ဆောက်လုပ်ရေးကဏ္ဍမှာ တွေ့ကြုံနေရတဲ့ အခက်အခဲတွေနဲ့ လုပ်ငန်းများရေရှည်တိုးတက်ရေးအတွက် နိုင်ငံတော်က ကူညီဖြေရှင်းပံ့ပိုးပေးဖို့ မန္တလေးတိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဇန်နဝါရီ (၂၆)ရက်နေ့က Mandalay Swah Hotel မှာ တင်ပြခဲ့တယ်လို့ သိရပါတယ်။
' အဓိက အခက်အခဲက အိမ်ခြံမြေဈေးကွက်တွေ ပြိုလဲတာလဲပါတယ်၊ နောက်လုပ်ရတဲ့ Processes တွေက နည်းနည်းများတာလဲပါတယ်၊ နောက် ဘဏ်တွေလိုမျိုး ကိုယ့်ရဲ့ငွေကြေးကို ထောက်ပံ့ပေးမယ့် ဖိုင်နန်ရှယ်ဘတ်ဂျတ်တွေ နည်းတာလဲပါတာပေါ့၊ အလုပ်သိပ်မလုပ်နိုင်ကြတော့ဘူး' လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း(မန္တလေး)က ဒုတိယဥက္ကဋ္ဌ ဦးကျော်သက်လှိုင်က ပြောပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက အချက်(၆)ချက်နဲ့ တင်ပြခဲ့တာ ဖြစ်ပါတယ်။ အဆိုပါအချက်တွေကတော့ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း အရောင်းအဝယ်အခွန်များအား (၃၀)ရာခိုင်နှုန်းမှ (၅)ရာခိုင်နှုန်းကို ယာယီ
(၂)နှစ်ခန့် လျှော့ချပေးနိုင်ရေး (နိုင်ငံတော်အခွန်ငွေ ရရှိတဲ့ ပမာဏလျော့မသွားတဲ့အပြင် ပိုများလာမှာ ဖြစ်ပါတယ်။) စီမံကိန်းများ အာမခံထားပြီး စီမံကိန်းအကြီးအသေးပေါ်မူတည်ကာ (၃)နှစ်ကနေ (၁၀)နှစ်အထိ ဘဏ်ချေးငွေရရှိရေး၊ ဘဏ်ချေးငွေအတိုးနှုန်းတွေကို ယနေ့ (၁၃)ရာခိုင်နှုန်းကနေ (၉)ရာခိုင်နှုန်းကို လျှော့ချပေးနိုင်ရေး၊ အိမ်ရာဝယ်ယူသူတွေအတွက် (၁၅)နှစ်ကနေ (၂၀)နှစ်အထိ ဘဏ်ချေးငွေတွေနဲ့ ဝယ်ယူခွင့် ထိထိရောက်ရောက်ရရှိနိုင်ရေး၊ တည်ဆောက်ရေးဆိုင်ရာ ခွင့်ပြုမိန့်များထုတ်ပေးမယ့် ကာလသတ်မှတ်ကြေညာပေးနိုင်ရေး (ဥပမာ ရှစ်ထပ်ခွဲနဲ့အောက်အား တစ်လအတွင်း၊ ၁၂ ထပ်အထိ နှစ်လအတွင်း၊ ၁၂ထပ်နဲ့အထက်အား ခြောက်လအတွင်းစသဖြင့် ကာလတစ်ခုသတ်မှတ်ပေးနိုင်ရေး)၊ နိုင်ငံတော်ဘဏ်ဂျတ်ငွေနဲ့ ဆောင်ရွက်မဲ့တည်ဆောက်ရေးလုပ်ငန်းအရေအတွက်များများ အကောင်အထည်ဖော်ပေးနိုင်ရေး(ဆောက်လုပ်ရေးလုပ်သားတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ဖို့ ရည်ရွယ်ပါတယ်) စတဲ့အချက် (၆)ချက်ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။
' ဒီမှာအလုပ်လုပ်နေသူအားလုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ သူ့ဟာသူကြိုးစားခဲ့ကြတာပါ၊ အခက်အခဲတွေဖြစ်တော့လဲ ဒီအခက်အခဲတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းကြရတာပေါ့နော်၊ ဒါပေမဲ့ ဒီတစ်နှစ်ကျော်လောက်အထိ ကြံ့ကြံ့ခိုင်ဖြေရှင်းလာခဲ့ပြီး ဆက်ဖြေရှင်းနိုင်ဖို့ အင်အားက သိပ်မရှိတော့ဘူး၊ တစ်ချို့ဆို နောက်ထပ် (၃)လ၊ တစ်ချို့ဆို နောက်ထပ် (၆)လခန့်ပဲ တောင့်ခံနိုင်တဲ့အနေအထား ဖြစ်နေတယ်၊ ဒီလိုအခြေအနေမှာ နိုင်ငံတော်ကို မဖြစ်မနေတင်ပြပြီး ဖြေရှင်းမှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်ပြီး နိုင်ငံတော်ကို တင်ပြတာပါ' လို့ ဦးကျော်သက်လှိုင်က ပြောပါတယ်။ အဆိုပါအချက်တွေကို နိုင်ငံတော်က ကူညီပံ့ပိုးပေးမယ်လို့လည်း မျှော်လင့်ထားကြပါတယ်။ တင်ပြချက်တွေကိုလည်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံကို တင်ပြပေးမယ်လို့ ဖြေကြားပါတယ်။
Credit: The Kumudra