ဗဟုသုတ | Posted by ရွှေစင်ဝင်း
“ကလင်…ကလင်…ကလင်”
စာကြည့်စားပွဲပေါ်တင်ထားတဲ့ ဖုန်းကိုလေးတွဲသော လက်တို့ဖြင့်ကိုင်လိုက်မိသည်။ ဖုန်းဆိုသော်လည်း ဟန်းဆက်ဝယ်စဉ် ဆိုင်ကလက်ဆောင်ထည့်ပေးလိုက်သည့် ဆင်းကတ်ကိုထည့်ထားခြင်းဖြစ်သည်။ အဲ့ဖုန်းနံပါတ်ကိုပင် ကျွန်တော် အလွတ်ရဖို့တော်တော်လေး ကြိုးစားပြီးကျက်ယူလိုက်ရသည်။ အခုလည်း ကျွန်တော်ရဲ့ ကိုယ်ပိုင်ဖုန်းမှအသံမြည်နေလေပြီ။ အမှန်တကယ်ဆိုလျှင် သည်နေ့ ကျွန်တော်ဖုန်းမကိုင်ချင်ပါ။ လကုန်ပြီး ငါးရက်မြောက်ဖြစ်နေပြီ အိမ်ရှင်ထံမှဖြစ်မည်ဆိုသည်ကို ကျွန်တော်အတတ်သိထားသည်။
“ ဟုတ်ကဲ့ပါ အန်တီ ကျွန်တော်တစ်ရက်နှစ်ရက်နေရင်ပေးပါ့မယ်။ ကျွန်တော်ရစရာရှိတာလေးတွေ မရသေးလို့ပါ”
“ ဟ ကောင်ကြီး လမင်း…မင်းဘာတွေပြောနေတာလဲ ငါပါကွ၊ ပြည့်ဖြိုးအောင်ပါ”
ဤအသံကြောင့် ကျွန်တော် တော်တော်လေးပျော်သွားသည်။ ပျော် ဆိုလို့လဲ ကျွန်တော်သူ့ဆီက ရစရာလေး ရှိတယ်လေ။
“ တရုတ်ကြီး၊ ဆော်ရီးကွာ၊ ငါက အိမ်ရှင်ဘွားတော်ကြီးထင်လို့ စွတ်လွှတ်လိုက်တာ”
လူနှင့် စိတ်မကပ်ဖြစ်နေသောအချိန်၊ လစဉ်လတိုင်းလကုန်မှာကို ကြောက်မိသည်။ လကုန်လျှင် အိမ်လခ ပြဿနာက နှလုံးရောဂါ၏ အစလက္ခဏာကိုဖြစ်ပေါ်စေခဲ့သည်။ ရေကြည်ရာ မြက်နုရာ ဆိုသောစကားဖြင့် မွေးရပ်မြေရေနံချောင်းကို စွန့်ပြီး ရန်ကုန်လိုမြို့ကြီးပြကြီးကို မိတကွဲ၊ ဖတကွဲ အလုပ်လာလုပ်ခဲ့သည်။
ကိုယ့်ရပ်ကိုယ့်ရွာတွင် အိမ်နှင့်ခြံနှင့်ဝန်းနှင့် နေခဲ့ရသည်။ လတ်ဆက်သောလေကို ငါးရာခိုင်နှုန်းသော အခွန်ပေးဆောင်စရာမလိုဘဲ ရှုရှိုက်ခွင့်ရခဲ့သည်။ အခန်းကျယ်ကျယ်၊ အိမ်လုံးချင်း၊ မြေပေါသလောက် ဆောက် ခဲ့သော အဖေ့အမွေဖြင့် ကိုယ်ထီးကိုယ်နန်းနေခဲ့ရသည်။
သို့သော်လည်း ဝမ်းရေးအတွက် ပူစရာမလိုဆိုပေမယ့်၊ ဘဝတက်လမ်းအတွက် ရန်ကုန်ဆိုသော မြို့ ပေါ်သို့ရောက်လာခဲ့ရသည်။ မကွေးတက္ကသိုလ်မှ ကွန်ပျူတာဘွဲ့လေးဖြင့် လုပ်စားမည်ဟု တောသားကျွန်တော် တစ်ယောက်မြို့ယောက်ခဲ့ရသည်။ တွက်ရေးတော့စက်သူဌေးပေါ့ အလုပ်အကိုင်အခွင့်အလမ်းပေါသည်။ ကိုယ်ဖြစ် ချင်သောအောင်မြင်သောလုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်သည်။ ကိုယ်အိုးကိုယ့်အိမ်၊ ကိုယ့်ခြံလေးဖြင့်နေချင် သည်စိတ်ကူးယာဉ်အိမ်မက်တို့သည် ယခုအခါတွင်တော့ လေနှင်ရာလွင့်ပါသော တိမ်နှယ်၊ မှုံပြပြဝေးဝေးဆီ ပျံ့လွင့်ခဲ့ပေပြီ။
ရန်ကုန်…..လူနေထူထပ်သောမြို့ ဖြစ်ခြင်းကြောင့် မြို့ပေါ်ရပ်ကွက်တို့တွင် အိမ်ခြံမြေမှာဈေးကြီးမြင့် သလို၊ အခန်းငှားခတို့မှာလည်း ပဲရစ်မျှော်စင်ကဲ့သို့ပင် မြင့်တက်ခဲ့ပေသည်။ ဒီတော့ ကျွန်တော်နေဖို့ထိုင်ဖို့အ တွက် တွေးလေးဝေးခဲ့ရသည်။ အခုခေတ်စားနေတဲ့ အဆောင်ဆိုတာကလည်း တကယ့်ဗြောက်သောက်ပင် သူ့ဟာကိုယ်ယူ၊ ကိုယ့်ဟာသူယူနဲ့ ဆိုတော့ ကျွန်တော်အတွက် အဆင်မပြေရေးချမပြေနိုင်ပါ။ ဒီတော့ ဆင်ခြေ ဖုန်းရပ်ကွက်တစ်နေရာမှာ တစ်လတစ်သိန်းဟူသော ငွေစာရင်းခေါင်းစဉ်ဖြင့် အိမ်ငှားပြီး ဘဝလှေခါးတစ်ကို စတင်တက်လှမ်းနိုင်ရန်ကြိုးပမ်းရတော့မည်။ အိမ်ငှားစဉ်တွင် ပွဲစားအမောင်ကို တစ်လခတစ်သိန်းပေးပြီး အိမ်ရှင် ဘွားတော်အား လစဉ်အိမ်ငှားခပေးသွင်းသည့်စနစ်နဲ့ နေခွင့်ပြုရန်ပြောခိုင်းရသည်။
ပထမ တစ်လ၊နှစ်လ ရွာကပါလာသော ငွေကြေးဖြင့်နှုတ်ခမ်းစိုစို နေနိုင်ခဲ့သည်။ သို့သော်လည်း နေ့လ ရက်တို့သည် စက္ကန့်နှင့်အမျှရွေ့လျားနေသည့်အတွက် အချိန်၏ဝါးမြိုမှုကြောင့် ကာလလက်တံမှာလည်း ရှည်လျားလာခဲ့သည်။ ထိုအခါ အိမ်လခဟူသော ရန်ကုန်သူရန်ကုန်သားတို့၏ လမ်းရိုးကြီးအတိုင်းကျွန်တော် လျှောက်လှမ်းခဲ့ရသည်။ ဤအတော်အတွင်းမှာလည်း ရန်ကုန်ဆိုတာရန်ကုန်ပါလားဆိုတာ သင်္ချာဗေဒအရသိ လာခဲ့သည်။ အခုလည်း ဖုန်းသံကိုစိတ်ပျက်စွာကိုင်လိုက်မိ၍ ဖုန်းမျက်နှာပြင်ပေါ်ကပြတဲ့ နံပါတ်နဲ့ နာမည်ကိုမှ မဖတ်မိတော့၊ စိတ်၏စေစားရာကြောင့် လက်ကပါသွားပြီး သူငယ်ချင်းတရုတ်ကြီး၏ ဖုန်းကို အိမ်ရှင်ထင်၍ ပြော လိုက်မိခြင်းဖြစ်သည်။ မွေးရာပါ ဟိတ်ဟန်အပြည့်ဖြစ်နေခဲ့သည့်ကျွန်တော် သည်တစ်ကြိမ်တော့ ရှက်ရသည့် ဖြစ်ခြင်း…………..ခုတော့
“ အေး…ပြောတရုတ်ကြီး၊ မင်းလုပ်ခိုင်ထားတဲ့ဒီဇိုင်းပြီးသွားပြီ လာယူလို့ရပြီ”
“ အဲ့တာ ငါပြောမလို့ကွ ရစရာရှိတဲ့ ပိုက်ဆံကမရသေးလို့၊ နောက်တစ်ရက်နှစ်ရက်နေမှ ငါလာယူမယ်လို့ ပြောမလို့၊ မင်းမျှော်နေမှာစိုးလို့ ငါဖုန်းဆက်လိုက်တာ၊ ငါလည်းကတိပျက်မှာ စိုးလို့ကွ”
အော်ကတိ ပျက်မှာစိုးလို့တဲ့….ကတိဟုတ်ပါသည်။ ကျွန်တော်လည်း သူ့ဆီကရစရာရှိတာ ရရင် လက်ထဲမှာရှိတဲ့ငွေလေးနဲ့ အိမ်ရှင်ကိုပေးမယ်ဆိုပြီး ကတိပေးထားတာ။ အခုတော့ ကျွန်တော် အိမ်ရှင်ကို ကတိပျက်ရပေတော့မည်။ ဘယ်လိုလုပ်မလဲ ငွေတစ်သိန်း၊ အိမ်လခငွေတစ်သိန်း…..ဟူး…….။ လက်ထဲမှာ ကလည်း ငွေကခြောက်သောင်းပဲရှိတယ်။ တရုတ်ကြီးဒီဇိုင်းခငွေတစ်သိန်းရရင် အိမ်လခပေးမယ်ပေါ့၊ ပိုတာ ထမင်းလခဟုမှန်းထားတာ၊ ရစရာ ရှိတာမရတော့ ဒီငွေလေးသောင်းဘယ်လိုရှာမလဲ၊ ရန်ကုန်လိုနေရာတွင် သူသူကိုယ်ကိုယ် မလူးသာမလှိမ့်သာ နေထိုင်စားသောက်နေကြရသည်။ အချေးအငှားလည်း မလုပ်ချင်။
နောက်ဆုံးတော့ သိက္ခာဆိုသောခေါင်းစဉ်အောက်ကလူသားပီပီ၊ အိမ်ရှင်အဖွားကြီးကို ပေးထားတဲ့ ကတိမပျက်စေရန် တစ်သောင်းတန်တစ်ရွက်ကိုယူပြီး စကင်ဖတ်ကာ၊ ကာလာပရင်တာဖြင့် လေးရွက်ကိုထုတ် ပြီးပေးရန်ကြံမိသည်။ တရုတ်ကြီးထံမှ ပိုက်ဆံရမှ အိမ်ရှင်အဖွားကြီးကို အကျိုးသင့်အကြောင်းသင့် တောင်းပန်ပြီး အတုနဲ့ အစစ်ကိုလဲ မည်ဟုဆုံးဖြတ်လိုက်သည်။ ကံတရားတို့၏ ရိုက်ပုတ်ခြင်းဒဏ်ကို လည်စင်းခံ မည်ဟုဆုံးဖြတ်လိုက်သည်။
“မောင်လမင်းရေ……မောင်လမင်း……တံခါးဖွင့်ပါဦးကွယ်”
“ အော်-အန်တီလာလေ၊ အန်တီလာမယ်ဆိုလို့ အဆင်သင့်ပြင်ထားတယ်၊ ရော့ အန်တီ၊ တစ်သောင်း တန် ဆယ်ရွက်၊ ပြည့် မပြည့်စစ်ကြည့်ပါဦး”
“ ရပါတယ်ကွယ်…ဒီလူနဲ့ ဒီလူပဲဟာ”
တုန်ရီသောလက်ဖြင့် အိမ်ရှင်အဖွားကြီး ကိုပေးလိုက်သည်၊ စစ်ကြည့်ပါလို့ ပြောသာပြောလိုက်ရသည်၊ ကိုယ့်ရှေ့ မှာ စစ်ကြည့်လို့ အတုတွေကြားညှပ်ပေးလိုက်တာသိရင် ဟူသောအတွေးဖြင့် ကျွန်တော့ စိတ်တို့သည် မလုံမလဲ ဖြင့် စိုးထိပ်စားရှိနေခဲ့သည်။
…………………….ထိုစဉ်……………………
“ ဟေ့ကောင်-လမင်း”
“ ဟာ- တရုတ်ကြီး လာလေကွာထိုင်၊ ဘယ်ကဘယ်လိုပေါက်လာတာလည်း၊ တစ်ရက်နှစ်ရက်မှ လာမယ်ဆို”
“ ဟုတ်တယ် ငါ့ကောင်ရ၊ ငါ ရစရာ ရှိတဲ့ ပိုက်ဆံကိုဒီနေ့ပဲ လာပေးသွားလို့။ ငါလည်း ပိုက်ဆံတောင်ပူ အောင်မကိုင်တော့ပါဘူးကွာ။ သူလာပေးတဲ့ အထပ်အတိုင်းမင်းဆီပြေးလာခဲ့တာ။ ငါ့ကောင်ကြီး ငွေလိုနေတာ သိလို့”
“ ကျေးဇူးတင်ပါတယ်ကွာ၊ ဒီလောကကြီးက မင်းသိတဲ့အတိုင်းပဲ ၊ ငွေနောက်ကို ငါတို့ကလိုက်တယ်။ ငွေကအပြေးသန်တယ်၊ ငွေနဲ့ ငါတို့ကမတည့်ဘူးလား မသိပါဘူးကွာ။ ငါတို့ဆီမှာ မှတ်မိအောင်တောင် ငွေကမနေဘူး။ ခြေပေါက်ပြီး ထွက်ဖို့ကြံ ကြတယ်ကွ”
လို့ ကျွန်တော်ကပြောတော့ တရုတ်ကြီးရော ကျွန်တော် ကို ရယ်ဖြစ်ကြတာပေါ့။
တရုတ်ကြီးကို ကျေးဇူးတင်မိသည်။ မနက်က မိမိ၏မရိုးမသားလုပ်မှုကို တွေးပြီး စိတ်မကောင်းဖြစ်မိ သည်။ အိမ်ရှင် အဖွားကြီးကို တောင်းပန်ပြီး တစ်သောင်းတန်လေးရွက်ကို လိုက်ပြီးလဲရပေဦးမည်။ မိမိ အပြစ် မိမိဝန်ခံခြင်းသည် ယောင်္ကျားကောင်းတို့၏ လက္ခဏာ အင်္ဂါရပ်များပင်ဖြစ်သည်ဟု တွေးကာ တရုတ်ကြီး ပေးသော တစ်သိန်းတန်အုပ်မှ ငွေလေးသောင်း ဆွဲထုတ်လိုက်ရာ မိမိလက်ကိုပင် မိမိမယုံနိုင်သလို အကြိမ်ကြိမ် ပွတ်နေမိသည်။ ငွေတစ်သောင်းတန်တို့ကိုအလင်းရောင် ပေါ်တွင်ဘယ်ပြန်ညာပြန်ကြည့်မိသည်။ လက်တို့မှလည်း တစ်သောင်းတန်ဆယ်ရွက်ကို အကြိမ်ကြိမ်ကြည့်ရင်း ရေရွတ်မိသည်။
“ တစ်သောင်းတန် အတုလေးရွက်”
ကျွန်တော် ပါးစပ်ကအသံပင်ထွက်အောင်ရေရွတ်မိသည်။ ကျွန်တော်အိမ်ရှင် အဖွားကြီးကို ပေးလိုက်သော ငွေအတုများပင်ဖြစ်သည်။ တရုတ်ကြီးက သူရစရာရှိတဲ့သူဆိုတာ၊ အိမ်ရှင်အဖွားကြီး ၊ အိမ်ရှင် အဖွားကြီး ရစရာရှိတဲ့သူက ကျွန်တော်။ ကျွန်တော် ရစရာ ရှိတဲ့သူက တရုတ်ကြီး။ ကျွန်တော် သက်ပြင်း အကြိမ်ကြိမ်ချမိသည်။ ရစရာ ဟူသောစကားလုံးခေါင်းစဉ်အောက်က ငွေလည်ပတ်မှုသံသရာ…….
“ ဟူး…”
သက်ပြင်းရှည်ကြီး တစ်ချက်မှုတ်ထုတ်ရင်း
အဖွားကြီးဆီက ရစရာ ရှိတဲ့သူက တရုတ်ကြီး၊ တရုတ်ကြီးဆီက ရစရာ ရှိတဲ့သူက ငါဖြစ်နေတာ ကံကောင်းလို့ပေါ့ ။
ရစရာ.ရစရာ.ရစရာ. ဟူသောစကားသုံးလုံးကို ရေရွက်ရင်းဖြင့်………………………
လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com