တရုတ်ပြည်မကြီး အခြေစိုက် developer ဖြစ်သော Genzon Group သည် အမေရိကန်ပြည်ထောင်စုတွင် Yahoo ကုမ္ပဏီက ပိုင်ဆိုင် ခဲ့သော မြေနေရာ၌ အထပ် ၅၀ မြင့်မားသော မိုးမျှော်တိုက်ကြီးတစ်ခု ပါဝင်သည့် ဘက်စုံသုံး စီမံကိန်းကြီးတစ်ခု ဆောက်လုပ် သွားရန် စီစဉ်လျက်ရှိကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာကလာရာတွင် ကြမ်းခင်းဧရိယာ စတုရန်းပေ ၁၀ ဒသမ ၅ သန်း (၉၇၅၄၈၂ စတုရန်းမီတာ) ရှိ ဘက်စုံသုံးစီမံကိန်းအဖြစ် အကောင်အထည်ဖော်ရန် စီစဉ်ခြင်းလည်း ဖြစ်သည်။
ဆန်တာကလာရာ အုပ်ချုပ်ရေးအဖွဲ့က Genzon Group ၏ အမေရိကကုမ္ပဏီခွဲဖြစ်သော Kylli, Inc ကို အဆိုပါစီမံကိန်းစတင် ဆောက်လုပ်ရန် ခွင့်ပြုချက်ပေးလိုက်ပြီ ဖြစ်သည်။
စီမံကိန်းတွင် အထပ် ၅၀ အမြင့်ရှိ ရုံးခန်းအဆောက်အအုံ မိုးမျှော်တိုက်ကြီးနှင့် ၃၅ ထပ်မြင့်မားသော လူနေခန်းမိုးမျှော်တိုက်ကြီးတစ်လုံး အပါအဝင် ဖြစ်သည်။
စီမံကိန်းနေရာမှာ လက်ရှိအားဖြင့် ရုံးခန်းများအခြေစိုက်ရာဒေသဖြစ်ပြီး ယခုစီမံကိန်းဖြင့် ယင်းဒေသတွင် လူနေခန်း ၆၀၀၀၊ ဟိုတယ် တစ်လုံး၊ လက်လီအရောင်းဆိုင်များအပြင် ရုံးခန်းနေရာများစွာလည်း ဖြည့်တင်းပေးနိုင်မည်ဖြစ်ကြောင်း ဆီလီကွန်တောင်ကြား စီးပွားရေး ဂျာနယ်တွင် ဖော်ပြသည်။
Kylli Inc သည် ၄၉ ဧကခန့် ကျယ်ဝန်းသည့် ဆီလီကွန်တောင်ကြားမြေနေရာကို တရုတ်ပြည်မကြီးအခြေစိုက် နည်းပညာကုမ္ပဏီ LeEco ထံမှ ယခင် ၂၀၁၇ ခုနှစ် မတ်လအတွင်းက ကန်ဒေါ်လာ သန်း ၂၆၀ ဖြင့် ဝယ်ယူထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
တရုတ်ပြည်တွင်း ပြိုင်ဖက်များဖြစ်သော Greenland နှင့် Wanda တို့က ကယ်လီဖိုးနီးယားရှိ စီမံကိန်းကြီးများမှ နောက်ပြန်လှည့်နေချိန် တွင် Genzon Group ၏ ယခုခြေလှမ်းပေါ်ပေါက်လာခြင်း ဖြစ်သည်။
Kylli Inc သည် ကယ်လီဖိုးနီးယားတွင် ၂၀၁၄ ခုနှစ်မှ စတင်၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်ပြီး ဆန်ဖရန်စစ္စကိုမြို့၊ ဘုရှ်လမ်း၊ အမှတ် ၂၂၅ ရှိ Standard Oil Building ရုံးဟောင်းကို ကန်ဒေါ်လာ သန်း ၃၅၀ ဖြင့် ဝယ်ယူခဲ့ဖူးပြီး ထိုနှစ်က အမေရိကတွင် အကြီးမားဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)