ကမ္ဘောဒီးယားနိုင်ငံတွင် Lower Sesan II dam အမည်ရှိ ဆည်စီမံကိန်းအတွက် ကျေးရွာ ၂ ခု ပြောင်းရွှေ့စေခဲ့ရာ ပြောင်းရွှေ့ပေးခဲ့ရသော ရွာသားတို့အတွက် ဆောက်လုပ်ပေးနေသော အိမ်ရာစီမံကိန်းမှ ဆောက်လုပ်ရေးလုပ်သားများမှာ
လုပ်အားခမရကြသည်မှာ ၆ လခန့်ရှိပြီဖြစ်သောကြောင့် အကူအညီပေးပါရန် ဒေသတွင်းအာဏာပိုင်တို့ကို တောင်းဆိုထားကြောင်း ဖနွမ်းပင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
စရီကောဒေသအကြီးအကဲ စီးယက်ခ် မဲခေါင်၏ ပြောကြားချက်အရ ယခုဖြစ်ရပ်ကို အလုပ်သမားများက တင်ပြထားသည်မှာ ရက်သတ္တပတ်များစွာကတည်းကဖြစ်ကြောင်း၊ ဆည်တည်ဆောက်သည့် ကုမ္ပဏီက ရွာသားများအတွက် အိမ်ယာသစ်ဆောက်လုပ်ရန် ငှားရမ်းပေးထားသော ကန်ထရိုက်တာ ၃ ဦးသည် အလုပ်သမားများကို လုပ်အားခမပေးသည်မှာ ၅ လမှ ၆ လခန့်အထိ ရှိကြောင်း တိုင်တန်းကြသည်ဟု ပြောကြားသည်။
စတုန်သရမ်ပြည်နယ်၊ စရီကောကျေးရွာတွင် ပြန်လည်အခြေချပေးမည့် အိမ်ယာစခန်းဆောက်လုပ်ရာတွင် ပါဝင်သည့် အလုပ်သမား ၂၁ ဦးခန့်က ပြောကြားရာတွင် ၎င်းတို့၏ လုပ်အားခများစွာ မရရှိကြောင်း ပြောသည်ဟု ဆိုသည်။
ဆည်စီမံကိန်းအတွက် ရွှေ့ပြောင်းစေခဲ့သော ကျေးရွာ ၂ ခုမှ ရွာသားများကို အနီးရှိ နေရာသစ်တွင် ပြောင်းရွှေ့အခြေချကြရန် ကုမ္ပဏီက ကမ်းလှမ်းခဲ့သည်။
“တချို့က ကန်ဒေါ်လာတန်ဖိုးနဲ့ဆို ၅၀ လောက်၊ တချို့က ၂၅၀ လောက်၊ တစ်ချို့ဆိုရင် ၅၀၀ ကျော်လောက်အထိ ကန်ထရိုက်တာတွေဆီမှာ ရဖို့ရှိနေတယ်” ဟု မဲခေါင်က ပြောကြားပြီး ယင်းကန်ထရိုက်တာများမှာ ထွက်ပြေးသွားသည်ဟု ယူဆရကြောင်းလည်း ၎င်းက ပြောကြားသည်။
“အခု သူတို့ဘယ်မှာလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး” ဟု မဲခေါင်က ဆက်လက်ပြောကြားသည်။Hydro Power Lower Sesan 2 Co Ltd မှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ချဟေးမန်က ပြောကြားရာတွင် ကုမ္ပဏီအနေဖြင့် ကန်ထရိုက်တာများနှင့် ဆက်သွယ်နေပြီး တစ်ဦးမှာ စတုန်သရမ်ပြည်နယ်သို့ ပြန်လာနေပြီဖြစ်ပြီး အခြားတစ်ဦးမှာမူ မကျန်းမမာဖြစ်နေကြောင်း ပြောကြားသည်။
၄၀၀ မဂ္ဂါဝပ်လျှပ်စစ်ထုတ်လုပ်နိုင်မည့် ဆည်သည် လာမည့်လတွင် လုပ်ငန်းစတင်မည်ဟု ခန့်မှန်းရသည်။စတုန်သရန်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူး ချီယာ သာဗာရစ်သ်က ပြောကြားရာတွင် ယခုပြဿနာကို ဖြေရှင်းရန်အတွက် ကုမ္ပဏီကို အကြံပြုထားကြောင်း ပြောကြားသည်။“ဒါကို မဖြေရှင်းဘူးဆိုရင် မကောင်းမှုတစ်ခု ဖြစ်သွားပါလိမ့်မယ်။ သူတို့အားလုံးဟာ မရှိဆင်းရဲသားတွေဖြစ်ပါတယ်” ဟု သာဗာရစ်သ်က ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)