ဗြိတိန်၏ အတိုက်အခံခေါင်းဆောင်၊ လေဘာပါတီခေါင်းဆောင် ဂျရမီ ကော်ဘင်က လေဘာပါတီအာဏာရလျှင် အင်္ဂလန်နိုင်ငံတစ်ဝန်းတွင် အိမ်ရာမဲ့များအတွက် နေအိမ်ပေါင်း ၈၀၀၀ ဝယ်ယူပေးသွားမည်ဟု ကတိပြုလိုက်ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြသည်။
ဒေသတွင်း ကောင်စီအဖွဲ့များသို့ လုပ်ပိုင်ခွင့်များ ချထားပေးမည်ဖြစ်ရာ လူနေထိုင်ခြင်းမရှိသော ဇိမ်ခံတန်ဖိုးကြီးလူနေခန်းများကို သိမ်းဆည်းခွင့်ရလာကြမည်ဖြစ်ကြောင်း၊ အဆိုပါလူနေခန်းများကို အိမ်ရာမဲ့များသို့ ပေးအပ်သွားနိုင်မည်ဖြစ်ကြောင်း ကော်ဘင်က ပြောကြားသည်။
ဗြိတိန်တွင် ဆောင်းညများ၌ပင် လူဦးရေ ၄၇၅၁ ဦးအထိ လမ်းများပေါ်တွင်နေထိုင်ရလျက်ရှိကြခြင်းမှာ နိုင်ငံအတွက် အကျည်းတန်စေသည့် ဖြစ်ရပ်ဖြစ်ကြောင်းလည်း မစ္စတာကော်ဘင်က ဆိုသည်။
“ကျွန်တော်တို့ဟာ နိုင်ငံတစ်လွှားမှာ နေအိမ်ပေါင်း ၈၀၀၀ ခန့်ကို ချက်ချင်းဝယ်ယူသွားပါမယ်။ ပြီးတာနဲ့ လက်ရှိမှာ အိမ်ရာမဲ့ဖြစ်နေသူတွေကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့လည်း နေအိမ်တွေ ဆောက်လုပ်ပေးနေကြရမှာ ဖြစ်ပါတယ်”
အစိုးရဘက်တွင်ကြည့်မည်ဆိုလျှင် အစိုးရရုံးဝန်ကြီးအဖြစ် မကြာသေးမီက ခန့်အပ်ခံခဲ့ရသည့် ဒေးဗစ် လီဒင်တန်မှာ အိမ်ရာမဲ့တိုက်ဖျက်ရေးအတွက် အစိုးရက အကောင်အထည်ဖော်နေသည့် Marr ပရိုဂရမ်တွင်လည်း ပါဝင်တာဝန်ထမ်းဆောင် လျက်ရှိနေသည်။
“အိမ်ရာမဲ့ဖြစ်ရခြင်းမှာ အကြောင်းရင်း အမျိုးမျိုးရှိနေကြတယ်။ အစိုးရအနေနဲ့ ကြီးမားတဲ့ ရည်မှန်းချက်တစ်ခု ထားရှိပြီး ဖြစ်ပါတယ်။ အဲဒါကတော့ ၂၀၂၂ ခုနှစ်မှာ လမ်းပေါ်အိပ်စက်ရသူ ထက်ဝက်ခန့် လျှော့ချပြီး ၂၀၂၇ ခုနှစ်မှာ အပြီးတိုင်ပပျောက်သွားစေဖို့ ရည်မှန်းထားပါတယ်” ဟု ဒေးဗစ်လီဒန်တန်က ဆိုသည်။
ယာယီတည်းခိုရာနေရာများတွင် နေထိုင်ရသည့် ကလေးသူငယ်ပမာဏမှာ ၇၀ ရာခိုင်နှုန်းကျော် မြင့်တက်လာပြီး ၁၂၀၀၀၀ ဦးအထိ ရှိလာကြောင်း အစိုးရက ထုတ်ပြန်သည့်အချက်အလက်များတွင် ဖော်ပြသည်။
လမ်းပေါ်တွင် အိပ်စက်ရသူဦးရေမှာ ၂၀၁၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်လျှင် နှစ်ဆခန့်အထိ မြင့်မားလာပြီး လွန်ခဲ့သော ၃ နှစ်တာကာလအတွင်း ၇၃ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)