ရတနာနဲ့ ဧရာဝဏ်စီမံကိန်းက တိုက်ခန်းတစ်ခန်းပေါက်ဈေးဟာ ကျပ်သိန်း ၆၀၀ ခန့် ပေါက်ဈေး ရှိပါတယ်။
ရတနာနဲ့ဧရာဝဏ် အိမ်ရာစီမံကိန်းမှာ အဆောက်အအုံ ၄၉ လုံး၊ တိုက်ခန်းပေါင်း ၄၆,၆၀၀ ပါဝင်ပြီး စီမံကိန်းကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်တဲ့ ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီနဲ့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်မှာ ဖြစ်ပါတယ်။
စီမံကိန်းကို ၂၀၁၃ ခုနှစ်ကစတင်ခဲ့ပြီး သုံးနှစ်အတွင်း အပြီးတည်ဆောက်ဖို့ စီစဉ်ခဲ့ပေမယ့် အိမ်ခြံမြေ ဈေးကွက်အေးစက်နေခဲ့တဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းတွေကို အချိန်ယူလုပ်ကိုင်နေရကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းထိန်က “ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အိမ်ရာတွေကို ရတနာနှင်းဆီလိုပဲ အဆင့်မြင့်အိမ်ရာစီမံကိန်းတည်ဆောက်သွားမှာဖြစ်ပြီး အထပ်မြင့် ၁၈ ထပ် ပါဝင်မှာ ဖြစ်တယ်” လို့ ပြောပါတယ်။
ရတနာနှင့်ဧရာဝဏ် အိမ်ရာစီမံကိန်းမှာ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ တည်ရှိပြီး လူနေနည်းပါးတဲ့နေရာမှာ လူနေသိပ်သည်းစေရန်နဲ့ နေထိုင်မှု အဆင့်မြင့်တင်စေရန် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
Credit: Eleven Media Group