ကြီးမားသော စက်မှုလုပ်ငန်းသုံးစက်ရုပ်သစ်တစ်မျိုးသည် အိမ်ဆောက်လုပ်မှုလုပ်ငန်းစဉ်ကြီးကို အလုံးစုံမြေလှန်ပြောင်းလဲပစ်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။
သြစတြေးလျအနောက်ပိုင်းအခြေစိုက် နည်းပညာကုမ္ပဏီ Fastbrick Robotics က လေဟာပြင်တွင် နေအိမ်တစ်လုံးကို နှစ်ရက်အတွင်း တည်ဆောက်နိုင်သော Hadrian X ဟု အမည်ရသည့် စက်ရုပ်တစ်ရုပ်ကို မိတ်ဆက်ပြသလိုက်ပြီ ဖြစ်သည်။
ကမ္ဘာ့ပထမဆုံးအဆင့်မြင့်ဆောက်လုပ်ရေးစနစ်အဖြစ် တင်စားခံရသည့် Hadrian X သည် ကျွမ်းကျင်ဆောက်လုပ်ရေးလုပ်သားရှားပါးမှုဖိအားများနှင့် အိမ်ခြံမြေဖိအားများကို လျော့ကျလာစေရန် မျှော်လင့်ချက်တစ်ခု ဖြစ်လာသည်။
ထိုစက်ရုပ်များကို တပ်ဆင်ရန်အတွက် Fastbrick Robotics က ဆောက်လုပ်ရေးကုမ္ပဏီကြီး Caterpillar နှင့် ပူးပေါင်းလက်တွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။
ထိုစက်ရုပ်များသည် developer (မြေယာဝယ်ယူ၍ အဆောက်အအုံ ဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) များနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ဆောက်လုပ်မှုကုန်စရိတ် သိသိသာသာလျော့ကျစေနိုင်မည်ဖြစ်သည်။
၎င်းစက်ရုပ်သည် အလွန်မြင့်သော အမြင့်များတွင် အလုပ်သမားမလိုဘဲ အုတ်စီမှုများ၊ ဆောက်လုပ်မှုများကို အန္တရာယ်ကင်းစွာ လုပ်ဆောင်နိုင်သည်။ လူသားထက်လည်း အဆ ၂၀ ခန့် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်သည်။
ယင်းမတိုင်မီအထိ ဆောက်လုပ်ရေးစက်ရုပ်များသည် ထိန်းချုပ်ထားသော မိုးလုံလေလုံပတ်ဝန်းကျင်များတွင်သာ စွမ်းဆောင်နိုင်သေးသည်။ လေနှင့် အပူချိန်တို့ကဲ့သို့သော သဘာဝပတ်ဝန်းကျင်အပြောင်းအလဲများက စက်ရုပ်၏ အစိတ်အပိုင်း လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။
Hadrian X က ဆောက်လုပ်မှုကုန်ကျစရိတ်များကို လျှော့ချပေးပြီး အရည်အသွေးမြင့်မားပြီး တန်ဖိုးသင့်တင့်သော နေအိမ်များဆီ ပိုမိုဦးတည်နိုင်စေရန် Fastbrick Robotics က မျှော်လင့်နေကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com