Oxford Business Group ၏ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ၌ လုပ်ကွက်ငယ်လယ်သမားတို့၏ အဓိကအခက်အခဲသည် ဘဏ်ချေးငွေရရှိရေးဟု မှတ်ချက်ပြုထားပါသည်။ အစိုးရက တောင်သူ လယ်သမားတို့ထံ ထုတ်ချေးသော ဘဏ်ချေးငွေသည်လည်း စိုက်ပျိုးချိန်အချိန်မီရရှိရန် ခက်ခဲလေ့ရှိသည်ကိုလည်း ဤအစီရင်ခံစာက ထောက်ပြထားပါသည်။
အမှန်တကယ်၌မူ အထက်၌ ရည်ညွှန်းထားသည့် ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအရ မြန်မာနိုင်ငံ၌ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုရရှိနှုန်းသည် သိသိသာသာ နည်းပါးလျက်ရှိနေပါသည်။
မြန်မာနိုင်ငံလူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော်သည် ဘဏ်လုပ်ငန်းနှင့် အဆက်အစပ်မရှိ ဖြစ်နေပါသည်။ အဆိုပါ အခြေအနေသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မလိုလားအပ်သော အခြေအနေဖြစ်သည်ကို တင်ပြလိုခြင်း ဖြစ်ပါသည်။ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဘဏ်လုပ်ငန်းတို့ ခိုင်မာတောင့်တင်းရန် လိုအပ်ပါသည်။
ဤသို့သော အခြေအနေမျိုး၌ ဩဂုတ်လ ၁၅ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် နိုင်ငံအတွင်းရှိ ပုဂ္ဂလိကဘဏ် ၂၂ ခုမှ ဥက္ကဋ္ဌများအပါအဝင် တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါ သည်။ နေပြည်တော် ရှိ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေး ခဲ့ခြင်း ဖြစ်ပါသည်။
သတင်းမီဒီယာ ဖော်ပြချက်တို့အရ တွေ့ဆုံဆွေးနွေးခဲ့သော ကိစ္စရပ်တို့၌ လယ်ယာမြေများကို ဘဏ်၌ အပေါင်ပစ္စည်းအဖြစ်ထား၍ ချေးငွေ ထုတ်ပေးရေးကိစ္စလည်းပါဝင်ကြောင်း သိရှိရပါသည်။ ထိုမျှမက အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်များပါဝင်ဆောင်ရွက်ရမည့် အခန်းကဏ္ဍကို လည်း ဆွေးနွေးခဲ့ပါ သည်။ တခြားသော ဆွေးနွေးခဲ့သည့် အကြောင်းအရာတို့၌ ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်တို့ အကြား ဆက်ဆံရေးကိစ္စရပ်နှင့် ဗဟိုဘဏ်၏ မူဝါဒကဲ့သို့သော ကိစ္စရပ်များလည်း ပါဝင်ပါသည်။ ခြုံ၍တင်ပြရပါက တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဘဏ်လုပ်ငန်းအခန်း ကဏ္ဍမှ ဆောင်ရွက်ရမည့် ကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်။
သတင်းမီဒီယာဖော်ပြချက်တို့အရ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရှေ့လာမည့် စက်တင်ဘာလ၌ ပုဂ္ဂလိကဘဏ်တို့၏ ဥက္ကဋ္ဌများအပါအဝင် တာဝန်ရှိပုဂ္ဂိုလ်တို့နှင့် ထပ်မံ ဆွေးနွေးသွားမည် ဖြစ်ပါသည်။ နိုင်ငံတော်ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်တို့အကြား ဟန်ချက်ညီပူးပေါင်းဆောင်ရွက်မှု တို့ကို မြှင့်တင်ပေး မည့် ဆွေးနွေးမှုများဟု နားလည်ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်၍ နိုင်ငံတော်နှင့် ပုဂ္ဂလိကဘဏ်တို့ ပူးပေါင်းဆောင်ရွက်မှု ဟန်ချက်ညီခိုင်မာရေးကို ကြိုးပမ်းလာခြင်းသည် တိုင်းပြည်၏ အနာဂတ် စီးပွားရေးအတွက် အားရစရာခြေလှမ်းဖြစ် ပါသည်။ နိုင်ငံအတွင်းရှိ ပုဂ္ဂလိကဘဏ်တို့ အနေဖြင့်လည်း ဤအားရစရာ ခြေလှမ်းတို့ကို အားပြုလျက် သက်ဆိုင်ရာဘဏ်တို့၏ အကျိုးစီးပွားကိုသာမက တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး ၏ အကျိုးစီးပွားကိုပါ ဖြစ်ထွန်းစေမည့် အကြံဉာဏ်ကောင်းများ တင်ပြပေးကြပါရန် လေးစားစွာ တိုက်တွန်းတင်ပြအပ် ပါသည်။ ။
Credit: MOI Webportal Myanmar