ကမ္ဘာကျော် ရုပ်ရှင်ဒါရိုက်တာကြီး စတီဗင်စပီးလ်ဘတ်ကို ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းအိုးပြည်နယ်၊ စင်စင်နတီမြို့တွင် မွေးဖွားသည်။
မိခင်ဖြစ်သူ လီယာ (၁၉၂၀၊ ဇန်နဝါရီ ၁၂ ဖွား- ၂၀၁၇၊ ဖေဖော်ဝါရီ ၂၁ ကွယ်လွန်) မှာ စားသောက်ဆိုင်ပိုင်ရှင်၊ ပီယာနိုဂီတသမား တစ်ဦးဖြစ်ပြီး ဖခင် အာနိုးစပီးလ်ဘတ်မှာ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ကွန်ပြူတာများ စတင်တီထွင်ထုတ်လုပ်ရာတွင် ပါဝင်ခဲ့သူ ဖြစ်သည်။
ဟောလိဝုဒ်ခေတ်ကြီးကို စတင်တည်ထောင်ရာတွင် စတီဗင် စပီးလ်ဘတ်ပါဝင်ခဲ့သည်ဟု သတ်မှတ်ထားကြသည်။ကမ္ဘာ့ရုပ်ရှင်နှင့်ထုတ်လုပ်သူသမိုင်းတစ်လျှောက် အကျော်ကြားဆုံးဒါရိုက်တာများတွင် တစ်ဦးအပါအဝင်လည်း ဖြစ်လေသည်။
ရုပ်ရှင်ဒါရိုက်တာအဖြစ် နှစ်ပေါင်း ၄၀ ကျော်ဖြတ်သန်းမှုကာလအတွင်း ရုပ်ရှင်နယ်ပယ်အမျိုးအစားမျိုးစုံဖြင့် ဇာတ်ကားများ ရိုက်ကူးခဲ့သည်။သူ၏ ဇာတ်ကားများအနက် အထင်ရှားဆုံးမှာ Jurassic Park (series), Indiana Jones (series), Schindler's List, Men in Black (series), Saving Private Ryan ,Star Wars နှင့်Transformers(series) တို့ ဖြစ်ကြသည်။
အော်စကာဆု ဇကာတင်စာရင်း ၇ ကြိမ်ဝင်ခဲ့ပြီး Schindler's List နှင့် Saving Private Ryan တို့တွင် အကောင်းဆုံးဒါရိုက်တာအဖြစ် အော်စကာဆုများ ရရှိခဲ့သည်။
စပီးလ်ဘတ်ရိုက်ကူးခဲ့သည့် ရုပ်ရှင်များသည် ကမ္ဘာတစ်ဝန်းတွင် စုစုပေါင်းဝင်ငွေ ကန်ဒေါ်လာ ၉ ဘီလီယံအထိ ရရှိခဲ့ပြီးဖြစ်ကာ သမိုင်းတစ်လျှောက်တွင် ငွေအရှာနိုင်ဆုံးဒါရိုက်တာအဖြစ် ရပ်တည်လျက်ရှိသည်။သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၃ ဘီလီယံကျော်ရှိသည်ဟု ခန့်မှန်းထားကြသည်။
စတီဗင် စပီးလ်ဘတ်နှင့် ဇနီးဖြစ်သူ ဟောလိဝုဒ်သရုပ်ဆောင် ကိတ်ကက်ပ်ရှောတို့၏ နေအိမ်မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ရှိ ကမ္ဘာကျော်ကြယ်ပွင့်များ စုဝေးအခြေချရာ မာလီဘူးအရပ်တွင် တည်ရှိသည်။
ကိတ်ကက်ပ်ရှောသည် ၁၉၈၄ ခုနှစ်တွင် စတီဗင် စပီးလ်ဘတ်ရိုက်ကူးသည့် Indiana Jones and the Temple of Doom ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရင်း တွေ့ဆုံခဲ့ကြကာ နောက်ပိုင်းတွင် လက်ထပ်ခဲ့ကြခြင်း ဖြစ်သည်။
စပီးလ်ဘတ်တို့ ဇနီးမောင်နှံ၏ နေအိမ်ခြံဝန်းမှာ တစ်ဧကခန့် ကျယ်ဝန်းပြီး ပင်မနေအိမ်မှာ စတုရန်းပေ ၇၂၃၇ ကျယ်ဝန်းသည်။
ပင်လယ်ကမ်းခြေနှင့် ပေ ၁၃၀ ခန့် ထိစပ်မှုရှိပြီး ခြံဝန်းအတွင်း စိမ်းလန်းသည့်မြက်ခင်းလည်း ပါဝင်သည်။
ပင်မနေအိမ်တွင် အိပ်ခန်း ၇ ခန်းနှင့် ရေချိုးခန်း ၉ ခန်းပါဝင်သည့်အပြင် အိပ်ခန်း ၂ ခန်းပါ ဧည့်ဂေဟာတစ်ခုလည်း ပါဝင်သည်။
နေအိမ်အတွင်း စာဖတ်ခန်း၊ အနှိပ်ခန်းနှင့် ရုပ်ရှင်ရုံတို့ ပါဝင်သည်။
ခရာ့စ်မန်ဘန်ဂလိုဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ယခင်က အငှားဈေးကွက်တင်ခဲ့ဖူးကာ တစ်လလျှင် ကန်ဒေါ်လာ ၁၂၅၀၀၀ အထိ ဈေးခေါ်ခဲ့သည်။
ယခုနေအိမ်မှာ မြေကွက်နှစ်ကွက်ကို ပေါင်းစပ်ဆောက်လုပ်ထားခြင်းဖြစ်ပြီး ကျယ်ဝန်းသည့်မြေကွက်ကို ၁၉၈၉ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၃၇၅ သန်းဖြင့် ဝယ်ယူခဲ့ပြီး ၁၂ နှစ်ခန့်ကြာမြင့်ပြီးနောက် အနည်းငယ်ကျဉ်းသော ကပ်လျက်ခြံဝန်းကို ကန်ဒေါ်လာ ၃ ဒသမ ၁၉၁ သန်းဖြင့် ဝယ်ယူခဲ့သည်။
သို့ဖြစ်၍ ယခုခြံဝန်းတစ်ခုလုံးအတွက် ကန်ဒေါ်လာ ၆၅၆၆၀၀၀ ပေးခဲ့ရသည်။
ပင်မနေအိမ်၏ မြေညီထပ်တွင် အိပ်ခန်း ၄ ခန်းပါပြီး ဒုတိယထပ်တွင် အိပ်ခန်း ၃ ခန်းပါဝင်သည်။
ဧည့်ခန်းနှင့် Master bedroom တို့တွင် မီးလင်းဖိုတစ်ခုစီပါဝင်ပြီး ခြံဝန်းကို လေဒဏ်အကာအကွယ်ရရန် စီစဉ်ထားရှိသည်။ပင်မနေအိမ်သည် ရေကူးကန်ကို ဝန်းပတ်ဆောက်လုပ်ထားမှုမှာလည်း ထူးခြားချက်တစ်ခု ဖြစ်၏။
စပီးလ်ဘတ်တို့ ဇနီးမောင်နှံသည် လော့စ်အိန်ဂျလိတွင်ပင် အခြားနေအိမ်တစ်လုံး ပိုင်ဆိုင်ထားသေးရာ ၅ ဧကကျော် ကျယ်ဝန်းသည့် နေအိမ်တစ်လုံးနှင့် စတုရန်းပေ ၆၀၀၀ ခန့်ကျယ်ဝန်းသည့်နေအိမ်တို့ ပိုင်ဆိုင်ထားသည်။
ထို့အပြင် နယူးယောက်မြို့ အရှေ့ဟမ့်ပ်တန်တွင်လည်း ၁၀ ဧကနီးပါးကျယ်ဝန်းသော နေအိမ်တစ်လုံး ပိုင်ဆိုင်ထားသေးသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)