ကမ္ဘာ့ရည်မှန်းချက်အကြီးဆုံး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အစီအစဉ်များအနက် တစ်ခုတွင် ပြည်သူ့အကျိုးစီးပွားအတွက် ပါဝင်ရန် သြစတြေးလျအစိုးရက ဖေဖော်ဝါရီ ၅ ရက်တွင် အတည်ပြုလိုက်ပြီဖြစ်သည်။
တောင်သြစတြေးလျအစိုးရက တောင်သြစတြေးလျပြည်နယ်ရှိ နေအိမ် ငါးသောင်းခန့်တွင် 5kW solar panel system နှင့် 13.5kWh Tesla Powerwall 2 batteries တို့ကို တပ်ဆင်ပေးရန် တက်စ်လာကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်နေပြီဖြစ်သည်။
တစ်အိမ်နှင့်တစ်အိမ် ချိတ်ဆက်လိုက်ခြင်းအားဖြင့် ထိုနေအိမ်များသည် ဘက်ထရီသိုလှောင်မှု တစ်နာရီ ၆၅၀ မဂ္ဂါဝပ်နှင့် ဆိုလာစွမ်းအင် ၂၅၀ မဂ္ဂါဝပ်တို့ကို ထုတ်လုပ်နိုင်ကာ ဓာတ်အားပေးစက်ရုံတစ်ခုကဲ့သို့ စွမ်းဆောင်နိုင်မည်ဖြစ်သည်။
၎င်းက သုံးစွဲသူအိမ်ထောင်စုများကို ဓာတ်အားခကုန်ကျစရိတ် ရာခိုင်နှုန်း ၃၀ သက်သာစေနိုင်မည်ဟုလည်း Frontier Economics ၏ ဆန်းစစ်လေ့လာသူ
များက ခန့်မှန်းထားသည်။
ယင်းစီမံကိန်းအား စမ်းသပ်မှုတွင် နေအိမ် ၁,၁၀၀ ခန့် ပါဝင်မည်ဖြစ်ကာ တပ်ဆင်မှုပြီးစီးအောင်မြင်သည့်တိုင် အိမ်ထောင်စုများဘက်မှ အခကြေးငွေ စိုးစဉ်မျှ ကုန်ကျမည်မဟုတ်ကြောင်းလည်း သိရသည်။
စီမံကိန်းအား လေးနှစ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်ကာ ၎င်းသည် တောင်သြစတြေးလျအစိုးရ၏ တောင်သြစတြေးလျပြည်နယ်တွင် ၂၀၁၆ ခုနှစ်က နေရာအနှံ့အပြားဓာတ်အားပြတ်တောက်မှုကြီး ဖြစ်ခဲ့ပြီးနောက် စွမ်းအင်တည်ငြိမ်စေရေး ကြိုးပမ်းမှုတစ်ခုဖြစ်သော စွမ်းအင်စီမံကိန်း တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။
ယခုအစီအစဉ်အတွက် အစိုးရက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နည်းပညာ ရန်ပုံငွေထဲမှ တရားဝင်ခွင့်ပြုငွေ (ထောက်ပံ့ကြေး) သြစတြေးလျဒေါ်လာ ၂ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၈ သန်း) နှင့် ချေးငွေ သြစတြေးလျဒေါ်လာ သန်း ၃၀ (အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၇ သန်း) တို့ကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com