ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ ညီမဖြစ်သူ Hun Seng Ny ကို မြေကွက်လိမ်လည်ရောင်းချခဲ့သူကို လိမ်လည်မှုဖြင့် စွဲချက်တင်လိုက်ကြောင်း တရားရုံးအရာရှိတစ်ဦးက ပြောကြားးသည်ဟု ကမ္ဘောဒီးယားအခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
လိမ်လည်မှုဖြင့် စွဲချက်တင်ခံရသူမှာ ကမ်ပေါင်သွမ်ပြည်နယ်မှ လက်ထောက်ခရိုင်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး ကန်ဒေါ်လာ၂ သန်းခန့် တန်ကြေးရှိသော မြေယာအရောင်းအဝယ်ကိစ္စတွင် လိမ်လည်မှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ကမ်ပေါင်သွမ်ပြည်နယ်၊ ဆန်တပ်ခရိုင်၏ လက်ထောက်အုပ်ချုပ်ရေးမှူး အင်မ် ချဟွန်ကို စွဲချက်တင်ရန် စောင့်ဆိုင်းနေချိန်တွင် ပရေးဆာအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဖနွမ်းပင်မြူနီစပယ် တရားရုံးမှပြောရေးဆိုခွင့်ရသူ ဝိုင်ယင်က ပြောကြားသည်။
အင်မ်ချဟွန်သည် Hun Seng Ny ကို ၂၀၁၅ ခုနှစ်အတွင်း မြေဟက်တာပေါင်း၁၅၀၀ ခန့်ကို ကန်ဒေါ်လာ ၂ သန်းကျော်ဖြင့် ရောင်းချခဲ့ပြီးနောက် အမည်လွှဲပြောင်းပေးခဲ့ခြင်းမရှိသောကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ် ကျခံရဖွယ်ရာ ရှိသည်။
ချဟွန်းက ပြောကြားရာတွင်လွန်ခဲ့သောနှစ်အတွင်း Hun Seng Ny ထံ အရောင်းအဝယ်ဆိုင်ရာ စာရွက်စာတမ်းများ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ကြောင်း၊ သို့ရာတွင် အမည်ပြောင်းလဲခြင်းဆိုင်ရာကိစ္စများကို စီစဉ်ပေးခဲ့ရခြင်းမရှိသေးကြောင်း၊ယင်းသို့ဖြစ်ရခြင်းမှာ မြေယာဝန်ကြီးဌာနမှ အရာရှိများမှာ ဇွန်လ ၄ ရက်ဒေသတွင်း ရွေးကောက်ပွဲတွင် အာရုံရောက်နေကြခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆန်တွပ်ခရိုင်အုပ်ချုပ်ရေးမှူး ယူအော့စ် ပန်ဟာရစ်သ်က ပြောကြားရာတွင်လည်း အဆိုပါမြေကွက်များမှာ Hun Seng Ny ထံ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။
“ချဟွန်ဘာကြောင့် စွပ်စွဲခံရသလဲဆိုတာ ကျွန်တော်မသိဘူး။ ဘာကြောင့်လဲဆိုတော့ မြေဟက်တာ ၁၅၀၀က Hun Seng Ny ဆီကို ချဟွန်ရဲ့ အဖွဲ့က အဲဒီအချိန်ကတည်းက လွှဲပြောင်းပေးခဲ့ပြီးပါပြီ။ Hun Seng Ny ရဲ့ ကုမ္ပဏီက လုပ်ငန်းတွေ အကောင်အထည်ဖော် နေပြီလည်း ဖြစ်ပါတယ်” ဟု ပန်ဟာရစ်သ်က ဆက်လက်ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)