ဤနေရာတွင် အရောင်းအဝယ်ကိစ္စ တစ်ခုတည်းအတွက်သာ နမူနာရည်ညွှန်း တင်ပြပါမည်။ အရောင်းအဝယ်ကိစ္စအတွက် စာချုပ်ချုပ်ရာတွင် အရောင်းအဝယ်စာချုပ်နှင့် အရောင်းအဝယ် သဘောတူကတိစာချုပ်ဟူ၍ ရှိသည်ကို သတိပြုသင့်ပါသည်။ ဤနှစ်ခုသည် တူသယောင်ယောင်ရှိသော်လည်း စင်စစ် မတူညီဟု ဆိုရပါမည်။
အရောင်းအဝယ်စာချုပ် ဆိုသည်မှာ ရော့ပတ္တမြား ရော့နဂါး ဆိုသလို တစ်ခါတည်း ငွေအပြီးချေ၊ တစ်ခါတည်း ပစ္စည်းလွှဲပြောင်းပေးအပ်တာမျိုး ဖြစ်ပါသည်။ အရောင်းအဝယ် သဘောတူကတိစာချုပ် အမျိုးအစားမှာ ရောင်းဝယ်မှုကိစ္စအတွက် အပြီးသတ်ချုပ်ဆိုသော စာချုပ်မျိုးမဟုတ်။ အပြီးသတ် အရောင်းအဝယ်စာချုပ်ကြီး ချုပ်ဆိုနိုင်ရေးအတွက် ပဏာမ လုပ်ဆောင်ပေးရသော စာချုပ်မျိုးသာ ဖြစ်ပါသည်။
အရောင်းအဝယ်ကိစ္စတွင် တစ်ခါတည်းနှင့် အရောင်းအဝယ် ပြတ်နိုင်သည့် အခြေအနေဆိုပါက အရောင်းအဝယ်စာချုပ် တစ်ခါတည်း ပြုလုပ်ချုပ်ဆိုပေးရပါသည်။ တစ်ခါတည်းနှင့် မပြတ်နိုင်ပါက အရောင်းအဝယ် သဘောတူ ကတိစာချုပ် ပြုလုပ်ချုပ်ဆိုပေးရပါသည်။
အရောင်းအဝယ် ကိစ္စတွင် တစ်ခါတည်းနှင့် အရောင်းအဝယ်ပြတ်နိုင်သည့် အခြေအနေဆိုပါက အရောင်းအဝယ်စာချုပ် တစ်ခုတည်း ပြုလုပ်ချုပ်ဆိုပေးရပါသည်။ တစ်ခါတည်းနှင့် မပြတ်နိုင်ပါက အရောင်းအဝယ် သဘောတူ ကတိစာချုပ် ပြုလုပ်ချုပ်ဆိုပေးရပါသည်။
အရောင်းအဝယ် သဘောတူ ကတိစာချုပ်တွင် ပါရှိသည်တို့မှာ အရောင်းအဝယ် ကိစ္စ သတ်မှတ်သည့်နှုန်းနှင့် သဘောတူကြသည့်အကြောင်း၊ စရန်ငွေကို မည်၍မည်မျှ ပေး၍ ကျန်ငွေကို မည်သို့မည်ပုံ ပေးသွားမည်ဖြစ်ကြောင်း၊ ထိုကာလအတွင်း ရောင်းသူဘက်က မည်ကဲ့သို့ ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ဖော်ပြပါ သဘောတူညီချက်များကို ရောင်းသူဘက်က ပျက်ကွက်ပါက သို့မဟုတ် ဝယ်သူဘက်က ပျက်ကွက်ပါက ကျန်တစ်ဖက်အနေနှင့် မည်ကဲ့သို့ ခံစားခွင့်ရှိကြောင်း စသည်ဖြင့် သဘောတူချက်များ၊ ကတိပြုချက်များ၊ စည်းကမ်းချက်များ ထည့်သွင်းချုပ်ဆိုလေ့ရှိပါသည်။
စာချုပ်ချုပ်ရာတွင် အပြီးသတ်စာချုပ်ကြီးချုပ်သော အချိန်သည်သာ အရေးကြီးပြီး ရှေ့ပိုင်းပြုလုပ်ချုပ်ဆိုသည့် စာချုပ်များသည် အရေးကြီးလှသည်မဟုတ်ဟု ယူဆထားကြပါသည်။ ယင်းယူဆချက်သည် မမှန်ဟု ဆိုရပါမည်။
အဦးဆုံးချုပ်ဆိုသည့် စာချုပ်ကသာ အရေးကြီးလိမ့်မည်ဟု ထင်မြင်ပါသည်။ အစ မကောင်းပါက နောက်ပိုင်းတွင် ပြဿနာများ ပေါ်ပေါက်ရှုပ်ထွေးတတ်ပါသည်။
အရောင်းအဝယ်ကိစ္စ စကားပြောပြီးနောက် ဝယ်သူက စရန်ငွေ ချပါသည်။ အရောင်းအဝယ် သဘောတူ ကတိစာချုပ် ပြုလုပ်ပါသည်။ ထိုစာချုပ်တွင် ရောင်းဖိုးငွေနှင့်ပတ်သက်၍ မည်သည့်နေ့ရက်ကို နောက်ဆုံးထားကာ အပြီးအကျေ ပေးချေရမည်ဆိုသည့်အချက် စာချုပ်တွင် မပါရှိလိုက်ဘဲ ရှိပါသည်။ ထို့ကြောင့် ဝယ်သူက နောက်ပိုင်းတွင် အချိန်ဆွဲ၍ ငွေကို နည်းနည်းချင်း ပေးချေပါသည်။ ရောင်းသူက ထိုအခါတွင်မှ ငွေကို ဘယ်နေ့ ဘယ်ရက်အပြီး ပေးချေရမည်ဖြစ်ကြောင်း အတင်းအကြပ် တောင်းဆိုခွင့်မရနိုင်တော့သည့် အဖြစ်ကို သတိပြုသင့်ပါသည်။
ကြုံဖူးသည့် အရောင်းအဝယ်ကိစ္စတစ်ခုတွင် ဝယ်သူက စရန်ငွေချပါသည်။ စတိသဘောမျှသာ ချခြင်းဖြစ်ပါသည်။ စရန်ချချိန်တွင် သဘောတူကတိစာချုပ် ပြုလုပ်ရေးထိုးရမည် ဖြစ်သော်လည်း ဝယ်သူက ရောင်းသူအား စာချုပ်ကို စိတ်ကြိုက်ရေး၍ ရိုက်ထားရန် မှာပါသည်။ ကိစ္စတစ်ခုဖြင့် သွားစရာရှိနေ၍ နောက်(၃)နာရီအကြာတွင် ပြန်လာပြီး စာချုပ်တွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ပြောပါသည်။ လောလောဆယ် စရန်ရရှိကြောင်း ပြေစာသဘော လက်မှတ်ရေးထိုးပေးရန် မေတ္တာရပ်ခံ၍ ယင်းစာကို ရယူသွားပါသည်။ ထို့နောက် ဝယ်သူသည် ခရီးလွန်နေသည်ဟု အကြောင်းပြကာ ကာလအတန်ကြာ ပျောက်သွားပါသည်။ ထိုကာလအတွင်း စရန်စတိမျှသာ ပေး၍ဝယ်ထားသော ပစ္စည်းကို အခြားတွင် လှည့်လည်ကာ အမြတ်တင်ပြီး လက်လွှဲရောင်းချ၍နေပါသည်။
စာရှုသူများက စေဒကတက်ကောင်း တက်ပါမည်။ ``ဝယ်သူပေါ်မလာရင် စရန်အဆုံးပေါ့၊ အရောင်းအဝယ် ပျက်ပြီပေါ့´´ဟု ဆိုကောင်း ဆိုပါမည်။ သို့သော် စရန်ရရှိကြောင်း စာရွက်တွင် ထပ်မံ ငွေပေးချေရမည့်ရက်၊ ယင်းရက်တွင် ပျက်ကွက်ပါက စရန်အဆုံး ဆိုသည့် အချက်များ မပါရှိသည့်အတွက် တဖက်သတ်ဖျက်ရန် မလွယ်ကူလှဟု ဆိုရပါမည်။ ရောင်းသူအနေဖြင့် နောက်တစ်ဦးကို ထပ်၍ ရောင်းပါကလည်း ရောင်းချထားပြီးပစ္စည်းကို ထပ်ရောင်းရာကျနိုင်ပါသည်။ ဤကဲ့သို့ ဖြစ်ရသည်မှာ အစ မကောင်းခဲ့၍ ထိုကဲ့သို့ ဖြစ်ရသည်ဟု ဆိုရပါမည်။
Credit : ဦးကျော်ဇေယျ( ဥပဒေ )