လန်ဒန်အခြေစိုက်ဗိသုကာပညာရှင် Margot Krasojevic ကအတွင်းမွန်ဂိုလီးယားဒေသရှိဝူလန်မူလန်မြစ်ကိုဖြတ်ကူးရန်ဆောက်လုပ်မည့်တံတားကိုဒီဇိုင်းရေးဆွဲပေးခဲ့ပြီးတံတားသည်အစိတ်အပိုင်းများကို ခေါက်သိမ်းကာမြစ်ကြောင်းတစ်လျှောက်နေရာအသစ်သို့ရွေ့လျားသွားလာနိုင်သောကြောင့်ပုစဉ်းတံတားဟုအမည်ပေးထားကြောင်းသိရသည်။တံတားကြီးကိုသင်္ဘောဖြင့်ဆွဲသွားခြင်းသို့မဟုတ်ထိန်းချုပ်မောင်းနှင်ခြင်းဖြင့်ရွေ့လျားအောင်ပြုလုပ်နိုင်သည်။
တံတားကိုခေါက်သိမ်းနိုင်အောင်အစိတ်အပိုင်းပေါင်းများစွာ ဆက်စပ်တည်ဆောက်မည်ဖြစ်ပြီးရွက်လှေကဲ့သို့စွမ်းရည်မျိုးရှိစေရန် typology နည်းပညာသစ်တစ်မျိုးကိုအသုံးပြုထားသည်။မြို့ခံအစိုးရအဖွဲ့ကသမားရိုးကျပုံစံများမှခွဲထွက်နိုင်သည့်တံတားဒီဇိုင်းကိုရေးဆွဲပေးရန်တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။တံတားတွင်ရေပေါ်၌လွင့်မျောနိုင်သည့်ပင်မအပိုင်းတစ်ပိုင်းပါဝင်ပြီး၎င်းအပိုင်းကသုံးလမ်းသွားလူကူးတံတားကို အဓိကအထောက်အပံ့ပေးထားသည်။
ကျောက်ချရပ်နားထားခြင်းသို့မဟုတ်ရွေ့လျားသွားလာနေခြင်းစသည့်အချက်များပေါ်တွင်မူတည်၍တံတားသည်ကျုံ့ခြင်းနှင့်ဆန့်ခြင်းတို့ပြုလုပ်နိုင်သည်။တံတား၏လျှောက်လမ်းကိုအမျိုးမျိုးပြုပြင်ပြောင်းလဲနိုင်သောကြောင့်လှေဆိပ်များ၌လည်းဆိုက်ကပ်နိုင်သည်။
တံတား၏ဟိုက်ဒရောလစ်လျှောက်လမ်းကိုရေပေါ်တွင်ရွေ့လျားနိုင်သောပင်မကိုယ်ထည်ကထောက်ပံ့ပေးထားပြီးပင်မကိုယ်ထည်ပေါ်တွင်ဟိုက်ဒရောလစ်လျှောက်လမ်းသည်အသုံးပြုမည့်အခြေအနေပေါ်တွင်မူတည်၍ လည်ပတ်ပေးနေမည်ဖြစ်သည်။
လျှပ်စစ်မော်တာမီးအားပေးစက်သုံးလုံးကို စွမ်းအင်ပေးရန်လျှောက်လမ်းတစ်လျှောက်တွင်ဆိုလာပြားများလည်းတပ်ဆင်ထားမည်ဖြစ်သည်ဟုသိရသည်။
Credit: Pyi Myanmar