လွန်ခဲ့သောနှစ် ၅၀ လောက် ကမဟာရန်ကုန်ကဲ့သို့သော မြို့ကြီးပြကြီးများတွင် ကိုလိုနီခေတ်၏အမှတ်လက္ခဏာ တိုက်တာအိမ်ခြေများ ကျန်ရှိပါသေးတယ် ။ တိုက်တာအိမ်ခြေဟူသည် လူစည်ကားရာအရပ်များ၌ တစ်ခုနှင့်တစ်ခု ကပ်လျက်ဆောက်ရသည်ဖြစ်ခြင်းကြောင့် ယခင်က သွေးချင်တိုင်းသွေးခွင့်ရသော ကြားလေသည် တိုက်တို့၏ချစ်ခြင်း ကွင်းအောင်တစေ မမွှေနိုင်တော့ပြီဖြစ်ရကား တိုက်ခန်းများအတွင်း ပူလောင်အိုက်စပ်မှုကို စတင်ခံစားရတော့သည်။ သည်တော့ မြို့ပြတိုက်ခန်းနေ လူသားများအဖို့ အေးရာအေးကြောင်း အေးကွက်ကို အဆောတလျင်ရှာရတော့သည်။
နွေပီသသောအခါတွင်တော့ နွေးထွေးခြင်းဆုံမှတ်မှသည် ပူအိုက်ခြင်းစုရပ်သို့ ကူးပြောင်းလာသည်။ ထိုအခါတွင်တော့ မြန်မာပြည်သူတို့သည် အေးကွက်ကို စရှာတော့၏။ နွေဒီဂရီ တဖြည်းဖြည်းရင့်လာ၍ မိုးမကျမီ နွေနှောင်းကာလသည်ကား အေးကွက်ကိုရှာသူတို့ ပျာယာအခတ်ဆုံးသမယပင်တည်း။ အပူဒီဂရီ တစ်စတစ်စတက်လာသည်နှင့် လိုက်လျေညီထွေဖြစ်ရအောင်ပင် အေးကွက်ကိုလည်း ရှာရတော့သည်။ မြန်မာနိုင်ငံဒေသအတော်များများသည် အပူပိုင်းဇုန်ဆန်သောရာသီဥတုရှိရကား တောင်ပေါ်မြို့များ၊ ပင်လယ်ကမ်းခြေဒေသများမှအပ နွေ၏အပူဒဏ်ကို လှလှကြီးခံစားရတော့သည်။
အေးကွက်ရျာသူတို့ ပလက်ဖောင်းပေါ် ဘယ်လိုအိပ်ကြသနည်း။ ဘယ်သူမျှ ဖျာခင်းအိပ်သည်မဟုတ်။ မြူနီစီပယ်ကစိုက်ပေးထားသောသစ်ပင်အောက်တွင် သူတစ်လက်၊ ငါတစ်ချက်ဖြင့် ပစ္စည်း၊ လုပ်အား ထည့်ဝင်ကာ သစ်ပင်ကိုပတ်ဝိုက်ရိုက်ထားသော ကွပ်ပျစ်ရှည်များရှိသည်။ ဦးသူက ထိုကွပ်ပျစ်ပေါ်တက်အိပ်ကြ၏။ ကွပ်ပျစ်ပေါ်မအိပ်ရသူကလည်း အကြောင်းမဟုတ်။ ထိုခေတ်ကအသုံးများသော ကင်းမ်ကော့ခေါ် ပတ္တူခင်းခေါက်ခုတင်ရှိသူက ပလက်ဖောင်းပေါ် ခုတင်ခင်းကာ အေးကွက်ရှာသည်။ အိပ်မပျော်ခင် လက်ဖက်ရည်ကြမ်းဝိုင်းဖွဲ့လျက် စကားစမြည်ပြောရင်း နွေးထွေးမှုကွန်ရက် ဖြန့်ကြက်ကြသည်။ ယောက်ျားသားတွေအတွက် အေးကွက်ကို ထိုသို့ရှာသော်လည်း မိန်းမသားတွေအတွက်တော့ ထိုသို့အိပ်၍ဖြစ်သည်မဟုတ်။ သည်တော့ ဘာလုပ်ကြသနည်း။ အပေါ်ထပ်အခန်းနေသူတွေက အိမ်ရှေ့တံခါးဖွင့်ကာ ၀ရန်တာထွက်အိပ်၏။ ဒါလည်း သူတို့နည်းသူတို့ဟန်ဖြင့် အေးကွက်ရှာနည်းတစ်မျိုး။
လွန်ခဲ့သောနှစ် ၅၀၊ ၁၀၀ ခန့်ကတော့ လူဦးရေကလည်း ပြောပလောက်အောင်မထူထပ်သေး၊ အိမ်ခြေရာခြေကလည်း ယခုလောက်မသိပ်သည်းသေး။ သည်တော့ အိမ်ခြေတို့ကြားတွင် ကြားလေက သွေးချင်တိုင်းသွေးခွင့်ရနေ၏။ သည်တော့ ပူခြင်းလောင်ခြင်းကို ပူလှချေရဲ့ လောင်လှချေရဲ့ ဟူ၍ စာတစ်တန်ပေတစ်ဖွဲ့ ဇီဇာချဲ့ ဋီကာဖွဲ့မနေဖြစ်ကြ။ ရေခဲသေတ္တာဟူသည် အရုပ်ရေးပြလျှင်တောင် ကြောင်အိမ်တစ်မျိုးပဲဟု ပြောကြမည့်ခေတ်၊ ရေခဲသုံးစွဲခြင်းပင် တွင်ကျယ်မှုမရှိသေးသည့်ခေတ် ဖြစ်ရကား သဲအိုးများအတွင်းမှ သောက်ရေအေးအေးသည်ပင် နွေကိုအန်တု ဆန့်ကျင်ပြုစရာတစ်ရပ် ဖြစ်ခဲ့သည်။ မန်ကျည်းမှည့်ပျစ်ပျစ်ကို ရေစိမ်ထားပြီး ထန်းလျက်ရည်နှင့်ရောစပ်ကာ သဲအိုးရေအေးအေးဖြင့်ဖျော်၍ သောက်လိုက်ရလျှင် အပြင်ပူရော အတွင်းပူပါ ကင်းစင်လွင့်ပျောက် ပီတိရောက်ချေတော့၏။
မြို့ပေါ်မှာကတော့ ရှေ့တွင်ဖော်ပြခဲ့သည့်အတိုင်း သေတ္တာများစီထပ်ကပ်ရပ်ထားသည့်အလား တည်ဆောက်ထားသော တိုက်များက အစွန်ခန်းသာမဟုတ်လို့ကတော့ လေ၀င်စရာလမ်းကိုမရှိ။ နေ့လယ်နေ့ခင်းဘက်မှာတော့ ကိုယ့်လုပ်ငန်းခွင်နှင့်ကိုယ် အာရုံပြားနေသော်လည်း ညအိပ်ချိန်တွင်တော့ အိုက်စပ်မှုကိုသည်းမခံနိုင်ကြ။ သည်တော့ အိပ်စက်ချိန်အေးကွက်ရှာခြင်းအမှု ပြုရသည်က သဘာဝတစ်ရပ်ဖြစ်လာသည်။ လွန်ခဲ့သည့် နှစ် ၅၀ လောက်ကတော့ မြို့ပြတွင်ပင် ယခုလောက်လူနေမထူထပ်သေး။ ယာဉ်ယန္တရားများလည်း သိပ်မများလှသေး။ လူသွားလူလာလည်း မများလွန်းသေး။ သည်တော့ လမ်းမကြီးများ၏ လူသွားစင်္ကြန်ပလက်ဖောင်းများသည် အေးကွက်ရှာသူတို့အိပ်ရာ ဖြစ်လာကြသည်။ ထိုစဉ်ပလက်ဖောင်းများကား ပမာဏအားဖြင့် ကျယ်ပြန့်လှစွာ၏။ ပလက်ဖောင်းအစပ်များတွင် ဗာဓံ၊ ရေတမာ၊ ပျဉ်းမ စသော အပင်များကို အရိပ်အလို့ငှါ စိုက်ထားကြ၏။ ယခု စည်ပင်သာယာတစ်ဖြစ်လဲ မြူနီစီပယ်မှ ခွင့်ပြုချက်တောင်းနေစရာမလို။ အကြောင်းကတော့ ထိုအပင်များစိုက်ပေးသည်ကိုက မြူနီစီပယ်ဖြစ်နေ၍။
ဆောင်းရာသီသည် အေးမြ၏။ ဒီဂရီမလွန်လျှင် နေထိုင်သွားလာ၍ကောင်း၏။ မောပန်းနွမ်းရိခြင်းတို့ မကပ်ငြိသဖြင့် လှုပ်ရှားကျင်လည်ရသူတို့ လန်းဆန်းရွှင်ပျသည်။ သို့တစေ အအေးဓာတ်က လိုသည်ထက်ပိုကဲလာသောအခါ နွေးထွေးခြင်းရသကို တောင့်တလာ၏။ ထို့ကြောင့် ဆောင်းအကုန်နွေဦးကာလကို မြန်မာပြည်သူတို့ လိုလိုလားလားကြိုဆိုကြသည်။ ထပ်၍ထပ်ကာဝတ်ဆင်ထားရသော အနွေးထည်အထပ်အလွှာတို့ကို ဖယ်ခွာလျက် ပေါ့ပါးသောအထည်တို့ကို လွတ်လပ်စွာပြောင်းလဲဆင်ယင်ကြသည်။ နွေးထွေးသောလေပြည်ကို ကြိုလင့်ရင်း ဦးတည်ရာမဲ့တိုက်ခတ်တတ်သော နွေဦး၏လေရူးကို နှစ်သက်ခုံမင်စွာထွေးပွေ့ခံယူကြ၏။
ကျေးလက်မှာ အေးကွက်ရှာရသည်က လွယ်ကူသည်၊ ရိုးစင်းသည်။ ယောက်ျားသားများအဖို့ ခြံဝိုင်းထဲမှကွပ်ပျစ်ပေါ်တွင်လည်းကောင်း၊ အိမ်ရှေ့ကပြင်ပေါ်တွင်လည်းကောင်း၊ ခြံထောင့်မှ လှည်းပေါ်တွင်လည်းကောင်း၊ ယုတ်စွအဆုံး နွားတင်းကုတ်ဘေးမှ ကောက်ရိုးပုံပေါ်တွင်လည်းကောင်း လွတ်လပ်ချမ်းမြေ့စွာအိပ်စက်နိုင်၏။ လေညင်းတဖြူးဖြူး၊ အသက်ရှူသံတရှူးရှူး၊ ဟောက်သံတခူးခူးနှင့် အေးကွက်ရှာအိပ်စက်နိုင်သည်။ မိန်းမသားများအတွက်ကတော့ ထိုသို့အိပ်စက်ရန်သင့်သည်မဟုတ်။ သို့သော်လည်း ပြဿနာကြီးကြီးမားမားတော့မရှိ။ ကျေးလက်အိမ်ဆိုသည်က ကိုယ့်ခြံဝိုင်းနှင့်ကိုယ် ကွာကွာလှမ်းလှမ်းဆောက်ထားခြင်းဖြစ်၍ လေကြောင်းမပိတ်။ အိမ်တိုင်းကလည်း သစ်ဝါးများနှင့်သာဆောက်ထားသည့်အလျောက် နေအေးလျှင် အပူဓာတ်မရှိတော့။ သည်ကြားထဲ ဘူးခါးရေနှင့် ကြမ်းကြားလေ နွေနေလောက်တော့မမှုပါဘူး ဆိုသည့်သံချပ်စာသားကဲ့သို့ ကြမ်းကြားထဲမှ ဝှေ့ယမ်းတိုက်ခတ်ဝင်ရောက်လာသော လေပြည်ညင်းက အိမ်ထဲမှာအိပ်သူများအတွက် အေးကွက်တစ်ရပ်။
ပျားအုံလူသားတွေ၏ပုံရိပ်ကို အပြည့်အ၀ဖော်ကျူးနေသော ယနေ့ခေတ်မြို့ပြလူသားများမှာတော့ ထိုစဉ်တုန်းမြို့ပြလူသားများလောက် အေးကွက်ရှာခွင့်မရ။ လမ်းတွေချဲ့လာသည်နှင့်အမျှ ပလက်ဖောင်းတွေက နောက်သို့ဆုတ်ဆုတ်ပေးရသည်ဖြစ်ရာ ပလက်ဖောင်းတွေ ကျဉ်းလိုက်လာသည်။ ယခင်စိုက်ထားသည့်အပင်များလည်း ပလက်ဖောင်းနောက်ဆုတ်ရာတွင်ပါသွားပြီ။ ပလက်ဖောင်းပေါ် ခေါက်ခုတင်ချပြီးအိပ်လို့လည်း မဖြစ်။ တိုက်ပုံစံတွေကလည်း လွန်ခဲ့သည့်နှစ် ၅၀ လောက်ကကဲ့သို့ လေးထပ်မျှမဟုတ်တော့။ အနည်းဆုံး ခုနစ်ထပ်၊ ရှစ်ထပ် ဖြစ်ကုန်ပြီ။ ၀ရန်တာတွေကလည်း အရင်လို လူသုံးယောက်လောက်ယှဉ်အိပ်နိုင်သည့် အကျယ်အ၀န်းမျိုး မဟုတ်တော့။ အ၀င်တံခါးမကြီးကိုလည်း ၀ရန်တာကိုသံပန်းပတ်မထားလို့ကတော့ တစ်ညလုံးဖွင့်မထားရဲ။ "နည်းလိုက်တာ" ဟု စောရပုဂ္ဂိုလ်က စာချိတ်သွားမည်ကိုလည်း စိုးရသေး။ သည်တော့ လက်ရှိ မြို့ပြနေပျားအုံလူသားများအနေဖြင့် တတ်နိုင်သည့်အတိုင်းအတာပေါ်မူတည်၍ လေအေးပေးစက်အမျိုးမျိုး၊ ပန်ကာအမျိုးမျိုး၊ ယုတ်စွအဆုံး ယပ်တောင်အမျိုးမျိုးဖြင့် အေးကွက်ရှာရုံသာရှိတော့လေသတေး။
ဂန္ထ၀င်အဆိုတော်ကြီး ဒေါ်မာမာအေး ငယ်နုစဉ်အခါက ဆိုခဲ့ဖူးသော သီချင်းပေါင်းများစွာအနက် မေ့ကွက်ကိုရှာ ဟူသည့်သီချင်းတစ်ပုဒ် အလွန်ထင်ရှားခဲ့ဖူးသည်။ သူ့ ပုဂ္ဂလိက ခံစားချက်နှင့် တိုက်ဆိုင်နေခြင်းကြောင့် ထိုသီချင်းသီဆိုရာတွင် အသက်ဝင်လွန်းမက ၀င်သွားသည်ဖြစ်၍ ထိုမျှအောင်မြင်ရခြင်းဖြစ်ကြောင်း အနုပညာသုတေသီများက ဖွင့်ဟဖော်ထုတ်ခဲ့ကြသည်။ ချစ်သူနှစ်ဦိး ချစ်တေးသီကျူး၍မှ မ၀ခင် မေ့ရမည့်အကွက်ကိုရှာကာ မေ့နိုင်ရက်သူ လူစိမ်းကားအကြောင်း ဖွဲ့နွဲ့သီကုံးထားခြင်းဖြစ်သည်။ သို့သော် ယခုပြောမည့်အကြောင်းအရာသည် သီချင်းအကြောင်း၊ ဂီတအကြောင်း မဟုတ်၊ အနုအလှသမုဒယများနှင့် ထုံမွမ်းသော နှလုံးသားရေးရာ ခံစားခက်များအကြောင်းမဟုတ်။ ယခုလိုပူအိုက်သော နွေနှောင်းရာသီတွင် အပူဒဏ်၏ဖိစီးနှိပ်စက်မှုအထွေထွေမှ လွတ်ရာလွတ်ကြောင်း အေးကွက်ရှာကြသူတို့၏ သနစ်အစုံကို စုစည်းတင်ပြလိုခြင်းသာ ဖြစ်ပေချိမ့်။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com