မကြာသေးခင်သော ကာလက လယ်ယာမြေသိမ်းဆည်းခြင်း ပြဿနာတစ်ခုကို သတင်းစာ ရှင်လင်းပွဲ ပြုလုပ်လို၍ ဖိတ်ကြားသဖြင့် သွားခဲ့သည်။ ရွှေပြည်သာမြို့နယ် ကွင်းအမှတ်-၂၈၉ A မှ လယ်သမား ၂၄ ဦးမှ စုပေါင်း ရှင်းလင်းပွဲပြုလုပ်ခြင်းဖြစ်သည်။ ထိုကွင်းအမှတ်သည် ၀ါးတရာ မြောက်ကွင်း ဖြစ်ပြီး ဟိုရှေးဘိုးစဉ်ဘောင်ဆက်က ခေတ်အဆက်ဆက်က လယ်လုပ်ကိုင် စားသောက်နေသော နေရာများဖြစ်ပြီး လယ်သမား အများပိုင်ဖြစ်ပြီး သစ်တောမြေ မဟုတ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ကြသည်။
နိုင်ငံတော်အစိုးရမှ စိုက်ပျိုးစရိတ်၊ ချေးငွေများထုတ်ပေးခဲ့ပြီး၊ ရေခွန်၊ တာ တမံခွန်နှင့် မြေခွန်များကို ကျသည့် အခွန်ထမ်းဆောင်ခဲ့ပြီး နေထိုင်စိုက်ပျိုးလာခဲ့ရာ ယခုထိုမြေသည် သစ်တော ပိုင်မြေဖြစ်ပြီး နောက်ထပ် သစ်စက် ခြောက်ခု ဆောက်လုပ်လျက် ရှိခဲ့သည်ဟု ရှင်းလင်းပြောကြားခဲ့သည်။
ထိုနေရာတွင် လယ်သမားအများစုသည် ရိုးသားသူများဖြစ်ပြီး လယ်လုပ်ခြင်းအလုပ်ကို ဓားမဦးချ လုပ်ကိုင်လာကြသူများဖြစ်သည်။
ပိုင်ဆိုင်မှုကိုလည်း အငြင်းမပွား “ဒီကန်သင်းကနေ ဟိုမှာမြင်နေရတဲ့ ကန်သင်းရိုး၊ ချောင်းစပ်နားက ကုက္ကိုပင် အဲ့ဒါ မင်းပိုင်တာ၊မောင်မြကတော့ အဲ့ဒီကုက္ကိုပင်ကနေ ဟိုဘက်က ချောင်းစပ်ဘေးက ကန်သင်း အထိပိုင်တာ” ဟူသော အသုံးအနှုန်းဖြင့် ဘိုးဘေးဘီဘင် လက်ထက်က ပိုင်ဆိုင်မှုကို ခွဲကြသည်။ နောက် လယ်ခွန်ကောက်သည့်အခါ “မင်းကကွင်းအမှတ် ဘယ်လောက် အကျယ်က ဒီလောက်၊ အဲ့ဒီတော့အခွန်နှစ်ကျပ်ပေးရမယ်” ဟူသော အသုံးဖြင့် ယခင်က သတ်မှတ် ကောက်ခံသည်။ လက်တစ်ဝါးစာ စာရွက်လေးဖြင့် ဒါငါ့မြေ၊ ငါတို့ ပိုင်တဲ့မြေ အစရှိသဖြင့် ဂုဏ်ယူ စွာ နေ ထိုင်ခဲ့ကြသည်။
ထို့နောက် တပ်မတော် အစိုးရလက်ထက်ရောက်သောအခါ လမ်းတံတား၊ မြို့သစ်များ၊ စက်မှုဇုံများဖြင့် နိုင်ငံတော်ဖွံ့ဖြိုးရန် ဟူသော ခေါင်း စဉ်အောက်တွင် ယခင် ဓားမဦးချ လယ်လုပ်ခဲ့သော လယ်မြေများအား သိမ်းဆည်းဆောင်ရွက်သည်။ လယ်မြေအားလုံးတွင် ယခုအချိန်ထိ ပြည်သူများ နားမလည်ခြင်းမှာ မြေများကို စည်ပင်ပိုင်သည်၊ အိုးအိမ် ပိုင်သည်၊ ကြေးတိုင်နှင့် မြေစာရင်းပိုင်သည်ဟူသော ခေါင်းစဉ်အောက်တွင် မြေစာရင်းများပျောက်ဆုံးနေပြီး၊ မိမိပိုင်ဆိုင်သည်ဆိုသော လယ်မြေ၊ ယာမြေများအား၊ မည်သူ့အားကိုးဖြင့် ပိုင်ဆိုင်မှု လျောက်ထားရမည်ကို မသိသူက များလှပေသည်။
ထိုအချက်များသည် စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရနှင့် နီးစပ်သော တပ်မတော်အရာရှိများ၊ အဘများနှင့် နီးစပ်သူများမှ အိုးအိမ်မြေ စာရင်းတွင်လွတ်သော မြေနေရာများကို ဦးပိုင်၊ အဘပိုင် စီမံကိန်းပိုင်၊ စက်မှုဇုံခေါင်းစဉ်တပ်ကာ ရယူခဲ့ကြသည်။ ထိုအခါမြေပြင်တွင်အမှန်တကယ် လယ်ယာ လုပ်ကိုင်သူများက သူတို့ပိုင်မြေ၊ ဦးသူယူခဲ့သော ဦးပိုင်၊ အဘပိုင်၊ စီမံကိန်းပိုင်၊ စက်မှုဇုံပိုင်များဖြင့် ပြဿနာများ ဖြစ်လာကြသည်။
ထိုစဉ်က စစ်အာဏာရှင် အုပ်ချုက်မှု ဖြစ်၍ မိမိတို့ အသက်ကို စိုးရိမ်ကြောက်လန့်ပြီး နေထိုင် လာခဲ့ရသောကြောင့် နွားလေးပိုက်၊ တဲလေး ဖျက်ပြီး ဖယ်ရှားခဲ့ကြရသည်။ ထိုဖယ်ရှားခံ လယ်မြများမှ စက်မှုဇုံ ဟူသော မြေနေရာတွင် အမှန်တကယ် လုပ်ကိုင်လိုသူများ မရ ရှိခြင်းကြောင့် ပြန်လည် ၀ယ်ယူခြင်းများ ပြုလုပ်ခဲ့ကြရသည်။ ထိုမြေများ စက်မှုဇုံမလုပ်လျှင် ပြန်သိမ်းမည်ဟု ဆိုခြင်းကြောင့် ဂိုထောင်များ ဆောက်ပြီး ဗန်းပြစက်မှုလုပ်ငန်းဖြင့် ဂိုထောင်များ ငှားရမ်းခြင်း အလုပ်ကို လုပ်ကိုင် လာကြသည်။
စက်မှုဇုံမြေကွက်များတွင် ဂိုထောင်အငှားမြေအငှားများပေါများလာခဲ့သည်။ “လှိုင်သာယာစက်မှုဇုံမှာ ပေ၅၀၊ ၅၅ပေ PW ဂိုထောင်ကိုတစ်လလျှင် ရှစ်သိန်း နဲ့ ငှားဖို့ရှိတယ် မြေအကျယ်က ပေ၅၀၊ ၁၀၀ပေမှာ ဂိုထောင် ပေ၃၀၊ ၈၀ပေ အကျယ်PWကို ကျပ်၁၂ သိန်းနဲ့ ငှားဖို့ရှိတယ် ကျွန်တော်တို့ အကျိုးဆောင်ရုံးကို အပ်ထားတာရှိတယ်” ဟု စက်မှု ဇုံမြေကွက် များကိုသာ သီးခြား ရောင်းငှားလုပ်ကိုင်သူ ကိုးကန့်ဟွာကွေ့ အိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်းမှ မိတ်ဆွေတစ်ဦးက ပြောကြားခဲ့သည်။
စက်မှုဇုံနယ်မြေကွက်များသည် လှိုင်သာယာ စက်မှုဇုံတစ်ခုတည်း မဟုတ်ဘဲ ရွှေလင်ပန်း၊ ဒဂုံဆိပ်ကမ်း၊ သာဓုကန်၊ ငွေပင်လယ်၊ ၀ါးတရာ၊ အနော်ရထာမြစိမ်းရောင်၊ ရွှေသံလွင်၊ ဒဂုံအရှေ့ပိုင်း၊ သာကေတ၊ သီလ၀ါစသည့်နေရာများတွင်ပင် ရောင်း၊ ၀ယ်၊ ငှားများပြုလုပ်လျက် ရှိကြောင်း လေ့လာသိရှိရပါသည်။
ထိုထက်ပိုဆိုးသည်မှာ နိုင်ငံတော်၏စပါးကျည်ဟု တင်စားခဲ့သော ဧရာဝတီ တိုင်းဒေသကြီးတွင်ပင် လယ်ယာမြေများအား နိုင်ငံတော်မှာ သိမ်း ဆည်းခြင်း၊ အနိမ့်ကွင်းများတွင် ငါးကန်များပြုလုပ်ခြင်း၊ ကာလမ်းဘေး တစ်ဖက်တစ်ချက်တွင် ယခင်ကမြေပြင်ထိကွေးညွှတ်လု အသီးကောင်း ခဲ့သော လယ်မြေများတွင် မုန့်ဟင်းခါးဆိုင်များ မှ နေရာကျယ် ကျယ် ယူပြီး ဆောက်လုပ်လာသည်ကို တွေ့ရသည်။
“အဲ့ဒါ ကျွန်တော့်လယ်လေ၊ ကားလမ်းနဲ့လည်းနီးတယ်။ အရင်က ဒီနေရာ စပါးသိပ်ကောင်းတာဗျ။ အထွက်ကောင်းတယ်။ ဒါပေမဲ့မြို့ပေါ်ကလူတွေက ဆင်းဆင်းလာပြီးရောင်းမလား၊ ရောင်းမလားနဲ့ အကြိမ်တစ်ရာ မကတော့ဘူး။ ကျုပ်လဲ သူတို့ မပေးတဲ့ဈေးကိုပြောလိုက်တယ်။ အဲ့ဒါလည်း ပေးတာပဲ၊ နောက်တစ်ယောက်လာတော့ နှစ်ဆတိုး ပြောတယ်။ အဲ့ဒါလည်းပေးတာပဲ၊ ပေ၆၀၊ ၂၀ပေလို လမ်းဘေးမှာသိန်း ၅၀ လောက်ပြောလိုက်တာ အကွက်အများကြီး ၀ယ်သွားတယ်။ အဲ့ဒါနဲ့ ကျုပ်လဲအခု ကားဝယ်စီးလိုက်ပြီဗျာ။ တစ်သက်လုံး ရွှံ့ထဲနေလာရတာ အခုမှကားစီးရတာ၊” ဟု ပုသိမ်သွားကားလမ်းဘေးမှ လယ်သမားဦးဘသောင်းငွေက ဆိုခဲ့သည်။
သို့သော် အဆိုပါ လယ်သမားကြီး၏ သားမြေစဉ်ဆက် တို့မှ ဆန်ကို ဝယ်ယူ စားသောက်ရတော့မည်ကို သူ မတွက်ခဲ့ဟန် တူသည်။ ထို့အတူ လယ်ယာမြေများ ရှားပါးလာ သည့်အတွက် လယ်ယာလုပ်ကိုင်သူလည်း ရှားပါးလာခဲ့သည်။ ယင်းနှုန်းထားအတိုင်းသာ လယ်ယာမြေ ဆုံးရှုံးမှု များပြားလာပါက ယခင်အရှေ့တောင်အာရှ၏ စပါးကျည်ဖြစ်ခဲ့သော မြန်မာနိုင်ငံသည်ယခုအခါ ဆန်ကို ပြည်ပမှ ပြန်လည် တင်သွင်း စားသောက်ရမည့် ကိန်းဆိုက်လာနိုင်သည်။ နိုင်ငံတော်၏ လက်မှုလယ်ယာမှသည် စက်မှုလယ်ယာ ဆီသို့ စီမံကိန်းမှာလည်း ယခုအခါ လယ်ယာမြေသိမ်းဆည်းခြင်း၊ လယ်သမားတို့၏ လယ်ယာမြေ ရောင်းချမှုတို့ကြောင့် အငွေ့ပျယ်သလို ပျက်ပြယ်ခဲ့ရပေပြီ။
ယခုအခါတွင်တော့ မြန်မာနိုင်ငံတွင် လယ်ယာမြေများ သိမ်းဆည်းခံရခြင်း၊ လယ်မြေများ တစ်ဆင့်ပြန်လည် ရောင်းချခြင်း၊ လယ်သမားကိုယ်တိုင်ရောင်းချခြင်းကြောင့် လက်ရှိ လယ်ယာမြေကွက် နေရာတော်တော်များများတွင် ခြံစည်းရိုးတိုင်များခတ်၊ မြေရောင်းရန်ရှိသည်။ ဖုန်း-----ကိုဆက်သွယ်လိုက်ပါဟူသော စာသားများနေရာတစ်ကာတွေ့လာရသည်။ လယ်ယာမြေများ တစ်ဆင့်ပြန်လည် ရောင်းချလာခြင်းကြောင့် နောက်ဆယ်နှစ်တာ ကာလတွင် လယ်မြေများ ဆုံးရှုံးခြင်းကြောင့် ဆန်စပါးများ ပြည်ပမှပြန်လည် ၀ယ်ယူစားသောက်ရမည့် အရေးကို တွေးပြီး ရင်လေးမိပါသည် ဟူ၍သာ ရေးသားရပေတော့မည်။
လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com