခန်း။ ပြီးတော့ ကြေးနန်းကြိုး။ ပြီးတော့ ချိန်ညှိမဲတင်းပေးတဲ့ ဟန်ချက်ထိန်းအလေးတစ်ခု။ ပြီးတော့ ဓာတ်လှေကား မပြုတ်ကျနိုင်အောင် ထိန်းပေးတဲ့ ဘီးတစ်ခု။ Otis က သူ့ဓာတ်လှေကား စိတ်ချရတဲ့အကြောင်း သူကိုယ်တိုင်စီးပြတယ်။ နောက်သုံးနှစ်ကြာတော့ သူ့ရဲ့ လူစီး ဓာတ်လှေကားကို ပထမဆုံး E.V. Haughwout and Conpany မှာ တပ်ဆင်ပေးခဲ့တယ်။ ဒါပေမယ့် မ အောင်မြင်ဘူး။ လူတွေကကြောက်လို့ မစီးရဲကြဘူး။ ဒီတော့ ၁၈၆ဝ ပြည့်နှစ်မှာ ကုမ္ပဏီက ဓာတ်လှေကားကို ဖြုတ်သိမ်းပစ်ခဲ့တယ်။
Otis ဟာ သူ့ဓာတ်လှေကား အောင်မြင်မှုရရှိဖို့အတွက် နောက်ထပ် တီထွင်ဆန်းသစ်မှုနှစ်ခုကို စောင့်ဆိုင်းခဲ့ရတယ်။ တစ်ခုက ဆောက်လုပ်ရေးမှာ Steel-frame အသုံးပြုမှုနဲ့ နောက်တစ်ခုကလျှပ် စစ်မော်တာတွေ ထွက်ပေါ်လာခြင်း ဖြစ်တယ်။ ဆောက်လုပ်ရေးမှာ Steel-Frame အသုံးပြုလာခဲ့တဲ့အတွက် အဆောက်အအုံများကို ခပ်မြင့်မြင့် ဆောက်လုပ်လာနိုင်ကြတယ်။ လျှပ်စစ်မော်တာက ဓာတ်လှေကားကို ခပ်မြန်မြန်မောင်းနိုင်တယ်။
၁၈၈ဝ နှစ်များ မတိုင်မီက အဆောက်အအုံတွေဆိုရင် အပေါ်ထပ်များရဲ့ဝန် Load ကို ထောက်ကူပေးဖို့အတွက် အောက်ထပ်က နံရံများကို ကြံ့ကြံ့ခိုင်ခိုင်အောင် လုပ်ကြရတယ်။ ဒီတော့ ငှားရမ်းဖို့အတွက် မြေ ညီထပ်မှာ နေရာသိပ်မကျန်ဘူး။ အဆောက်အအုံမြင့်မားလေ၊ အောက်ခြေက နံရံများကို ခိုင်ခံ့ထူထဲအောင် လုပ်ရလေဖြစ်တယ်။ သိပ်အဆင်မပြေဘူးပေါ့။ အဲဒီတုန်းက အထပ်တစ် ဒါဇင်ကျော်ရှိတဲ့ အဆောက်အအုံများ ဆောက်လုပ်ရတာတောင် လက်တွေ့မကျဘူး။ ၁၂ ထပ်အထိတော့ အဆင်ပြေတယ်။ ဒါကြောင့် ၁၈၇ဝ နှစ်များမှာ အမေရိကန်နိုင်ငံမှာ ၁၂ ထပ်တိုက်တွေ အများကြီး ဆောက်လုပ်ခဲ့ကြတယ်။
ဒါပေမယ့် အဲဒီအချိန်တုန်းက အရည်ဖိအားသုံး ဓာတ်လှေကား Hydraulic Lift များကို အဓိကအသုံးပြုကြတယ်။ ဓာတ်လှေကားစီး သူတွေကို အောက်ကနေပြီး တွန်းတင်ပေးတဲ့ စနစ်ဖြစ်တယ်။ အဲသလို တွန်းတင်ပေးဖို့အတွက် အထပ်မြင့်ရင်မြင့်သလောက် ပစ္စတင် Piston တစ်ခုကို မြေအောက်မှာ မြှုပ်ထားရတယ်။ ဒီစနစ်ကကောင်းပေမယ့် အ ထပ်ပေါင်း ၂ဝ ဆိုရင်တော့ အဆင်မပြေဘူး။ ဒါပေမယ့် Otis ရဲ့ ဓာတ်လှေကားထက်တော့ ပိုပြီး အတက် အဆင်းမြန်ဆန်တယ်။
ဒါတွေအားလုံးကို လျှပ်စစ်မော်တာ ထွက်ပေါ်လာမှုက ပြောင်းလဲပစ်ခဲ့တယ်။ ၁၉၁၃ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ Woolworth Building ဟာ ၂၄၁ မီတာမြင့်ပြီး အထပ်ပေါင်း ၅ဝ ရှိတယ်။ ပထမဆုံး Steel-Frame နဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အအုံပါ။ အဲဒီမှာ တပ်ဆင်ထားတဲ့ လျှပ်စစ်ဓာတ်လှေကားကတော့ အရင်ဓာတ်လှေကားများထက် ဆယ်ဆ ကျော်မြန်ဆန်တယ်။ ဆယ်စုနှစ်နှစ်ခုလောက်ကြာပြီး နောက် ၃၈၁ မီတာမြင့်တဲ့ Empire State အဆောက်အအုံ ထွက်ပေါ်လာတယ်။ တပ်ဆင်ထားတဲ့ ဓာတ်လှေကားကတော့ ခုခေတ်မှာလို မြန်ဆန်တယ်။
ဓာတ်လှေကားမျာ မပေါ်ထွက်မီကဆိုရင် အမေရိကန်နိုင်ငံမှာ အဆောက်အအုံတွေဟာ ခြောက်ထပ် ထက်မကျော်ဘူး။ ဓာတ်လှေကားတွေ ထွက်ပေါ်လာတော့ အမေရိကန်မြို့ပြမြင်ကွင်းဟာ အကြီးအကျယ် ပြောင်းလဲသွားခဲ့တယ်။ မိုးမျှော်တိုက်တွေ Skyscraper စီရရီထွက်ပေါ်လာတယ်။ ဒါပေမယ့် ပြင်သစ်နိုင်ငံရဲ့ ပါတီမြို့မှာတော့ မြို့ပြစီမံကိန်း ကန့်သတ်ချက်ကြောင့် မိုးမျှော်တိုက်တွေ မရှိသလောက်ပဲ။ အခြားနိုင်ငံများရဲ့ မြို့ကြီးတွေ ပမာအားဖြင့် Dubai တို့၊ Sao Paulo တို့မှာတော့ အထပ်မြင့် အဆောက်အအုံတွေ မိုးပေါ်ကို ကုတ်ကတ်တက်နေကြတယ်။
ပြောင်းလဲသွားတဲ့ဈေးကွက်
လူသားတွေရဲ့ ကမ္ဘာကမိုးပေါ်ကို ထောင်တက်လာတော့ ဓာတ်လှေကားများက အရင်လူတွေရဲ့ ဂုဏ်သိက္ခာ အယူအဆတွေကို ပြောင်းပြန်လှန်ပစ်ခဲ့တယ်။ ၂ဝ ရာစုမတိုင်မီက လူတွေဟာ လူသွားစင်္ကြံပလက်ဖောင်း Pavement နဲ့ နီးကပ်တာကို တန်ဖိုးထားကြတယ်။ လူတွေအကြိုက်ဆုံးက အဆောက်အအုံရဲ့ ပထမထပ်။ လှေကားတက်တာနဲ့ရောက်တယ်။ ဒုတိယထပ်ရဲ့ အပေါ်ထပ်တွေက အခိုင်းအစေတွေနေထိုင်ကြတဲ့ အထပ်တွေ။ အပေါ်ဆုံး အထပ်တွေဆိုရင် ကျန်းမာရေးနဲ့ မညီညွတ်လို့ လူတွေမနေသင့်တဲ့ အထပ်တွေ ဖြစ်ပါသတဲ့။ ဟိုတယ်တွေမှာဆိုရင် အထပ်မြင့်ရင် ဈေးကျတယ်။
အခုတော့ ဒီလိုမဟုတ်တော့ဘူး။ ဓာတ်လှေကား ထွက်ပေါ်လာတော့ အထပ်မြင့်မြင့် အဆောက်အအုံတွေ ဆောက်လုပ်လာနိုင်တယ်။ ဓာတ်လှေကားများက လူနေမှုအဆင့်မြင့် မားမှုကို ဖော်ညွှန်းပေးလာတယ်။ အဆင့်မြင့်တဲ့ လူတွေက အထပ်မြင့်မှာနေကြတယ်တဲ့။ ဒီတော့ အဆောက်အအုံက မိုးထိအောင် မြင့်လေ၊ အပေါ်ထပ်တွေရဲ့ ငှားရမ်းခက မြင့်တက်လာလေဖြစ်တယ်။ အရင်ကလို ဈေးကျဆင်းမသွားတော့ဘူး။
၁၉၇ဝ ပြည့်နှစ်များမှာ ဓာတ်လှေကား အင်ဂျင်နီယာလုပ်ငန်းများဟာ ပြီးပြည့်စုံတဲ့ အဆင့်ရောက်လာတယ်။ Kone, Thyssenkrupp, Schindler, Otis တွေကတော့ ဓာတ်လှေကားလုပ်ငန်းရဲ့ ကြီးလေးကြီးပါပဲ။ အခုတော့ Otis ဟာ United Technololgies ရဲ့ ဌာနခွဲတစ်ခုဖြစ်နေပါပြီ။ ဓာတ်လှေကားလုပ်ငန်းနဲ့ ပတ်သက်ရင် သူတို့က ကမ္ဘာကို ကြီး စိုးထားကြတယ်။ ဓာတ်လှေကား ဂလိုဘယ်ဈေးကွက်ရဲ့ သုံးပုံနှစ်ပုံက သူတို့လက်ထဲမှာရှိတယ်။ ဂျပန်နိုင်ငံက Hitachi နဲ့ Mitsubishi တို့ကတော့ ကျန်ဈေးကွက်ကို ခွဲဝေယူထားကြတယ်။ တရုတ်နိုင်ငံမှာတော့ ဓာတ်လှေကား အင်ဂျင်နီယာလုပ်ငန်း ကြီးကြီးမားမားရယ်လို့ မရှိသေးဘူး။ ကြီးလေးကြီးရဲ့ နှစ်စဉ်ဝင်ငွေရဲ့ ထက်ဝက်ဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၄ဝ ဘီလီယံဟာ တရုတ်ဘက်က ဝင်လာတဲ့ ငွေတွေဖြစ်တယ်။
ဓာတ်လှေကားလုပ်ငန်းနဲ့ ပတ်သက်ပြီး တရုတ်မှာ လုပ်ငန်းကြီးကြီး မားမားမရှိပေမယ့် အဲဒီလုပ်ငန်းအပေါ် တရုတ်ရဲ့ သြဇာအာဏာ သက်ရောက်မှုကကြီးမားတယ်။ တရုတ်ဟာ မြင့်မြင့်နဲ့ မြန်မြန်တက်နိုင်တဲ့ ဓာတ်လှေကားတွေကို သဘောကျတယ်။ ၂ဝဝဝ ပြည့်နှစ်က တရုတ်ပြည်မှာ ဓာတ်လှေကား အစင်း ၄ဝဝဝဝ တပ်ဆင်ပေးခဲ့ရတယ်။ ၂ဝ၁၆ ခုနှစ်ကျတော့ တပ်ဆင်ပေးခဲ့ရတဲ့ ဓာတ်လှေကား စုစုပေါင်းက ၆ဝဝဝဝဝ ရှိတယ်။ ဒီကိန်းဂဏန်းဟာ အဲဒီနှစ်က ကမ္ဘာတစ်ဝန်း ရောင်းချခဲ့ရတဲ့ စုစုပေါင်း ဓာတ်လှေကား ၈၂၅ဝဝဝ ရဲ့ လေးပုံသုံးပုံ နီးနီး ရှိတယ်။
ကမ္ဘာတစ်ဝန်းက အဆောက်အအုံ ၁ဝဝ ကျော်ဟာ မီတာ ၃ဝဝ ကျော်မြင့်တယ်။ ဒါတွေအားလုံးဟာ အခု ရာစုနှစ်အတွင်း ဆောက်လုပ်ခဲ့ကြတာချည်းဖြစ်တယ်။ ဒီအဆောက် အအုံများရဲ့ ထက်ဝက်နီးနီးဟာ တရုတ်ပြည်မှာ။ ၂ဝ၁၆ ခုနှစ်အတွင်း ကမ္ဘာတစ်လွှား ဆောက်လုပ်ခဲ့ကြတဲ့ မီတာ ၂ဝဝ ကျော်မြင့်တဲ့ အဆောက်အအုံ ၁၂၈ ခုအနက် သုံးပုံနှစ်ပုံဟာ တရုတ်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။
တစ်ခေတ်ဆန်းမယ့် ဓာတ်လှေကား
ဓာတ်လှေကား တည်ဆောက်ကြသူများက ဒီကနေ့ သူတို့ရဲ့ ဓာတ်လှေကား အမြန်နှုန်းကို မြှင့်တင်ဖို့ ကြိုးပမ်းနေကြတယ်။ ပြီးတော့ ဓာတ်လှေကား အတက်အဆင်းသွားလာမှုကိုလည်း ထိန်းသိမ်းချုပ်ကိုင်ချင်ကြတယ်။ ဓာတ်လှေကားစနစ်က အသုံးပြုသူများကို ဘယ်ဓာတ်လှေကားစီးပါ၊ ဘယ်အထပ်ကိုသွားမလဲ မေးမြန်း ညွှန်ပြစေချင်ကြတယ်။ အသုံးပြုသူတွေက ဓာတ်လှေကားကို ဘယ်နှထပ်သွားမယ်လို့ ပြောနေစရာမလိုအောင် ပေါ့လေ။ ပြီးတော့ ဓာတ်လှေကား တံခါးအဖွင့်အပိတ်နှေးကွေး နေတာကိုလည်း ၃ဝ ရာခိုင်နှုန်းလောက် လျှော့ ချပစ်ချင်ကြတယ်။
ဓာတ်လှေကားများမှာ သူ့ ပြဿနာနဲ့သူရှိတယ်။ Dubai က မိုးမျှော်အဆောက်အအုံ Burj Khalifa ဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးဖြစ်တယ်။ အထပ်ပေါင်း ၁၆၃ ထပ်ရှိပြီး ၈၃ဝ မီတာမြင့်တယ်။ ဓာတ်လှေကား ၅၇ စင်းရှိတယ်။ ဒါပေမယ့် ဓာတ်လှေကားက မီတာ ၅ဝ၄ အမြင့်ထိပဲရောက်တယ်။ ဘာကြောင့်လဲဆိုတော့ အမြင့်ဆုံးထိပ်ပိုင်းအထိ ဓာတ်လှေ ကားသွားမယ်ဆိုရင် သံမဏိကြိုးက သူ့အလေးချိန်သူမခံနိုင်ဘဲ ပြတ်ထွက်သွားမှာ စိုးရိမ်ရလို့ ဖြစ်ပါတယ်။ အခုအခါ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Kone က ကာဘွန်ကြိုး Carbon Fibre တစ်မျိုး တီထွင်ဖန်ဆင်းထားတယ်။ သူတို့က ဒီကာဘွန်ကြိုးကို Ultrarope လို့ အမည်ပေးထားတယ်။
၂ဝ၂ဝ ပြည့်နှစ်မှာ ဖွင့်လှစ်မယ့် ဆော်ဒီအာရေဗျနိုင်ငံက Jeddah Tower ဟာ ကမ္ဘာပေါ် ပထမဆုံးတစ်ကီလိုမီတာ အမြင့်ရှိတဲ့ အဆောက်အအုံဖြစ်လာမယ်။ Ultrarope အသုံးပြုထားတဲ့ ဓာတ်လှေကားဟာ ၆၆ဝ မီတာအမြင့်ထိ ရောက်နိုင်မယ်လို့ ဆိုထားတယ်။ Kone ကုမ္ပဏီရဲ့အဆိုကတော့ Ultrarope နဲ့ဆိုရင် ဓာတ်လှေကားဟာ တစ်ကီလိုမီတာ အပြည့်ထိရောက်အောင်တက်မယ်ဆိုရင် တက်နိုင်ပါသတဲ့။
Thyssenther ကတော့ မြန်နှုန်းမြင့်ရထား တက်ကနိုလိုဂျီအသုံးပြုပြီး Multi လို့ခေါ်တဲ့ စနစ်သစ်တစ်မျိုးကို တီထွင်ထားတယ်။ အဲဒီစနစ်မှာ လျှပ်စစ်သံလိုက်နည်းပညာ Electromagetic အသုံးပြုထားတယ်။ ဓာတ်လှေကားမှာ ကြိုးမပါတော့ဘူး။ သွားချင်တဲ့နေရာသွားလို့ရတယ်။ ဒေါင်လိုက်သွားမလား။ အလျားလိုက်သွားမလား။ သွားချင်သလို သွားလို့ရတယ်။ ကြိုးမပါတော့ ဓာတ်လှေကားနေရာကျဉ်းသွားတယ်။ အဆောက်အအုံကြီးကြီးတွေမှာဆိုင် ဓာတ်လှေကားက နေရာ ၄ဝ ရာခိုင် နှုန်းယူထားတယ်။ Multi သုံးရင် နေရာပိုထွက်လာပြီး စီးပွားရေးအတွက် ပိုပြီးတွက်သားကိုက်လာမယ်။ ဒီနည်းပညာသစ်ကို အသုံးပြုဆောက်လုပ်မယ့် အဆောက်အအုံကတော့ Berlin မြို့က East Side Tower ဖြစ်ပါသတဲ့။
ဒီဇိုင်းနာတွေ ပြောတာကတော့၊ ဓာတ်လှေကားတည်ဆောက်မှုနည်း ပညာပြောင်းလဲတိုးတက်လာတဲ့အတွက် အဆောက်အအုံ ပုံစံတွေပါ ပြောင်းလဲသွားနိုင်တယ်လို့ဆိုတယ်။ ဓာတ်လှေကားတွေဟာ ကြိုးမပါတော့တဲ့အတွက် အဆောက်အအုံ တစ်ခုအတွင်းမှာသာ သွားလာနိုင်တာ မဟုတ်တော့ဘဲ အခြားသော အဆောက်အအုံတွေထိပါ တိုးချဲ့သွား လာနိုင်မှာဖြစ်ပါသတဲ့။ ဒီတော့ မိုးမျှော်တိုက်တွေကြားမှာ မိုးပေါ်တံတားများ အသုံးပြုပြီး ဓာတ်လှေကား တွေက မိုးပေါ်မှာ အပြေးအလွှားနေကြတာကို တစ်နေ့တော့ မြင်တွေ့လာကြရတော့မှာပါ။
Credit: Myanmar Market Journal