အချိန်သည်ကား ဒုတိယကမ္ဘာစစ်မီးကြီးတောက်လောင်နေချိန် ၁၉၄၀ ပြည့်လွန်ကာလများဖြစ်လေသည်။ယခုဖြစ်ရပ်ဖြစ်ပွားခဲ့သည့်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၏ နာမည်ကျော် မန်ဟက်တန်အရပ်တွင် ဖြစ်၏။မန်ဟက်တန်အရပ် ၊ ကလင်တန်လမ်း၊
အမှတ် ၅၄၁ တွင်ရှိသော အဆောက်အအုံကြီးတစ်ခု၏ တစ်ခုသော
အခန်းကို ရှေ့နေ ၂ ဦးဖြစ်သော ဂျူးလိယပ်စ် ဖရိုင်လီချာနှင့် မာတင်အော့စ်လန်ဒန်တို့နှစ်ဦးက ပိုင်ဆိုင်ခဲ့ကြသည်။
တစ်နေ့တွင်ကား ရှေ့နေ ၂ ဦးသည် အဆိုပါအခန်းကို
Dime Savings အမည်ရှိ ဘဏ်တွင် ကန်ဒေါ်လာ ၃၃၀၀ ဖြင့်
ပေါင်နှံခဲ့၏။ယင်းသို့ ပေါင်နှံပြီးနောက် ပြန်လည်ရွေးယူခဲ့ခြင်း မရှိ။ သို့တိုင် နေအိမ်ခန်းကိုလည်း အဆုံးရှုံးမခံနိုင်။
သို့ဖြင့် အခြားသူကို အဆိုပါနေအိမ်ခန်း လက်ဆောင်အဖြစ်လွှဲပြောင်းပေး
ရန် ဆုံးဖြတ်လိုက်လေသည်။နယူးယောက်ရှိ ဥပဒေအရ မည်သည့်အရာဝတ္ထုကိုမဆို သက်ဆိုင်သည့်ပုဂ္ဂိုလ်မသိရှိစေကာမူ လွှဲပြောင်းပေးအပ်နိုင်ခွင့် ပေးအပ်ထားသည်။
၎င်းတို့နှစ်ဦး အခန်းလွှဲပြောင်းပေးလိုက်သူကား အခြားမဟုတ်။
ကမ္ဘာကြီးကို မီးလောင်တိုက်သွင်းလျက်ရှိနေသည့် နာဇီအာဏာရှင် ဟစ်တလာနှင့် ဆိုဗီယက်ခေါင်းဆောင် စတာလင်တို့ နှစ်ဦးသို့ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်။
Dime Savings ဘဏ်ကလည်း ဥပဒေအရ ပိုင်ရှင်သစ်များထံဆက်သွယ်
ရန်နှင့် လူနေခန်းကို ပြန်လည်ရွေးယူမည်လောဟူသည်ကို စုံစမ်းရန် ပိုင်ရှင်သစ်များနှင့် ဆက်သွယ်နိုင်ရန် ကြိုးပမ်းရလေသည်။ဘဏ်က
ဤအမှုကို ဘရွတ်ကလင်းရှိ ဥပဒေအဖွဲ့အဖြစ်သော Hutton & Holahan
ထံ အပ်နှံလိုက်၏။
Hutton & Holahan ဥပဒေအဖွဲ့က နယူးယောက်ရှိ ဆိုဗီယက်နှင့် ဂျာမနီ ကောင်စစ်ဝန်ရုံးများသို့ စာရေးသားဆက်သွယ်ကာ ဟစ်တလာနှင့် စတာလင်တို့နှစ်ဦးအနေဖြင့် နယူးယောက်တိုက်ခန်းကိစ္စသိ၊ မသိ စုံစမ်းမေးမြန်းရလေသည်။
ယင်းသို့ ဆက်သွယ်သော်လည်း သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးများမှ အကြောင်းပြန်ချက် တစုံတရာမရှိခဲ့ချေ။
ထို့ကြောင့် ဥပဒေအဖွဲ့က ဘိလစ်စာရေးကြီးတစ်ဦးကို စတာလင်နှင့် ဟစ်တလားတို့အား ဆင့်ခေါ်စာပေးပို့စေခဲ့သည်။
ဘိလစ်စာရေးကြီးလည်း လိပ်စာပါ အမှတ် ၅၄၁၊ ကလင်တန်လမ်းသိ့ ရောက်သောအခါ နေအိမ်ခန်းတံခါးကျိုးပဲ့ ပျက်စီးနေသည်ကို တွေ့ရပြီး အခန်းတွင်းတွင် ဟစ်တလာနှင့် စတာလင်တို့ကိုမူ မတွေ့ခဲ့ရှာချေ။
သို့နှင့် ၁၉၄၀ ပြည့်နှစ်၊ သြဂုတ်လ ၇ ရက်ထုတ် Brooklyn Daily Eagle နေ့စဉ်သတင်းစာတွင် ဟစ်တလာနှင့် စတာလင်တို့ကို နယူးယောက်တိုက်ခန်းကိစ္စလာရောက် ဖြေရှင်းရန် ဆင့်ခေါ်စာထုတ်ပြန်ခဲ့ပြန်သည်။
Dime Savings ဘဏ်က ဟစ်တလာနှင့် စတာလင်တို့ထံမှ အကြောင်းပြန်ချက်ကို ရက်အတန်ကြာစောင့်ဆိုင်းနေခဲ့သည်။
သို့သော ရက်သတ္တ ၃ ပတ်ကြာသည့်တိုင် အဆိုပါအာဏာရှင် ၂ ဦးထံမှ ဆက်သွယ်လာခြင်းမရှိချေ။
သို့ဖြင့် Dime Savings ဘဏ်က မန်ဟက်တန်တိုက်ခန်းကို အပေါင်ဆုံးအဖြစ် သိမ်းဆည်းလိုက်တော့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)