မြန်မာနိုင်ငံရှိ ကုမ္ပဏီအများစုသည် အရင်းအနှီးငွေ လိုအပ်ချက်များကို စတော့အိတ်ချိန်းတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ရရှိနိုင်ပြီး ယင်းကုမ္ပဏီများ၏ လိုအပ်ချက်ကိုသိချင်ပါက ဘဏ်များတွင် ကြည့်ရှုနိုင်ကြောင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ပြောသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ကုမ္ပဏီများ၏ နှစ်စဉ်အရှုံး အမြတ်စာရင်းများ၊ ကုမ္ပဏီလုပ်ငန်းလည်ပတ်စီးဆင်းပုံ၊ နှစ်အလိုက် တိုးမြှင့်လုပ်ဆောင်သွားမည့် ကုမ္ပဏီများ၏ ဆောင်ရွက်ချက်များကို တရားဝင်ကုမ္ပဏီအဖြစ် စာရင်းသွင်းပြီး ကုမ္ပဏီတရားဝင် စာရင်းသွင်းပြီး လုပ်ဆောင်ပါက ၄င်းကုမ္ပဏီများ၏ အရင်းအနှီးလိုငွေပြမှုကို အတိအကျ သိရှိနိုင်မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
“ ကုမ္ပဏီတွေ တရားဝင်မှတ်ပုံတင်တဲ့အခါမှာ စာရင်းစစ်တော့မယ်ဆိုရင် တရားဝင် အသိအမှတ်ပြုထားတဲ့ စာရင်းစစ်ကုမ္ပဏီရဲ့ စာရင်းစစ်ဆေးခြင်းကို ခံရမှာဖြစ်ပါတယ်။ အဲဒီကုန်ကျစရိတ်တွေ ကျခံရမှာစိုးလို့ စတော့အိတ်ချိန်းမှာ ကုမ္ပဏီကို တရားဝင်မှတ်ပုံမတင်သလို တချို့ကလည်းလုပ်ရကောင်းမှန်းမသိလို့ မှတ်ပုံမတင်တာတွေလည်းရှိတယ်။ ဆရာတို့ဘက်က ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းဝင်ပြီးသွားရင် ရှယ်ယာတွေကိုရောင်းလို့ ဝယ်လို့ ရတယ်။ ဒါတွေကို ကုမ္ပဏီတွေသိအောင် ဆရာတို့လိုက်လုပ်နေတာ။ ဒီလိုမျိုး ကုမ္ပဏီကရှယ်ယာတွေကို စတော့အိတ်ချိန်းမှာရောင်းလို့ ဝယ်လို့ ရနေရင် ဘဏ်တွေကိုသိပ်ပြီးအားကိုးစရာ မလိုတော့ဘူး။ စတော့အိတ်ချိန်းဈေးကွက်မှာ ကုမ္ပဏီတွေတိုးလာတယ်ဆိုရင် ကောင်းတာပေါ့။ ဒါပေမဲ့ သိပ်အများကြီးမှန်းလို့တော့ မရဘူး။ ဒီနှစ်ထဲမှာ ကုမ္ပဏီလေးငါးခြောက်ခုလောက် တိုးလာတယ်ဆိုရင် မဆိုးဘူး ” ဟုဦးမောင်မောင်ဝင်းက ပြောသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ များပြားလာပါက ရင်းနှီးမြှုပ်နှံသူများအတွက် ရွေးချယ်နိုင်သည့် အခွင့်အရေးများ ပိုမိုလာနိုင်မည်ဖြစ်ပြီး နိုင်ငံတကာစတော့အိတ်ချိန်းဈေးကွက်တွင် စာရင်းဝင်ထားသည့် ကုမ္ပဏီအများအပြားရှိ၍ နာမည်ကောင်းရှိသည့် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံကြကြောင်း၊ အချို့သောရင်းနှီးမြှုပ်နှံသူများမှာ ကုမ္ပဏီတစ်ခုတည်းသာမက အခြားကုမ္ပဏီလေးငါးခုကို ရင်းနှီးမြှုပ်နှံကြသဖြင့် တစ်ခုရှုံးသော်လည်းတစ်ခုတွင် မြတ်နေသည့် ဖြစ်စဉ်များလည်းရှိကြောင်း၊ စတော့ရှယ်ယာအရောင်းအဝယ်ကို တစ်စိုက်မတ်မတ် လုပ်ကိုင်နေသူများ ရှိနေကြကြောင်း၊ စတော့အိတ်ချိန်းဈေးကွက်သို့ စာရင်းဝင်ကုမ္ပဏီများ ပိုမိုဝင်ရောက်လာစေရန် အမြဲသုံးသပ်လေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ကုမ္ပဏီများစာရင်းဝင်နိုင်ရန်အတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်များ တင်းကြပ်နေပါကဖြေလျှော့ပေးရန် အစီအစဉ်များ လည်းရှိကြောင်း၊ စာရင်းစစ်ကုမ္ပဏီများမှ သတ်မှတ်ထားသည့် စံနှုန်းမြင့်မားသော စံသတ်မှတ်ချက်များကိုလည်း ဖြေလျှော့မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ဒုဝန်ကြီးကဆက်လက်ပြောကြားသည်။
Credit: Akon Thi