အစိုးရငွေတိုက်စာချုပ် နှင့် ငွေတိုက်လက်မှတ်များကို ရန်ကုန်စတော့အိတ်ချိန်းတွင် ရောင်းချမည်မဟုတ်တော့ကြောင်း ဗဟို ဘဏ်ဒုဥက္ကဋ္ဌဦးစိုးသိန်းကပြော သည်။
အစိုးရငွေတိုက်စာချုပ်နှင့် ငွေတိုက် လက်မှတ်များသည် သက်တမ်းကန့်သတ်ချက်များရှိ ၍ သက်တမ်းများတွက်ချက်ရာ တွင် ရန်ကုန်စတော့အိတ်ချိန်းက ထိန်းချုပ်နိုင်မည် မဟုတ်၍ မရောင်းချခြင်းဖြစ်သည်ဟု ၎င်း ကဆက်လက်ပြောသည်။
‘‘အင်တာနေရှင်နယ်မှာ Bond (ငွေတိုက်စာချုပ်) ဈေး ကွက်က ဘယ်စတော့အိတ်ချိန်း မှမလုပ်ဘူး။ စတော့က သက်တမ်းမရှိဘူး။ ရောင်းတယ်၊ ၀ယ်တယ် ဒါပဲရှိတယ်။ ငွေတိုက်စာ ချုပ်တွေက သက်တမ်းရှိတယ်။ ငါးနှစ်သက်တမ်း၊ သုံးနှစ်သက် တမ်း၊ ကျန်သက်တမ်းတွက်တာ အင်မတန်ရှုပ်ထွေးတယ်။ စတော့ အိတ်ချိန်းက ဒါကိုမထိန်းချုပ်နိုင် ဘူး။ ဒါကြောင့် စတော့အိတ်ချိန်း မှာ ရောင်းမှာမဟုတ်တော့ဘူး’’ ဟု ဦးစိုးသိန်းက ပြောသည်။
အစိုးရငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များကို ရန် ကုန်စတော့အိတ်ချိန်းမှတစ်ဆင့် ရောင်းချခွင့်ပြုရန် ရန်ကုန်စတော့ အိတ်ချိန်းက ၂၀၁၇ နှစ်လယ်ပိုင်း ၌ စတင်စီစဉ်ခဲ့ပြီး ၀ယ်ယူထား သူများငွေပြန်ဖော်ရန် အဓိကရည်ရွယ်ကြောင်း ရန်ကုန်စတော့အိတ် ချိန်း တာဝန်ရှိသူများက ဆိုသည်။
ဗဟိုဘဏ်သည် အစိုးရ ဘတ်ဂျက်လိုငွေအတွက် ငွေ တိုက်စာချုပ်၊ ငွေတိုက်လက်မှတ် များကို တစ်လလျှင် နှစ်ကြိမ် ရောင်းချနေသည်။ ငွေတိုက် စာချုပ်နှင့် ငွေတိုက်လက်မှတ်များ ကို အဓိက၀ယ်ယူသူများသည် ဘဏ်များဖြစ်သည်။ ဘဏ်အ ချင်းချင်းကကောင်တာဈေးကွက် ဖြင့် ယင်းငွေတိုက်စာချုပ်နှင့်ငွေ တိုက်လက်မှတ်များကို တစ်ဆင့် ပြန်လည် ၀ယ်ရောင်းလုပ်ခြင်း ဖြစ်သည်။
‘‘ဘဏ်တွေက သူတို့ဆီမှာ လာအပ်တဲ့ငွေတွေကို ပိုနေတဲ့ အခါ အခိုင်မာဆုံးနဲ့ စိတ်အချရ ဆုံးငွေတိုက်စာချုပ်တွေ ၀ယ်ကြ တယ်။ ရင်းနှီးမြှုပ်နှံကြတယ်။ အ တိုးနှုန်းကလည်း နိုင်ငံရဲ့စီးပွား ရေးမူတည်ပြီး သတ်မှတ်ကြ တယ်’’ ဟု စီးပွားရေးလုပ်ငန်းရှင် ဦးမြင့်ဇော်က ပြောသည်။
အစိုးရ ဘတ်ဂျက်လိုငွေ သည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလီယံ ၄,၀၀၀ ခန့်ရှိပြီး ၂၀၁၈ ခြောက်လတာဘတ်ဂျက် တွင် ကျပ်ဘီလီယံ ၂,၀၀၀ ကျော် ရှိသည်။ အစိုးရဘတ်ဂျက်လိုငွေ ဖြည့်ဆည်းရန် ငွေတိုက်စာချုပ် ရောင်းချခြင်းသည် ၂၀၁၇ တွင် ၃၃ ရာခိုင်နှုန်းရှိပြီး ငွေတိုက်လက် မှတ်ရောင်းချခြင်းက ၁၇ ရာခိုင် နှုန်းခန့်ရှိသည်။
ငွေတိုက်လက်မှတ် သက် တမ်းသည် သုံးလ၊ ခြောက်လနှင့် တစ်နှစ်ဖြစ်ပြီး ဈေးကွက်အတိုး နှုန်းသည် အကြမ်းဖျင်း ၇ ရာခိုင် နှုန်းမှ ၉ ရာခိုင်နှုန်းအထိရှိသည်။
ငွေတိုက်စာချုပ်သက်တမ်း သည် ၂ နှစ်မှ သုံးနှစ်ကျော်အထိဖြစ်ပြီး အတိုးနှုန်းသည် အကြမ်းဖျင်း ၈ ဒသမ ၆ ရာခိုင်နှုန်းမှ ၉ ဒသမ ၆ ရာခိုင်နှုန်းအတွင်း ရှိသည်။
Credit: 7Daydaily