နယူးယောက်မြို့က မိုးမျှော်တိုက်ကြီးတွေရဲ့ ထိပ်ကို နေလုံးဟာ တရွေ့ရွေ့တက်လာချိန်မှာ
ဒေါ်လာ ထောင်ကျော်တန် ကုတ်အင်္ကျီဝတ်ထားတဲ့ ပျံကျဈေးသည်ကြီးဟာ လမ်းဘေးဆိုင်လေးကို စတင် ခင်းကျင်းလို့ နေပါပြီ။ သူရူးတစ်ယောက်လိုပဲ သူဟာ အာဘောင်အာရင်း သန်စွာနဲ့ တစ်ယောက်ထဲ စကားတွေပြောလိုက်၊ မရှိတဲ့ပရိသတ် ဘက်ကိုလှည့်လို့ အာလူးတွေ နွှာပြလိုက် မုန်လာဥတွေ လှီးပြလိုက်နဲ့ ပြုံးပျော်လို့ နေပါတယ်။
သိပ်မကြာခင်မှာ မိန်းမတစ်ယောက်ဟာ စိတ်ဝင်စားစွာနဲ့ ဈေးသည်ကြီးကို လာရပ်ကြည့်ပါတယ်။ သို့သော်လည်း ဈေးသည်ကြီးဟာ ဝမ်းသာဟန်ပြဖို့နေနေသာသာ။ လှည့်ပင်မကြည့်။
တအောင့်နေတော့ နောက်တစ်ယောက်။ နောက်တအောင့် ထပ်ကြာတော့ နောက်တစ်ယောက်။ ဒီလိုနဲ့ ပရိသတ် သုံးယောက် လောက် ရောက်လာတဲ့အခါမှသာ ဈေးသည်ကြီးဟာ ခေါင်းကိုမော့ရင်း ပရိသတ်တွေကို ပြုံးပြလိုက်ပါတယ်။
လက်ထဲ ကိုင်ထားတဲ့ မုန်လာဥမှာ စိုက်ထားတဲ့ အခွံနွှာဓါးကို မျက်စပစ်ပြရင်း ရပ်ကြည့်နေသူ ပရိသတ် အမျိုးသမီးကို လှမ်းပြောပါတယ်။ “ရော့… အဲ့ဒီဓါးကို အသာအယာ ဆွဲယူ ကြည့်လိုက်စမ်းပါ။”
အမျိုးသမီးဟာ အခွံနွှာဓါးကို ပေါ့ပေါ့ပါးပါးနဲ့ လှမ်းဆွဲယူလိုက်တဲ့ တလျှောက်မှာတော့ ပါးလျတဲ့ မုန်လာဥ အလွှာ ပါးလေးဟာ အလိုက်တသင့် ကွာကျလာပါတယ်။
“ဝိုး” ရပ်ကြည့်နေကြတဲ့ လူအားလုံးဟာ ထက်မြက်လှတဲ့ အခွံနွှာဓါး အစွမ်းကို မြင်လိုက်ရတဲ့အတွက် အံ့အားသင့်စွာနဲ့ အော်လိုက်တဲ့ အသံဖြစ်ပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ဈေးသည်ကြီးရဲ့ ဘေးမှာ ပရိသတ်တွေ တစထက် တစ များပြားလာပါတော့တယ်။
“ဆွစ်ဇာလန် ကလာတဲ့ အခွံနွှာဓါးနော်! တစ်ချောင်းကို ဘယ်လောက်မှတ်သလဲ။ ငါးဒေါ်လာထဲ! ဆွစ်ဇာလန်ဖြစ် ပစ္စည်းကို ကြိုက်တဲ့နေရာသွားရှာ! ငါးဒေါ်လာနဲ့ တွေ့လိမ့်မယ် မထင်နဲ့ဗျို့။ တွေ့တုန်း ဝယ်ထားကြပါ!”
အညွှန်းလည်း အင်မတန်ကောင်း၊ လက်တွေ့ပြနေတာလဲ တကယ်ကောင်းတဲ့ ဈေးသည်ကြီးဆီမှာ ပရိသတ်တွေဟာ အခွံနွှာဓါးတွေကို အလုအယက်နဲ့ကို ဝယ်နေကြလေရဲ့။
ဓားရောင်း
“ဘဝမှာ ကြီးမားတဲ့ အောင်မြင်မှုတွေရဖို့ဆိုရင် သစ်ပင်စိုက်ရသလိုပဲ။ သေးငယ်မှုလေးတွေနဲ့ စတင်လို့ ရပါတယ်။ ဒါပေမယ့် မြေသြဇာမှန်မှန် ကျွေးဖို့လိုတာပေါ့။ အဲ့ဒါဘာလဲဆိုရင် ဈေးကောင်းကောင်း ရောင်းတတ်ဖို့ လိုတယ်။” လို့ အဆိုပါ မီလျံနာ လမ်းဘေး ဈေးသည်ကြီးက ပြောသွားပါတယ်။
သူ့နာမည်က ဂျိုးအာဒီးစ်။ တကယ့် မီလျံနာ သူဌေး စစ်စစ်။ နေ့စဉ်နဲ့အမျှ ဒေါ်လာထောင်ကျော်တန် ကုတ်အင်္ကျီကြီးကို ဝတ်ပြီးတော့ နယူးယောက်မြို့ လမ်းဘေးတစ်နေရာမှာ ၅ ဒေါ်လာတန် အာလူးနွှာ ဓါး တွေကို အော်ဟစ် ရောင်းချနေတာ တွေ့ရမှာဖြစ်ပါတယ်။ တစ်ပတ်မှာ ခြောက်ရက် ရောင်းတယ်။ တစ်ရက်မှာ ဆယ်နာရီ တိတိ သူ ဈေးရောင်းပါတယ်။
နယူးယောက်မြို့ရဲ့ လူကုန်ထံ အသိုင်းအဝိုင်းတွေ ကျင်လည်ရာ Park Avenue မှာ သူ့နေအိမ် ရှိပါ တယ်။ ဈေးသည်ကြီးဟာ သူ့အိမ်ရဲ့ အိမ်အကူထားတဲ့ အခန်းကို လူမထားပဲ သူ့ ကုန်ပစ္စည်းတွေရဲ့ ဂိုထောင် အဖြစ် သတ်မှတ်ထားပါတယ်။
“နှစ် ၆၀ ကျော် စုလာတဲ့ငွေတွေက ပေးတဲ့ အိမ်ပေါ့ဗျာ။” လို့ ရယ်ရယ်မောမောနဲ့ ဈေးသည်ကြီး ဂျိုးအာဒီးစ်က ဆိုပါတယ်။
ဘဝမှာ အခက်ဆုံး အနေနဲ့ ဘာရောင်းခဲ့ဖူးလဲလို့ မေးတဲ့အခါ ဈေးသည်ကြီး ပြန်ဖြေတဲ့ အဖြေကြောင့် အင်တာဗျူး တဲ့သူ ဘုရားတောင် “တ” ယူခဲ့ရသတဲ့။
“ဖေဖော်ဝါရီလမှာ ခရစ်စမတ် သစ်ပင်ရောင်းခဲ့ဖူးတယ်လေ! အရမ်းမြတ်တယ်! တရုတ်နှစ်ကူးအတွက် ကျုပ် မရရအောင် ရောင်းခဲ့တာပေါ့ဗျာ” တဲ့ဗျာ။
သင်ခန်းစာ ရကြမယ်ထင်တယ်။ ဘာတဲ့လဲဗျ။ “လမ်းဘေးမှာ ဈေးရောင်းရတာ အောက်ကျတယ်” လို့ မြင်မိတိုင်း နယူးယောက်မြို့က ဒေါ်လာ ထောင်ကျော်တန် ကုတ်အင်္ကျီဝတ်တဲ့ လမ်းဘေး ဈေးသည် ကြီး ဂျိုးအားဒီးစ်ကို ကျုပ်တို့ အားနာသင့်တယ်။ သူ့ကို စံနမူနာယူသင့်တယ်။
Credit: kyawnge