တစ်နှစ်ကြာ ရှုပ်ထွေးခဲ့ပြီးနောက် နောက်ဆုံးတွင် ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်ရှိ ဗြိတိသျှသံရုံးခြံဝင်း၏ အနာဂတ်သည် ရှင်းလင်းသွားပြီ ဖြစ်သည်။
ထိုနေရာအား ထိုင်းနိုင်ငံသမိုင်းတစ်လျှောက်အမြင့်မားဆုံးအိမ်ခြံမြေအရောင်းအ၀ယ်များအနက် တစ်ခုအဖြစ် ဗြိတိသျှပေါင်သန်း ၄၂၀ (အမေရိကန်ဒေါ်လာ ၅၉၉ သန်းခန့်) ပေး၍ ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေ developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) Hongkong Land က ထိုင်းနိုင်ငံအခြေစိုက် အိမ်ခြံမြေ developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) Central Group နှင့် ပူးတွဲဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့ကြပြီဖြစ်သည်။
၁၉၂၂ ခုနှစ်ကတည်းက ဗြိတိန်က ရယူခဲ့သော ယင်းသံရုံးဝင်းသည် ဘန်ကောက်၏ အဓိကစီးပွားရေးခရိုင်တွင် တည်ရှိပြီး ၃ ဒသမ ၅ ဟက်တာ ကျယ်ဝန်းသည်။
၎င်းသရုံးခြံဝင်းရောင်းချမှုနှင့်ပတ်သက်၍ လများစွာကြာ ကောလာဟလများကို ယင်းသဘောတူညီမှုက အဆုံးသတ်စေလိုက်သည်။ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက Inside Retail Thailand က Central Group သည် ထိုနေရာကို ဒေါ်လာ ၅၇၅ သန်းဖြင့် တစ်ဦးတည်းဝယ်ယူရန် သဘောတူခဲ့ကြောင်း သတင်းမှား ဖော်ပြခဲ့ဖူးသည်။
ရောင်းချမှုအား ဗြိတိန်ပြည်သူလူထု၏ အကျိုးစီးပွားအတွက် အသုံးချမည် ဖြစ်ကြောင်း ဗြိတိသျှအစိုးရက ကြေညာထားသည်။ အသေးစိတ်ဆိုရသော် ကိုင်ရို၊ နယူးဒေလီနှင့် ၀ါရှင်တန်မြို့
တို့အပါအ၀င် ကမ္ဘာတစ်ဝန်းရှိ သံရုံးနှင့် ကောင်စစ်ဝန်ရုံး ၃၀ ခန့်အား ထိုရောင်းချငွေဖြင့် ပြန်လည်ပြင်ဆင်မွမ်းမံမည် ဖြစ်ကြောင်း သိရသည်။
ထိုဗြိတိန်သံရုံးဝန်ထမ်းများသည် ဘန်ကောက်၌ပင်ရှိသော ၂၉ ထပ်အမြင့်ရှိ AIA Sathorn Tower အဆောက်အအုံသို့ ရွှေ့ပြောင်းကြမည်ဖြစ်သည်။
နာမည်ကျော် Central World ရှော့ပင်းမောလ်များ၏ ပိုင်ရှင် Central Group သည် ဗြိတိသျှသံအမတ်နေအိမ်၏ အိမ်ရှေ့ဥယျာဉ်ကိုလည်း ဗြိတိသျှပေါင် သန်း ၅၀ ဖြင့် ၀ယ်ယူခဲ့ဖူးကြောင်း
သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com