မြန်မာနိုင်ငံ၏ အကြီးမားဆုံးအိမ်ခြံမြေရောင်းဝယ်ငှားဝက်ဆိုက်ဖြစ်သော iMyanmarHouse.com ကို တည်ထောင်သူ ဦးနေမင်းသူသည် စွန့်ဦးနည်းပညာလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေတစ်ရပ်ကို
လာမည့် ၂၀၁၈ ခုနှစ်တွင် စတင်ထူထောင်ရန် ကြိုးပမ်းလျက်ရှိသည်။
ဦးနေမင်းသူသည် အမေရိကန်ဒေါ်လာ (၅) သန်းခန့်ဖြင့် ရင်းနှီးမြှုပ်နှံမှုကို စတင်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ဆိုသည်။အဆိုပါရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ ထူထောင်နိုင်ရန်
အတွက် ဦးနေမင်းသူသည် လက်ရှိအားဖြင့် ပြည်တွင်း လုပ်ငန်းရှင်များနှင့် ဆွေးနွေးလျက်ရှိသည်။
Myanmar Tech Ventures ဟုခေါ်သော အဆိုပါရန်ပုံငွေထူထောင်ခြင်းအားဖြင့် ပြည်တွင်း စွန့်ဦးနည်းပညာလုပ်ငန်းသစ်များအတွက် ပိုမိုကြီးမားသည့်ရင်းနှီးမြှုပ်နှံမှု ထောက်ပံ့ပေးနိုင်မည်ဟု ဦးနေမင်းသူက ယုံကြည်သည်။
အဆိုပါရင်းနှီးမြှုပ်နှံမှုရန်ပုံငွေဖြင့် တစ်နှစ်လျှင် စွန့်ဦးနည်းပညာလုပ်ငန်း ၅ ခုမှ ၁၀ ခုထံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
ဦးနေမင်းသူသည် စင်္ကာပူရှိ နန်ယန်းနည်းပညာတက္ကသိုလ် (NTU) ကျောင်းဆင်းတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ အကြီးမားဆုံးအွန်လိုင်း ကြော်ငြာကွန်ရက်ဖြစ်သော iMyanmarAds.com နှင့် မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝက်ဆိုက်ဖြစ်ကာ အိမ်ခြံမြေကြော်ငြာပေါင်း ၂၀၀,၀၀၀ ကျော်ရှိသော iMyanmarHouse.com တို့ကို တည်ထောင်ထားသူတစ်ဦးလည်း ဖြစ်သည်။ စင်္ကာပူနိုင်ငံတွင်လည်း မြန်မာကွန်ယက်အကြား လူသုံးများသော ShweRooms.com ကို တည်ထောင်ထားသူလည်း ဖြစ်သည်။
ဦးနေမင်းသူသည် အွန်လိုင်းဈေးဝယ်ဝက်ဆိုက်တစ်ခုဖြစ်သော 365Myanmar.com၊ ရန်ကုန်အခြေစိုက် အစားအသောက် အိမ်တိုင်ရာရောက်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Food2U တို့နှင့် ရန်ကုန်မြို့တွင်း အငှားယာဉ်ဝန်ဆောင်မှုကုမ္ပဏီဖြစ်သော Hello Cabs၊ စီပွားရေးလုပ်ငန်းအချင်းချင်းကို ချိတ်ဆက်ပေးသော BaganTrade.com နှင့် BaganMart.com တို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားကြောင်း သိရသည်။
အပြန်အလှန်အားဖြင့် ဦးနေမင်းသူ၏ iMyanmarHouse.com တွင် မလေးရှားအခြေစိုက် အရှေ့တောင်အာရှ၏ အကြီးမားဆုံး အင်တာနက်အုပ်စု Catcha Group က ကျောထောက်နောက်ခံပေးထားသည့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုဖြစ်သော Frontier Digital Ventures က ရင်းနှီးမြှုပ်နှံမှု ပါဝင်ပြုလုပ်ထားသည်။
၂၀၁၇ ခုနှစ်၊ မေလအထိ အချက်အလက်များအရ iMyanmarHouse.com တွင် ပြည်တွင်း အိမ်ခြံမြေလုပ်ငန်းပေါင်း ၂၀၀၀ ကျော်နှင့် ဆောက်လုပ်ရေးလုပ်ငန်း (Developer) ပေါင်း ၅၀၀ ကျော် တို့က မှတ်ပုံတင်ထားသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)