ကမ္ဘာကျော် ရော့ခ်ကြယ်ပွင့် ဂျွန် ဘွန်ဂျိုဗီပိုင်ဆိုင်သော အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ မန်ဟက်တန်ရပ်ရှိ ကွန်ဒိုခန်း ရောင်းစွံသွားပြီဖြစ်ကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
နယူးယောက်မြို့၊ မန်ဟက်တန်ရပ် West Village တွင်ရှိသော ဘွန်ဂျိုဗီ၏ ကွန်ဒိုခန်းတွင် အိပ်ခန်း ၃ ခန်း ပါဝင်ပြီး နောက်ဆုံးဈေးခေါ်ခဲ့သည်မှာ ကန်ဒေါ်လာ ၁၅ ဒသမ ၉၅ သန်းဖြင့် ဖြစ်သည်။
Corcoran Group ကုမ္ပဏီမှ တစ်ဆင့် အရောင်းဈေးကွက်တင်ခဲ့ခြင်းဖြစ်ပြီး ယခုအရောင်းအဝယ်ဖြစ်မြောက်မှုကို ယင်းကုမ္ပဏီက အတည်ပြုခဲ့ကြောင်း ပြောရေးဆိုခွင့်ရ အမျိုးသမီးက ပြောကြားသည်။
ဘွန်ဂျိုဗီသည် အဆိုပါ duplex ခန်းကို ယခင်နှစ် ဇွန်လအတွင်း ကန်ဒေါ်လာ ၁၇ ဒသမ ၂၅ သန်းဖြင့် ပထမဆုံးအကြိမ် အရောင်းဈေးကွက်တင်ခဲ့ပြီး ဇူလိုင်လတွင် ဈေးနှုန်းထပ်မံလျှော့ချပေးခဲ့သည်။
၂၀၁၇ ခုနှစ်၊ ဇွန်လအတွင်း အရောင်းဈေးကွက်တင်ခဲ့ပုံကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/620960 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
ချားလ်စ်လမ်း၊ အမှတ် ၁၅၀ တွင် တည်ရှိပြီး နေအိမ်ခန်း အကျယ်အဝန်းမှာ စတုရန်းမီတာ ၃၇၁ ခန့်ရှိသည်။
အိပ်ခန်း ၃ ခန်းပါဝင်သည့်အပြင် အောက်ဘက်အလွှာတွင် စတုရန်းမီတာ ၁၃၉ အကျယ်အဝန်းရှိသည့် ပန်းဥယျာဉ်တစ်ခု ပါဝင်ကာ ဟတ်ဆန်မြစ်၏ အလှကို အပေါ်စီးမှ တွေ့မြင်နေရသည်။
ဘွန်ဂျိုဗီသည် အဆိုပါနေအိမ်ခန်းကို ၂၀၁၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၂ ဒသမ ၈၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
ဘွန်ဂျိုဗီသည် ယခုရောင်းချလိုက်သော နေအိမ်ခန်းအနီး ဂရင်းဝစ်လမ်းတွင်ပင် လူနေခန်းတစ်ခန်းကို ကန်ဒေါ်လာ ၁၈ ဒသမ ၉၄ သန်းဖြင့် ဝယ်ယူခဲ့ပြီးလည်း ဖြစ်သည်။
အဆိုပါအခန်းတွင်မူ အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်း၊ အလျား ၁၂ မီတာရှိ ဧည့်ခန်း၊ လသာဆောင်များ၊ ဓာတ်လှေကားတစ်ခုတို့ ပါဝင်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။