အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားသည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၀ သန်းခန့်ဖြင့် ဝယ်ယူခဲ့ကြောင်း သတင်းများထွက်ပေါ်လာသည်။
အိုဘားမားမိသားစုသည် အိပ်ခန်း ၅ ခန်းပါ duplex ခန်းတစ်ခန်းကို သွားရောက်ကြည့်ရှုပြီးနောက် မကြာမီတွင် ဝယ်ယူလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ဝယ်လက်မည်သူဖြစ်သည်ကို ထုတ်ဖော်ကြေညာခဲ့ခြင်းမရှိသော်လည်း ကန်ဒေါ်လာ ၉ ဒသမ ၆၄ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း တရားဝင်ကြေညာထားသည်။
Gracie Square Revocable Trust ကုမ္ပဏီမှတစ်ဆင့် အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အိုဘားမားမိသားစုသည် ယခု နေအိမ်ခန်းတည်ရှိရာ နယူးယောက်မြို့၊ Upper East Side သို့ ပြောင်းရွှေ့ရန် စီစဉ်နေခြင်း ရှိ၊ မရှိကိုမူ မသိရသေးချေ။
နေအိမ်ခန်းတည်ရှိရာ အဆောက်အအုံသည် နယူးယောက်တွင် နာမည်ကျော်ပြီး မြို့တော်ဝန်၏နေအိမ်နှင့် ခဲတစ်ပစ်စာ အကွာအဝေးသာ ဝေးကွာသည်။
နေအိမ်အတွင်းပိုင်းကို Vicente Wolf က ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး Elle Décor မျက်နှာဖုံးတွင် ပါဝင်ခဲ့ဖူးသည်။
ကိုယ်ပိုင်သီးသန့်ဓာတ်လှေကားရှိပြီး အဆောက်အအုံအတွင်း ၂၉ ပေကျယ်ဝန်းသည့် ပန်းချီပြခန်း ပါဝင်သည်။မျက်နှာကျက်မှာ ၁၁ ပေခန့်အထိ မြင့်မားသည်။
သီးသန့် နားနေခန်း၊ အဝတ်အစားထားသိုခန်းနှင့် ရေချိုးခန်းတို့ပါသည့် master bedroom တစ်ခန်းပါပြီး East River နှင့် Carl Schurz Park တို့၏ အလှကို အပေါ်စီးမှ ကြည့်ရှုခံစားနိုင်သည့် မြင်ကွင်းပိုင်ဆိုင်ထားသည်။
အိုဘားမားသည် သမီးဖြစ်သူ မာလီယာကို ဟားဘတ်တက္ကသိုလ်သို့ မကြာသေးမီကပင် ကျောင်းသူသစ်အဖြစ် ပို့ဆောင်ပေးခဲ့ပြီးလည်း ဖြစ်သည်။
အဆောက်အအုံအတွင်း ဘတ်စ်ကက်ဘောကွင်းလည်း ပါဝင်သောကြောင့် ဘတ်စ်ကက်ဘောကစားခြင်း ခုံမင်သည့် အိုဘားမားမိသားစု အကြိုက်တွေ့စေမည်လည်း ဖြစ်သည်။
ထို့အပြင် ကားမောင်းဝင်နိုင်သည့် မြေအောက်ထပ် ကားရပ်နားရန် နေရာလည်း ပါဝင်ပြီး လုံခြုံရေးမှာ ထိပ်တန်းအဆင့် ရှိသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)