အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်တွင် ရေတံခွန်ကြီး ၂ ခု၊ တစ်မိုင်ခန့်ရှည်လျားသည့် ကိုယ်ပိုင်စမ်းချောင်းတစ်ခုနှင့် ဧက ၆၀ ခန့်ကျယ်ဝန်းသော ခြံဝန်းကြီးနှင့် နေအိမ်ကို ဒေါ်လာ ၉ သိန်းကျော်မျှဖြင့် ရောင်းချရန် ဈေးကွက်တင်လာကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
တည်နေရာမှာ အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ဖျားတွင် တည်ရှိသော ကာဇီနိုဗီယာအမည်ရှိ မြို့ကလေး၏ မြို့ပြင်တွင် ဖြစ်သည်။
ဧက ၆၀ ကျယ်ဝန်းသော ခြံဝန်းကြီးအတွင်း ၆၅ ပေနှင့် ၅၂ ပေ အသီးသီးမြင့်မားသော ရေတံခွန် ၂ ခုပါဝင်သည့်အပြင် တစ်မိုင်ခန့် ရှည်လျားသော စမ်းချောင်းတစ်ခုလည်း ပါဝင်သည်။
ယင်းခြံဝန်းကို မိသားစုတစ်ခုတည်းမှ ၁၉၆၁ ခုနှစ်ကတည်းက ပိုင်ဆိုင်ထားခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် ကန်ဒေါ်လာ ၉၂၅၀၀၀ မျှဖြင့် အရောင်းဈေးကွက်တင်လာခြင်းဖြစ်ရာ နယူးယောက်မြို့တွင် ကွန်ဒိုတစ်ခန်းဖိုးပင် မရှိချေ။ခြံဝန်းကျယ်ကြီး မပါဝင်ဘဲ ပင်မနေအိမ်သီးသန့်လည်း ဝယ်ယူနိုင်ပြီး ဈေးနှုန်းမှာ ကန်ဒေါ်လာ ၆၉၉၀၀၀ ဖြစ်သည်ဟု ဆိုသည်။
အရောင်းဈေးကွက်တင်သည့် အိမ်ခြံမြေအကျိုးဆောင် မိုက်ကယ် ဖရန်ကလင်က ပြောကြားရာတွင် ယခုနေအိမ်ကို ဝယ်ယူခြင်းမှာ ကိုယ်ပိုင်သဘာဝသစ်တော၊ ပန်းဥယျာဉ်တစ်ခုပိုင်ဆိုင်လိုက်သကဲ့သို့ဖြစ်ကြောင်းလည်း ပြောကြားသည်။
မွန်းကြပ်လှသော မြို့ပြလူနေမှုဘဝမှ လုံးဝလွတ်မြောက်နိုင်မည့် နိဗ္ဗာန်ဘုံတစ်ခုလည်းဖြစ်သည်ဟု ဖရန်ကလင်က တင်စားပြောဆိုသည်။
ပင်မနေအိမ်မှာ အရွယ်အစားအားဖြင့် သေးငယ်သော်လည်း အဓိကဆွဲဆောင်မှုမှာ ဝန်းကျင်ရှိ ရေတံခွန်များကို တိုက်ရိုက်ကြည့်ရှုခံစားနိုင်မည့် ကြမ်းပြင်မှ မျက်နှာကျက်ထိမြင့်မားသည့် ပြတင်းများဖြစ်သည်။
ပထမထပ်တွင် ဧည့်ခန်း၊ ညစာစားခန်းနှင့် မီးဖိုဆောင်တို့ ပါဝင်ပြီး အခန်းတိုင်းဆီမှ ရေတံခွန်းများရှိရာသို့ ရှုမြင်နိုင်သည့် မြင်ကွင်းရှိသည်။
နေနေအိမ်အတွင်း မီးလင်းဖို ၂ ခုပါဝင်ပြီး ပထမထပ်ရှိ master bedroom အတွင်း မီးလင်းဖိုတစ်ခုနှင့် ရေစိမ်ကန်တစ်ခု ပါဝင်သည်။
ပထမထပ်တွင် အခန်းပိုတစ်ခန်း ပါဝင်ပြီး ရုံးခန်း(သို့မဟုတ်) အိပ်ခန်းပိုအဖြစ် အသုံးပြုနိုင်သည်။အပေါ်ထပ်တွင် ဒုတိယမြောက် master bedroom တစ်ခန်း ပါဝင်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)