မြေယာစီမံခန်ခွဲမှုကိစ္စတွေမှာ အာဏာပိုင်များအနေနဲ့ မြေစာရင်းဌာနကို မေးမြန်း အကူအညီတောင်းခံ ဖြေရှင်းရတတ်တဲ့ လူသိနည်းတဲ့ မြေအမျိုးအစား အခေါ်အဝေါ်များ ရှိနေပါတယ်။ မကြာခဏ တိုင်စာတောစာတွေထဲ ပါလေ့ရှိပြီး မြို့မြေ ပြင်ပ ကျေးရွာအုပ်စု နယ်မြေအတွင်းတွေမှာသာ ရှိတတ်တဲ့ မြေ ၂ ရပ်ကတော့ သူကြီးစားမြေနဲ့ ကျေးရွာဘုံမြေတို့ ဖြစ်ပါတယ်။ သူကြီးစားမြေကတော့ ဒီခေတ်မှာ မရှိလောက်တော့ဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ ကျေးရွာဘုံမြေကတော့ hot ဖြစ်နေဆဲပါ။ ကျေးရွာဘုံမြေကို ရ.ယ.က က အလွဲသုံးစားလုပ်နေပါတယ်တို့၊ အဲဒီမြေကို အာဏာပိုင်တွေက ကိုယ်ကျိုးအတွက် အသုံးပြု လွှဲပြောင်းရောင်းချနေပါတယ် ဆိုတဲ့ တိုင်စာတွေ တက်နေတုန်း ဖြစ်ပါတယ်။
ဒီတော့ အဲဒီမြေတွေဟာ ဘယ်လိုအမျိုးအစားလဲ၊ ဘယ်လို သဘောသဘာဝတွေ ရှိသလဲဆိုတာ အကျဉ်းလောက်တော့ ရှင်းပြချင်ပါတယ်။ လက်ရှိ အသုံးဝင်သေးလို့လား၊ သိဖို့ လိုသေးလို့လား မေးမနေပါနဲ့။ အသုံးမ၀င်တော့ဘူး ထားပါဦး။ ဒီလို မြေအမျိုးအစားတွေ ရှိတယ်ဆိုတာ ဗဟုသုတ ရတာပေါ့ဗျာ။
ပထမ စပြီး ရှင်းပြမှာက Thugyisa(Thygyiza) Land or Lease သူကြီးစားမြေ အငှားဂရန် အကြောင်း ဖြစ်ပါတယ်။
▶(1) Thugyisa(Thygyiza) Land သူကြီးစားမြေ
နာမည်ကိုက အတော်ရှင်းပါတယ်။ သူကြီး(Village Headman) စားဖို့ အငှါးဂရန် ချပေးထားတာမို့ သူကြီးစားမြေလို့ ခေါ်တာပါ။ မြေနှင့်အခွန်ဥပဒေ အမိန်ဆင့်ဆိုချက် ၄၂ မှာ Thugyisa land means land held under a lease from Government by a headman as an appanage of his office, လို့ ဆိုထားပါတယ်။
မေးစရာရှိလာပါပြီ။
သူကြီး စားရအောင် ဘာလို့ အငှါးချထားပေးရတာလဲ။?
အင်္ဂလိပ် ကိုလိုနီ အစိုးရမင်းများရဲ့ အမြင်ကျယ်မှုတစ်ခုပေါ့ဗျာ။ ကျေးရွာတွေ တိုက်နယ်တွေမှာ သူတို့ အင်္ဂလိပ်အစိုးရ အုပ်ချုပ်မှု အာဏာစက် ပြန်နှံ့ သက်ရောက်စေဖို့အတွက် အထောက်အကူဖြစ်အောင် သူကြီးတွေကို ခန့်ထား တာဝန်ပေးခဲ့ပေမဲ့ အစိုးရက လစာ၊ ရိက္ခာ မကျခံဘဲ သူအရိုးနဲ့သူ ပြန်ထိုးတဲ့ စနစ်ကို အသုံးပြုခဲ့ပါတယ်။ သူကြီးတွေကို အစိုးရအတွက် အခွန်တော်တွေ ဖိဖိစီးစီး ကောက်ခိုင်း၊ Cess Act လို ခိုင်ကြေးဥပဒေတွေ ပြဌာန်းပြီး မြေခွန်တော် ကောက်ပေးတဲ့အတွက် ခိုင်ကြေးကို သူကြီးကို စားစေပါတယ်။ အဲဒီ အခွန်ကောက်ခံငွေထဲက ရာနှုန်းအလိုက် ပြန်ရတဲ့ ခိုင်ကြေးကို သူကြီးအနေနဲ့ မိမိရဲ့ သူကြီးရာထူးအရ ဆောင်ရွက်ရတဲ့ လုပ်ငန်းများ၊ အုပ်ချုပ်မှု စရိတ်စကများအတွက် သုံးစွဲစေပါတယ်။ အစိုးရက ခိုင်းထားတဲ့ လုပ်ငန်းတာဝန်များ ကျေပွန်အောင် ထမ်းဆောင်နိုင်ရေးအတွက် လုံလောက်သော စရိတ်စက ရရှိစေရန် ပံပိုးပေးတဲ့သဘောပါ။ ဧည့်ခံစရိတ်တွေလည်း ကာမိအောင် ပါမှာပေါ့။ ရုပ်ရှင်တွေထဲမှာ ပြလေ့ရှိသလို တောကိုလာတဲ့ စာသင်ကြီးများအတွက် အရက်ဖိုးလည်း ပါမှာပေါ့။
ဒါပေမဲ့ မြေဆီသြဇာ ညံ့ဖျင်းတဲ့နေရာတို့၊ မိုးခေါင်ရေရှားဒေသနဲ့ စိုက်ပျိုးဖြစ်ထွန်းမြေ နည်းပါးတဲ့ အရပ်တွေမှာ မြေခွန်တော်က ရတဲ့ ခိုင်ကြေးသက်သက်နဲ့ သူကြီးခမျာ သူရာထူးနဲ့ ထိုက်တန်အောင် မရပ်တည်နိုင်တာတွေ ရှိပါတယ်။ သူကြီးရတဲ့ ၀င်ငွေဟာ လုပ်ငန်းတာဝန်တွေ ထမ်းဆောင်ဖို့အတွက် insufficient ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ သူကြီးတစ်ယောက်အနေနဲ့ သူရတဲ့ ဆုကြေး၊ ခိုင်ကြေးနဲ့ တာဝန်ထမ်းဆောင်ဖို့ မလုံလောက်နိုင်ဘူး၊ အခြား သူကြီးများနည်းတူ တန်းတူရည်မျှ ၀င်ငွေမရှိနိုင်ဘူးဆိုရင် အထောက်အပံ ဖြစ်စေဖို့အတွက် အစိုးရက သင့်လျော်တဲ့ မြေပမာဏတစ်ရပ်ကို အငှါးဂရန် ချထား စားစေခြင်း ဖြစ်ပါတယ်။
အဲဒီမှာ စိတ်ဝင်စားဖို့ကောင်းတာက သူကြီးရဲ့ဝင်ငွေဟာ သူ့ရာထူးအတွက် insufficient ဖြစ် မဖြစ် သတ်မှတ်တိုင်းတာဖို့ စံနှုန်းဆွဲပေးထားတာပါပဲ။
သူကြီးတစ်ယောက်ရဲ တစ်နှစ်လုံးအတွက် ခံစားရရှိမယ့် ငွေကြေးဟာ sufficient ဖြစ်ဖို့ဆိုရင် အထက်မြန်မာပြည်မှာ (၂၄၀)ရူပီး၊ အောက်မြန်မာပြည်မှာ (၃၀၀)ရူပီး ရှိသင့်တယ်ဆိုပြီး သတ်မှတ်ထားချက် ဖြစ်ပါတယ်။ အောက်မြန်မာပြည် မြေနှင့်အခွန်တော်ဥပဒေက ၁၈၇၆ ခုနှစ်မှာ ပြဌာန်းခဲ့တယ်။ အထက်မြန်မာပြည် မြေနှင့်အခွန်တော် စည်းမျဉ်းဥပဒေက ၁၈၈၉ ခုနှစ်မှာ ပြဌာန်းတယ်။ ပုလိပ်တစ်ယောက် တစ်လ မှ ၈/-၊ မြေတိုင်းစာရေး ၇/-၊ လစာရနေတဲ့ခေတ်၊ ရွှေတစ်ကျပ်သား ၁၂ လောက်ဘဲ ရှိတဲ့ အဲဒီခေတ်အခါသမယမှာ ကျေးရွာကို အုပ်ချုပ်နေတဲ့ သူကြီးတစ်ယောက်အတွက် တစ်လကို ပျမ်းမျှ ၂၀-၂၅ ရမှ လုံလောက်တဲ့ဝင်ငွေ ဖြစ်မယ်လို့ တွက်ဆသတ်မှတ်ပြီး စံနှုန်းထားခဲ့တာ တွေ့ရပါတယ်။ ဘယ်လို အခြေခံမူနဲ့ တွက်ချက်လဲတော့ မသိပါဘူး။
[ For the headman of a village-tract of average importance in (Upper Burma/ Lower Burma) a remuneration of Rs. (240/300) per annum (inclusive of his income from Thugyisa lands, if any ) may be regarded as sufficient. … Upper Burma Land and Revenue Manual, Direction..43 ]
အဲဒီခေတ်အခါက မြေခွန်တော် ဦးစားပေးတဲ့ ခေတ်ဖြစ်ပါတယ်။ တစ်တိုင်းပြည်လုံးရဲ့ နှစ်စဉ် ရရှိ အခွန်တော် အရပ်ရပ် စုစုပေါင်းမှာ မြေခွန်က ရငွေချည်း ၅၀ % ကျော် အနည်းဆုံး ရှိပါတယ်။ လွတ်လပ်ရေးရပြီး ၁၉၅၀ ခုနှစ် ကျော်ကျော်အထိ ဦးနုရဲ့ ပါလီမန်အစိုးရလက်ထက်မှာတောင် မြေခွန်တော် ရငွေဟာ တိုင်းပြည်ရဲ့အခွန်ဝင်ငွေ စုစုပေါင်းရဲ့ ၃၃ % ကျော်လောက် ရှိပါသေးတယ်။ အစိုးရရဲ့ ယန္တရားကြီး လည်ပတ်နိုင်ဖို့အတွက် မြေခွန်တော်ရငွေဟာ တော်တော် အရေးပါခဲ့တယ်ဆိုတာ သိစေချင်ပါတယ်။ ငွေတန်ဖိုးရှိတဲ့ ကာလမို့ အခွန်တော် ကောက်ခံပေးလို့ သူကြီးရတဲ့ ခိုင်ကြေးဆိုတာ အဲဒီခေတ်အနေနဲ့ တွက်ရင် တော်တော်များမှာပါ။ တန်ဖိုးလည်း သေးမှာ မဟုတ်ပါဘူး။ သို့သော် ကိုယ် အုပ်ချုပ်တဲ့ အရပ်ဒေသ ကျေးရွာမှာက သီးနှံစိုက်ပျိုးမှု မဖြစ်ထွန်း စိုက်ဧရိယာ နည်းပါးရင်တော့ မြေခွန်တော် အရနည်းမှာဖြစ်လို့ အဲဒီသူကြီးအတွက် ၀င်ငွေရလမ်းတစ်ခုအဖြစ် ဖန်တီးပြီး အင်္ဂလိပ်မင်းများက သူကြီးစားမြေကို အငှါးဂရန် ချထားပေးခြင်း ဖြစ်ပါတယ်။
▶Who Grant the Thugyisa Lease
သူကြီးစားမြေကို သတ်မှတ်ချထားပိုင်ခွင့် ရှိသူကတော့ အရေးပိုင်မင်း(District Commissioner) ဖြစ်ပါတယ်။ ခရိုင်ဝန်လို့လည်း ခေါ်ပါတယ်။ ခုခေတ် ခရိုင်အုပ်ချုပ်ရေးမှူး အဆင့်ပါ။
ဘယ်မြေအမျိုးအစားကို သူကြီးစားမြေအဖြစ် ချထားပေးနိုင်သလဲဆိုတော့ “အစိုးရမှ အလိုရှိရာ သုံးစွဲနိုင်တဲ့ စိုက်ပျိုးလုပ်ကိုင်နိုင်သော မည်သည့်မြေကို မဆို” သူကြီးစားမြေအဖြစ် ချထားပေးနိုင်ပါတယ်။
[ any culturable land at the disposal of Government may be leased as thugyisa. UBLRM..Dir 44 ]
ဒါပေမဲ့ အစိုးရဌာနအဖွဲ့အစည်းများ လက်ရှိထား သုံးနေတဲ့မြေ၊ အစိုးရမြေကို တရားမ၀င် ကျုးကျော်အသုံးပြုနေတဲ့ မြေတွေကိုတော့ သူကြီးစားအဖြစ် မချထားနိုင်ပါဘူး။
အင်္ဂလိပ်အစိုးရမင်းများက သူတိုရဲ့ နယ်ချဲ့အုပ်ချုပ်ရေး ယန္တရားကြီးမှာ အခြေခံအုတ်မြစ်ဖြစ်တဲ့ သူကြီးတွေကို စောင်မကြည့်ရှုတဲ့နေရာမှာ သူအရိုးနဲသူ ပြန်ထိုးတဲ့နည်း သုံးတယ်လို့ ကျွန်တော်ပြောခဲ့တာ မှတ်မိပါလိမ့်မယ်။ ဘာကြောင့် ဒီလို သုံးနှုန်းရလဲဆိုတော့ နယ်ချဲ့အစိုးရရဲ့ အမာခံဒေါက်တိုင်အဖြစ် အသုံးချ တာဝန်ပေးထားတဲ့ သူကြီးတွေအတွက် အင်္ဂလိပ်အစိုးရက သူ့ဘဏ္ဍာငွေကို အပွန်းမခံပါဘူး။ လစာရိက္ခာ သီးခြားသတ်မှတ် မပေးပါဘူး။ ငါးကြင်းဆီနဲ ငါးကြင်းကြော် ဆိုသလို ပြည်သူဆီက သူတို့သူကြီးများကိုယ်တိုင် ဖိဖိစီးစိး ကောက်ခံပေးရတဲ့ အခွန်တော်ငွေထဲက ခိုင်ကြေးကို ပြန်ပေးပြီး ခံစားစေပါတယ်။ နောက်ပြီး ကိုယ့်နိုင်ငံက သယံဇာတမြေတွေကို ဝေသန္တရာလုပ် အငှါးချထားပေးပြီး မြေချခံရတဲ့ သူကြီးတွေကတောင် အစိုးရကို သူတိုရဲ့ ကျေးဇူးရှင်ကြီးအဖြစ် ထင်မြင်သွားအောင် စီမံလုပ်သွားတဲ့ အကွက်လေးတွေကြောင့် အခုလို ပြောရခြင်း ဖြစ်ပါတယ်။
▶သူကြီးစားမြေ ချထားသည့် နည်းလမ်း
သူကြီးတစ်ယောက်ကို သူကြီးစားမြေအဖြစ် ဘယ်လောက်ထိ ချပေးနိုင်သလဲဆိုတော့ ဧက ၅၀ ထိတောင် ချထားပေးနိုင်ပါတယ်။ အတော်ကို ရက်ရက်ရောရော မြေချပေးတာပါ။ သူကြီးတစ်ယောက် အနေနဲ့ မိမိကျေးရွာအုပ်စုအတွင်း သူကြီးစားမြေအတွက် မြေမရှိလည်း အခြားကနေ သူကြီးစားမြေ ရနိုင်အောင် ဖန်တီးထားပါတယ်။ မိမိစီရင်အုပ်ချုပ်တဲ့ ကျေးရွာအုပ်စု နယ်နမိတ်၊ မိမိကျေးရွာအုပ်စု တည်ရှိတဲ့ မြို့နယ် နယ်နမိတ်အတွင်းမှာ သင့်လျော်တဲ့မြေ မရနိုင်ရင် ကျေးရွာခြား၊ မြို့နယ်ခြားက သင့်လျော်ရာမြေကိုပါ သူကြီးစားမြေအဖြစ် လျှောက်ထားနိုင်ခွင့် ပြုခဲ့ပါတယ်။
[ It is not necessary that the land should be within the headman's own jurisdiction. Where suitable land is not available in his own village tract,land elseware may be lease as Thugyisa. Dir 46 ]
Income Insufficient မဖြစ်တဲ့ သူကြီးအနေနဲ့ သူ့အတွက် သူကြီးစားမြေ ချပေးဖို့ လျှောက်ထားနိုင်ပါတယ်။ မိမိအုပ်ချုပ်တဲ့ကျေးရွာ တည်ရှိတဲ့ မြို့နယ်တာဝန်ခံ အရာရှိထံ စာနဲ့ ရေးသား လျှောက်ထားရပါတယ်။
[ in writing to the Township Officer in charge of the township in which his village-tract is situated. Dir 47 ]
သူကြီးစားမြေအဖြစ် အငှါးဂရန်ချပေးဖို့ လျှောက်ထားတဲ့မြေဟာ မိမိတာဝန်ယူတဲ့ မြို့နယ် နယ်နမိတ်ထဲမှာ မရှိဘဲ ပြင်ပ အခြားမြို့နယ်တွင်းကမြေ ဖြစ်နေရင်တော့(If the land desired lies outsides that township,) သူကြီးကို အုပ်ချုပ်ရတဲ့ လျှောက်လွှာရရှိထားတဲ့ မြို့နယ်အရာရှိဟာ စိစစ်ပြီး သူကြီးစားမြေ ပေးသင့်တဲ့ အကြောင်းပြချက် ပြည့်စုံတယ်လို့ ယူဆရင် နယ်ပိုင်အရာရှိ(Sub Divisional Officer)ထံ အမှုတွဲ ဆက်ပို့ရပါတယ်။ နယ်ပိုင်က လိုအပ်သလို ဆက်လက်ဆောင်ရွက်ရန် ဖြစ်ပါတယ်။
Thugyisa Lease လျှောက်ထားတဲ့ အမှုတွဲအတွက် ကန်ကွက်သူရှိ၊မရှိ Notice ထုတ်ပြန်ရပါတယ်။ အမှုတွဲမှာ လျှောက်ထားမြေရဲ့ နယ်နမိတ် ၄ ရပ် ဖေါ်ပြထားတဲ့ မြေပုံနဲ့ ဧရိယာဧက တွက်ချက်ဖော်ပြရပါတယ်။ SDO ကနေ DC ထံ စိစစ်ပြီး ဆက်တင်ရပါတယ်။ ဧက ၅၀ ထိ ပေးတယ်ဆိုပေမယ့် အထက်မြန်မာပြည်မှာတော့ (၂၅) ဧကထက်ကျော်တဲ့ သူကြီးစားမြေလျှောက်ထားမှုဆိုရင် DC က တိုက်ရိုက်ခွင့်မပြုနိုင်ဘဲ တိုင်းမင်းကြီး Divisional Commissioner ထိ တင်ပြအတည်ပြုချက်ယူပြီးမှ ချထားနိုင်ပါတယ်။
သူကြီးစားမြေကို ချထားတဲ့အခါ အသုံးပြုရတဲ့ ပုံစံက Form I / Lease 7 ဖြစ်ပါတယ်။ Lease, Grant< License စတဲ့ မြေယာချထားမှုတွေမှာ Register တွေ ထားရတဲ့အတိုင်း သူကြီးစားမြေ ချထားမှုများကို ရေးသွင်းမှတ်တမ်းတင်ရမယ့် Register မှတ်တမ်းစာအုပ်ကတော့ Land Revenue I / Land Register 10 ဖြစ်ပါတယ်။
သူကြီးစားမြေတွေဟာ အဲဒီ ကျေးရွာ (သို့မဟုတ်) ကျေးရွာအုပ်စုရဲ့ သူကြီးရာထူးတာဝန်ကို ထမ်းဆောင်သူအတွက် Lease from Government by a headman as an appanage of his office, ရာထူးအရ ဆောင်ရွက်ရမယ့် လုပ်ငန်းများအတွက် စရိတ်စကများ ကာမိစေရန်၊ အထောက်အပံဖြစ်စေရန် ဆိုပြီး ရည်ရွယ်ချထားပေးတဲ့ စိုက်ပျိုးနိုင်တဲ့မြေ Any Culturable Land ကို ချထားတဲ့ အငှါးဂရန်မြေများ ဖြစ်ပါတယ်။ စိုက်ပျိုးမြေအဖြစ် လုပ်ကိုင်စားသောက် အသုံးပြုရန် ဖြစ်ပါတယ်။ မြေခွန်ဆောင်ရပါတယ်။ သူကြီးကိုယ်တိုင် လုပ်ချင်လုပ်၊ အခြားသူကို သီးစား ချချင်ချ ဆောင်ရွက်နိုင်ပါတယ်။ ဆိုင်ရာ ကျေးရွာအုပ်စုရဲ့ သူကြီးရာထူးအမည်ဖော်ပြပြီး မြေစာရင်းဌာနရဲ့ (၁-က) မှတ်ပုံတင်စာရင်းမှာ မှတ်သားထားရပါတယ်။ အခွန်စည်းကြပ်စာရင်း (II) စာရင်းနဲ့ မြေခွန်ပြေစာ (LR-8)မှာ သူကြီးရာထူးအမည်နဲ့ စာရင်းသွင်း စည်းကြပ်ရပါတယ်။
အမှန်ကတော့ သူကြီးစားမြေဆိုတာ သူကြီးရာထူးတာဝန် ထမ်းရွက်စဉ် စရိတ်ကြေးငွေ ကာမိအောင် ထောက်ပံပေးတဲ့ ရာထူးအရ ခွင့်ပြုချထားမြေ အမျိုးအစား ဖြစ်လို့ သူကြီးရဲ့ ပုဂ္ဂလိကပိုင်မြေ မဟုတ်ပါဘူး။ သူကြီး ကွယ်လွန်သွားလို့ ဖြစ်ဖြစ်၊ ရာထူးတာဝန် လွှဲပြောင်းရလို့ ဖြစ်ဖြစ် အရိုက်အရာဆက်ခံသူကို အဲဒီ သူကြီးစားမြေ လွှဲအပ်ရပြီး ၎င်းအတွက် အငှါးဂရန်အသစ် ထပ်ထုတ်ပေးရပါတယ်။
သို့သော်လည်း ဘာတွေဖြစ်လာလဲဆိုတော့ ၁(က)မှာရော၊ II စာရင်းမှာရော၊ ပြေစာမှာရော ဘယ်ရွာက သူကြီးဆိုပြီး ရာထူးအမည် ရေးသွင်းထားရလေတော့ သူကြီး သက်ရှိထင်ရှားရှိစဉ်မှာ မထောင်းတာပေမဲ့ သူကြီးကွယ်လွန်သွားခဲ့တဲ့အခါ ကျန်ရစ်သူတွေက Third Party ကို သူကြီးပိုင် မြေတွေ လွှဲပြောင်းရောင်းချတဲ့အခါ ၁(က) စာရင်းမှာ အမည်ပေါက်နေတဲ့ သူကြီးပိုင် အခြားမြေတွေနဲ့ ရောပေါင်းပြီး သူကြီးစားမြေတွေကိုပါ ထည့်သွင်းရောင်းချတဲ့ ဖြစ်ရပ်တွေ ဖြစ်လာပါတယ်။
ဒါကြောင့်မို့ ကြေးတိုင်နှင့်မြေစာရင်းမင်းကြီး မစ္စတာရေးနိုး လက်ထက်မှာ ၁၉၃၀ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့စွဲပါ အမြဲအမိန့် (၃၆)နဲ့ သူကြီးစားမြေတွေအတွက် ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ရပါတယ်။
“ကွယ်လွန်သွားကြတဲ့ သူကြီးရဲ့ မြေတွေကို ရောင်းတဲ့အခါ သူကြီးစားမြေတွေကို သူပိုင် အခြားမြေများနှင့် ရောပေါင်းပြီး ရောင်းချနေကြောင်း၊ မြေစာရင်းဌာန၏ သတိမမူ ပေါ့လျော့မှုများကြောင့် ဦးပိုင် မှတ်ပုံစာရင်းတွင် ယင်းသူကြီးပိုင်မြေများ ခေါင်းစဉ်အောက်တွင် အခြားမြေများနှင့်အတူ တစ်ဦးပိုင်တည်း စုစည်း ဖေါ်ပြထားမှုအရ ဖြစ်ရသည်ကို တွေ့ရကြောင်း၊ နောင် ဤသို့ မဖြစ်စေရန်အတွက် မြေစာရင်း လက်စွဲဥပဒေ အပိုဒ် ၈၉၆ တွင် ပြဌာန်းထားသော (၁-က)မှတ်ပုံစာရင်းများ၊ မြေခွန်ပြေစာများတွင် Thgyiza land များ၌ မူလရေးသွင်းထားသော သူကြီးရာထူး (headman's designation) များအထက်တွင် “အစိုးရ " ဟူသော စကားရပ်ကိုပါ ထပ်မံထည့်သွင်းရမည် ဖြစ်ကြောင်း”ဟု အထက်ပါ အမြဲအမိန့်မှာ ညွှန်ကြားခဲ့ပါတယ်။
၁၉၃၀ ခုနှစ်မှာ C.S.L.R H.O REYNOLDS ထုတ်ပြန်ခဲ့တဲ့ ယင်းအမိန့်အရ အခု လက်ရှိ မြေစာရင်းလက်စွဲဥပဒေ အပိုဒ် ၈၉၆ မှာ ဒီလို ပြင်ဆင် ဖေါ်ပြထားတာ တွေ့ရပါတယ်။
[ မြေစာရင်းလက်စွဲဥပဒေ အပိုဒ် ၈၉၆ ။ ။ သူကြီးစားမြေမှာ ရွာသူကြီးများသည် မိမိရာထူးအတွက် အငှါးဂရန် ရရှိထားသော မြေဖြစ်သည်။ ၎င်းမြေအတွက် အခွန်ထမ်းဆောင်ရမည်။ မှတ်ပုံစာရင်း ၁ (က) နှင့် ၂ စာရင်းများ၊ ၎င်းအပြင် ပြေစာများပေါ်တွင် အခွန်စည်းကြပ်ခံရသူမှာ “သူကြီး”ဟု ဖေါ်ပြပြီး ပိုင်ဆိုင်ခွင့်ကို အငှါးဂရန်ဟု ထည့်ပြရမည်။ (အထက်မြန်မာနိုင်ငံတွင် အခွန်လွတ်ရသော သူကြီးစားမြေနှင့် စပ်လျဉ်း၍ မြေခွန်အမိန်ဆင့်ဆိုချက် ၄၂ ၏ ခြွင်းချက်ကိုကြည့်)
သူကြီးစားမြေကို သူကြီးပိုင် အခြားမြေများတွင် မှားယွင်း ထည့်သွင်းခြင်းမှ ကာကွယ်ရန်အလို့ငှာ မှတ်ပုံစာရင်းနှင့် ပြေစာများတွင် “အစိုးရ”ဟူသည့် စကားရပ်ကို သူကြီး၏ ရာထူးအမည်ထက်တွင် ရေးသွင်းရမည်။ ]
၁၉၅၃ လယ်/နိုင် လုပ်တဲ့အခါ ဦးပိုင် အပြောင်းအလဲ၊ မြေ အပြောင်းအလဲတွေ အများကြီး ဖြစ်သွားပါတယ်။ ၁၉၆၃ သီးစားချထားရေးဥပဒေ ပြဌာန်းလိုက်တော့ လုပ်ကိုင်မှုတွေ ပိုပြီးပြောင်းလဲ သွားပါတယ်။ လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့် ရှိသည် ဆိုတဲ့ ကြွေးကြော်သံအရ မူလပိုင်ရှင်ထံက သီးစားခံ လုပ်ကိုင်နေတဲ့ သီးစားတွေ မြေယာလုပ်ကိုင်ခွင့် ရရှိလာတာ အများကြီး ဖြစ်လာပါတယ်။ မူလမြေပိုင်ရှင်တွေ ပျောက်သွားပါတယ်။ ကိုယ်တိုင် မလုပ်ဘဲ သီးစားချစားရင် သီးစားက မြေပိုင်သွားတဲ့ အနေအထား ဖြစ်လာပါတယ်။ သီးစားချစနစ်လည်း တဖြေးဖြေး တိမ်ကောလာတဲ့ အနေအထား ဖြစ်သွားပါတယ်။ သူကြီးတွေကို သူကြီးစားမြေ အငှါးချတဲ့ စနစ်လည်း ဆိုရှယ်လစ်ခေတ်မှာ တိမ်မြုပ်သွားပါတယ်။ မြေစာရင်းဌာနက လိုက်နာရတဲ့ သူကြီးစားမြေတွေကို ဥပမာ - “သာယာကုန်းသူကြီး၊ (အစိုးရ)” ဆိုပြီး ရေသွင်းမှတ်သားရတဲ့၊ ပြေစာထုတ် မြေခွန်စည်းကြပ်ရတဲ့ အလေ့အကျင့် လုပ်ထုံးလုပ်နည်းလည်း တစ်စတစ်စနဲ့ ပပျောက်သွားပုံ ရပါတယ်။
အဲဒီ အခေါ်အဝေါ်ရော၊ အဲဒီမြေအမျိုးအစားရော၊ လုပ်ထုံးလုပ်နည်းတွေရောကို ခုခေတ် လူငယ်တွေ မပြောနဲ့ ၁၉၇၆ ကျမှ ဌာနထဲ ရောက်လာတဲ့ ကျွန်တော်တို့တောင် မသိ မမီခဲ့ပါဘူး။ ကျွန်တော်တိုရဲ့ ဆရာသမားတွေတော့ သိမီခဲ့မှာပါ။ ကျွန်တော်တို့ပင်လည်း အမှုတွဲခန်းက စာရင်းဟောင်း မြေပုံဟောင်းတွေ ကြည့်ခဲ့ဖူးလို့သာ အနည်းအကျဉ်း သိခဲ့ရတာပါ။ ခုခေတ် မြေတိုင်း စာရေးတစ်ယောက်ကို ခေါ်ပြီး ကွင်းမြေပုံနဲ့ II စာရင်းကို တောင်းပြီး မင်းအုပ်စုမှာ သူကြီးစားမြေ ရှိရင် ပြစမ်းပါကွာလို့ ခိုင်းရင် ဒီဆရာ ဘာလာကြောင်နေတာလဲလို့ အပြောခံရမှာ ကျိန်းသေလှသပေါ့ဗျာ။
Credit : ကိုဇော်( နတ်မောက် )