အစိုးရသစ် လက်ထက်တွင် နိုင်ငံဧရိယာ၏ ၁ ဒသမ ၉၃ ရာခိုင်နှုန်းရှိသည့် နယ်မြေ ၁၁ ခုကို သဘာဝထိန်းသိမ်းရေးနယ်မြေများ အဖြစ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါဒေသများမှာ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မဟာမြိုင်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ ဗောဓိတထောင် သဘာဝကြိုးဝိုင်း၊ ဇလုံတောင်အမျိုးသား ဥယျာဉ်၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ တနင်္သာရီအမျိုးသားဥယျာဉ်၊ လေညာအမျိုးသားဥယျာဉ်၊ လေညာ အမျိုးသားဥယျာဉ်(တိုးချဲ့)၊ ကချင် ပြည်နယ်ရှိ အီမောဘွန်းအမျိုးသား ဥယျာဉ်၊ ခါကာဘိုရာဇီအမျိုးသား ဥယျာဉ်(တိုးချဲ့)၊ မကွေးတိုင်းဒေသကြီး အတွင်းရှိ ရှင်မတောင်ကြိုးဝိုင်း၊ ချင်း ပြည်နယ်ရှိ ဗွေပါးတောင်
အမျိုးသား ဥယျာဉ်၊ ကရင်ပြည်နယ်ရှိ ဆေးတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတို့ဖြစ် ကြောင်းသိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က""အမိန့်ကြော်ငြာ စာထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာတွေကို ယခုအစိုးရ လက်ထက်မှာ အပြီးဖွဲ့စည်းသွားမှာဖြစ် ပါတယ်။ အဓိကကတော့ ဒီနေရာတွေက ဇီဝမျိုးစုံမျိုး ကွဲပေါကြွယ်ဝတဲ့နေရာတွေ ဖြစ်ပါတယ်""ဟု သြဂုတ် ၁၆ ရက်တွင် ပြောသည်။
မြန်မာနိုင်ငံတွင် ၁၉၉၄ ခုနှစ် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေအရ သတ်မှတ်ထား သည့်သဘာဝနယ်မြေ ၄၀၊ စုစုပေါင်း ဧရိယာ ၁၅၁၂၇ ဒသမ ၆၁ စတုရန်းမိုင် ရှိပြီး နိုင်ငံဧရိယာစုစုပေါင်း၏ ၅ ဒသမ ၇၉ ရှိပြီး ယင်းတို့ထဲမှ အာဆီယံအမွေ အနှစ်ဥယျာဉ်များမှာ တနင်္သာရီတိုင်း
ဒေသကြီးအတွင်းရှိ လန်ပိအဏ္ဏဝါအမျိုး သားဥယျာဉ်၊ ကချင်ပြည်နယ်ရှိ ခါကာ ဘိုရာဇီအမျိုးသားဥယျာဉ်၊ အင်းတော် ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ချင်းပြည်နယ်ရှိ နတ်မတောင်အမျိုးသား ဥယျာဉ်၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ မိန်းမလှကျွန်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ ရှမ်းပြည်နယ်ရှိ အင်းလေးကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့ တောများတို့ဖြစ်ကြောင်း သိရသည်။
Credit: Democracytoday