ပြင်ဦးလွင်မြို့နယ် ၂၁ မိုင်တွင် တည်ဆောက်မည့် New Mandalay Resort City စီမံကိန်း အတွက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) များ ဖိတ် ခေါ်ကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာနက သတင်းထုတ်ပြန်သည်။
New Mandalay Resort City (ရတနာပုံဆိုက်ဘာစီးတီး) စီမံကိန်းကို ပြင်ဦးလွင်၊ မန္တလေး- လားရှိုးလမ်းမကြီးဘေး၊ ၂၁ မိုင် အနီးရှိ မြေဧက ၁၀,၀၀၀ ခန့်ပေါ်တွင် အကောင်အထည်ဖော်မည် ဖြစ်ပြီး မြန်မာနိုင်ငံအစိုးရ တည် ဆောက်ရေးစီမံကိန်း ကြီးကြပ်မှုကော်မတီက ဦးစီးဆောင်ရွက်မည်ဖြစ်သည်။
အဆိုပါ စီမံကိန်းကို စက်မှု၊ IT နည်းပညာ၊ စိုက်ပျိုးရေးစီမံကိန်း၊ စီးပွားရေးလုပ်ငန်း၊ ကျန်း မာရေး၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများနှင့် ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းအခြေပြုမြို့အဖြစ်ဖော်ဆောင်မည်ဖြစ်သည်။
စီမံကိန်းမြေဧရိယာကို ထိရောက်အကျိုးရှိစွာ အကောင်အထည်ဖော်နိုင်မည့် ကျွမ်းကျင်မှုနှင့် လုပ်ကိုင်နိုင်စွမ်းရှိသော ကုမ္ပဏီ၊ အဖွဲ့အစည်းများသည် City Concept Plan အပေါ် အခြေခံ၍တည်ဆောက်ရေး၊ ဈေးကွက်ရှာ ဖွေရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီမံခန့် ခွဲမှုလုပ်ငန်းများ ဆောင်ရွက်လို ကြောင်း၊ စိတ်ဝင်စားမှု အဆိုပြု လွှာ (EOI) ကို မတ်လ ၃၁ ရက် နောက်ဆုံးထားတင်သွင်းရန် ဖိတ် ခေါ်ခြင်းဖြစ်ကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက ပြောသည်။
‘‘Concept Plan ကို Phase 1, Phase 2 ဆိုပြီး နှစ်ခုပေးထား တယ်။ ဒီအစီအစဉ်အရ သူတို့ လုပ်နိုင်ချင်မှ လုပ်နိုင်လိမ့်မယ်။ ဒါမှမဟုတ် ပိုပြီး စီးပွားရေးအရ တွက်ခြေကိုက်တဲ့၊ အန်တီတို့မမြင် နိုင်တဲ့ ပုံစံတွေဆွဲပြီး တင်နိုင်တာ လည်းဖြစ်မယ်။ ရွေးချယ်ပြီးတဲ့အ ချိန်မှာ နှစ်ဖက်ပြန်ညှိနှိုင်းတာတွေ ရှိမယ်။ ပြီးရင် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်နိုင်အောင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ဆက်တင်တာတွေ လုပ် ရမယ်’’ဟု ဒေါ်မိုးသီတာက ပြော သည်။ အဆိုပါ စီမံကိန်းကို လူမှု စီးပွားဖွံ့ဖြိုးရေး၊ မြို့ပြဖွံ့ဖြိုးရေး နှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး အခြေခံသည့် Green, Clean and Smart City အဖြစ် အပိုင်းလိုက် အကောင်အထည် ဖော်ရန် လျာထားပြီး ဆောင်ရွက် လိုသည့် ပြည်တွင်း၊ ပြည်ပမှ ပင်မရင်းနှီးမြှုပ်နှံတည်ထောင်လိုသူ (Master Developer) များသည် စီမံကိန်း Concept Plan နှစ်ခုအ ပေါ် အခြေခံ၍ စိတ်ဝင်စားမှုအဆို ပြုလွှာများ တင်သွင်းရမည် ဖြစ်သည်။
စိတ်ဝင်စားမှု အဆိုပြုလွှာများ စိစစ်ရွေးချယ်ရာတွင် Real Estate Development (တည်ဆောက်ရေးလုပ်ငန်း) အမှန် တကယ်လုပ်ကိုင်ဖူးခြင်း ရှိ၊ မရှိ ငွေကြေးခိုင်မာတောင့်တင်းမှု ရှိ၊ မရှိ၊ ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်သည့် အတွေ့အကြုံ ရှိ၊ မရှိ စသည်တို့အပေါ် မူတည် ၍ ရွေးချယ်မည်ဖြစ်ကြောင်း ဒေါ်မိုးသီတာက ပြောသည်။
EOI အဆိုပြုလွှာတင်သွင်း ရန် အသေးစိတ်အချက်အလက် များနှင့် ညွှန်ကြားချက်ပုံစံများကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန၊ နေပြည်တော်ရုံး အမှတ် (၄၀)နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ထုတ်ယူနိုင်ပြီး ကနဦးရွေးချယ်ခံရသည့် Short Listed Firm ကို ရွေးချယ်စိစစ် ရေးဘုတ်အဖွဲ့က ထုတ်ပြန်မည် ဖြစ်ကြောင်း ဆိုသည်။
New Mandalay Resort City စီမံကိန်းသည် တပ်မတော်အစိုးရ လက်ထက် ၂၀၀၆ တွင်အကောင်အထည်ဖော်သည့် ရတနာပုံမြို့ သစ်စီမံကိန်းကို အမည်ပြောင်းလဲ အကောင်အထည်ဖော်ရန် စီစဉ်ခြင်းဖြစ်ပြီး လက်ရှိ အစိုးရသက်တမ်းမကုန်ဆုံးမီ စီမံကိန်း၏ သုံးပုံတစ်ပုံခန့်ပြီးစီးရန် ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးကပြောကြားထားသည်။
တပ်မတော်အစိုးရလက်ထက် ၂၀၀၆ တွင် ဆက်သွယ်ရေး နှင့် နည်းပညာကဏ္ဍများ ဖွံ့ဖြိုး လာစေရေး ရည်ရွယ်ကာ ရတနာပုံမြို့သစ်စီမံကိန်းကို ဆက်သွယ် ရေးဝန်ကြီးဌာနက စတင်အကောင်အထည်ဖော်သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ၂၀၁၀ မတိုင်မီက စီမံကိန်းလုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်။
Credit: 7Daydaily