ဗဟုသုတ | Posted by နှင်းအိခင်
မိုးကုတ် ဟူသော အသံကြားလိုက်သည်နှင့် ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီးကို ပြေးပြီး သတိရမိကြပါလိမ့်မယ်။ တကယ်တန်းကျတော့ မိုးကုတ်ဆရာတော် ဦးဝိမလသည် မိုးကုတ်မြို့ဇာတိမဟုတ်ပါ။ မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကာလက ပြည်မဒေသများတွင် အေးချမ်းမှုမရှိ၍ ပြည်မမှ မိုးကုတ်မြို့နယ်သို့ သွားရောက်၍ တရားအားထုတ်ခဲ့ကြောင်း သိရသည်။ မိုးကုတ်မြိုကမှာ သာယာချမ်းမြေ့မှုရှိသည့် ရတနာမြေဖြစ်သဖြင့် မြတ်ဗုဒ္ဓ၏ သားတော် မိုးကုတ်ဆရာတော် ဦးဝိမလသည် တရားထူးတရားမြတ် ရသည်အထိ အားထုတ်နိုင်ခဲ့သည်ဟု နာယူမှတ်သားရပါသည်။ အဖိုးထိုက်ရတနာစုဝေးရာ မိုးကုတ်ပတ္တမြားမြေ ဤသို့သော ရတနာမြေဖြစ်သည့် မိုးကုတ်မြို့နယ်အတွင်းနေထိုင်နိုင်သူများအဖို့ ကံထူးသူများ၊ ပါရမီထူး သူများဟုဆိုက လွန်အံ့မထင်ပါ။ မြန်မာလူမျိုးတိုင်း မိုးကုတ်မြေသို့ သွားလိုကြသည်။ သွားလည်ချင်ကြသည်။ မြို့အနေအထားကို အဝေးကကြည့်လိုက်လျှင် နေချင့်စဖွယ်ဆွဲဆောင်မှုအပြည့်ရှိနေသည်။ ထို့အတူ မိုးကုတ်မြို့မှာ တောင်ပတ်လည်ဝန်းရံလျက်ရှိပြီး အောက်မြေပြန်တွင် မြို့တည်ထားသဖြင့် အလွန်ပျော်စရာကောင်းသော မြို့တစ်မြို့ဖြစ်သည်ဟု ရောက်ဖူးသူတိုင်းက ချီးကျူးစကားသံကို ကြားရသည်။ တောတောင်ရေမြေ သဘာဝအလွန်လှပပြီး မြန်မာလူမျိုးသာမက တစ်ကမ္ဘာလုံးကပင် အမြတ်တနိုးတန်ဖိုးထားသော ပတ္တမြား၊ နီလာာ စသော အဖိုးတန်ကျောက်မျက်ရတနာများ ထွက်ရှိသောမြေလည်း ဖြစ်သဖြင့် မိုးကုတ်မြေကို မြတ်နိုးတန်ဖိုးထားပြီး ပတ္တမြားမြေ ဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ ဝန်ထမ်းဖြစ်လျှင်တောင် မိုးကုတ်မှာနေလိုသူများပြား ယင်းသို့တန်ဖိုးကြီးမားသော ရတနာမြေမှာ နေထိုင်သူများကို မြန်မာပြည်အရပ်ရပ်မှ လူပုဂ္ဂိုလ်များက အထင်ကြီးလေးစားကြသည်။ မြေပြန့်သားပင်ဖြစ်သော်လည်း နိုင်ငံတော်အစိုးရ၏ တာဝန်ထမ်းဆောင်ကြရာတွင် မိုးကုတ်မြို့တွင် တာဝန်ထမ်းဆောင်ချင်ကြသည်။ ရှေးလူကြီးစကားပုံ အတိုင်း ဘုရားလည်းဖူး လိပ်ဥလည်းတူးရန် ရည်ရွယ်ချက်ရှိကြသည်။ တစ်ဖက်က နိုင်ငံတော်အစိုးရ တာဝန်ကိုထမ်းဆောင်ပြီး အခြားတစ်ဖက်က အားလပ်ရက်တွင် ရတနာတူးမည်။ ရတနာအရောင်းအဝယ်လုပ်ရင်း လောကစည်းစိမ်ချမ်းသာကို ရအောင်ကြိုးစားဖို့ သွားရောက်ချင်သူများပါသည်။ ဂရန်အမည်ပေါက်ရုံဖြင့် တစ်ဦးတည်း ပိုင်ရှင်မဖြစ်နိုင် ထိုသို့ ရည်ရွယ်ချက်ရှိသူများထဲတွင် မန္တလေးမှ ကိုလင်းနှင့် ရွှေဘိုမှ မ၀င်း တို့လည်း အပါအဝင်ဖြစ်သည်။ ကိုလင်းက မိုးကုတ်မြို့မြေစာရင်း ဌာနတွင်ဒုဦးစီးမှူး တာဝန်ထမ်းဆောင်ရသည်။ ရွှေဘိုမှ မဝင်းက မိုးကုတ်မြို့တွင် အလယ်တန်းပြဆရာမတာဝန်လာရောက် ထမ်းဆောင်ခွင့်ရခဲ့သည်။ မြေပြန့်သားများဖြစ်ကြသော်လည်း ရှေးကုသိုလ်ကံကြောင့် မိုးကုတ်မြို့တွင် ရေစက်ဆုံပြီး လက်ထပ်ကြသည်။ ပြည်မသို့မပြန်တော့ဘဲ မိုးကုတ်တွင်ပင် ဇနီးမောင်နှံစီးပွားရှာရင်း အခြေချနေထိုင်ခဲ့ကြသည်။ ၁၉၇၄ ခုနှစ်တွင် မိုးကုတ်မြို့မှ မြို့ကွက်သစ်များဖော်ထုတ်သည့်အခါ၌ လုပ်သန့်ရင့်ဝန်ထမ်းဖြစ်သော ကိုလင်းနှင့် မ၀င်းတို့ ဇနီးမောင်နှံတို့လည်းမိုးကုတ်မြို့ မြို့မအနောက်ရပ်ကွက်တွင် မြေကွက်တစ်ကွက်ရရှိခဲ့သည်။ လင်မယားနှစ်ဦးစလုံး မြန်မာလူမျိုး ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ကြသဖြင့် အနှစ် (၆၀) ဂရန်လျောက်ထားသည့်အခါ ခင်ပွန်းဖြစ်သူ ဦးကိုလင်းအမည်တစ်ဦးတည်းဖြင့်လျှောက်ထားခဲ့သည်။ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ ဂရန်စာအုပ်တွင် ယောကျာ်းအမည်ပေါက်သော်လည်း ယင်းမြေကွက်မှာ လက်ထပ်ပွားပစ္စည်းဖြစ်၍ တစ်ယောက်တစ်ဝက် ပိုင်ဆိုင်ခွင့်ရှိပါသည်။ ကွာရှင်းဖို့က လွယ်ပေမယ့် မြေခွဲစိပ်ဖို့က ခက်နေတယ် ဒါပေမဲ့ ချစ်ပါသည်၊ ခင်ပါသည်၊ မြတ်နိုးပါသည်ဟု ဘယ်လောက်ပင်ပြောပြောတစ်ယောက်နှင့် တစ်ယောက်အထင်အမြင်လွဲမှား စိတ်သဘောထားခြင်း မတိုက်ဆိုင်ကြတော့လျှင် မာနကိုရှေ့ထားကာ လမ်းခွဲကြဖို့ ပြင်ကြသည်။ ယခုလည်း ကိုလင်းနှင့်မ၀င်းတို့မှာ စိတ်သဘောထားခြင်း မတိုက်ဆိုင်ကြတော့သဖြင့် မြေကွက်ရပြီးနောက် ၁၉၇၈ ခုနှစ်တွင် လင်မယားကွာရှင်းခဲ့ကြသည်။ လင်မယားကွာရှင်းခဲ့ကြသော်လည်း မြေကွက်အမည်ပေါက်မှာ ကိုလင်းအမည်ဖြင့် တည်ရှိနေသည်။ လက်ထပ်ပွားပစ္စည်းဖြစ်လျှင် နှစ်ဦးသဘောတူညီမှုလို လင်မယားကွာရှင်းသည့်အချိန်က ရွှေ့ပြောင်းနိုင်သည့် အိမ်ရှိပစ္စည်းများကို တစ်ဝက်စီခွဲဝေယူခဲ့ကြသည်။ မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်သည့်မြေကွက်ကိုမူ တစ်ဝက်စီခွဲဝေယူရန်မဖြစ်နိုင်ကြသေးသဖြင့် ကိုလင်း အမည်ဖြင့် ဂရန်အမည်ပေါက်ကျန်ခဲ့သည်။ ယင်းအချက်ကို အခွင့်ကောင်းယူကာ ကိုလင်းက ၁၉၈၀ ခုနှစ်တွင် ကိုရန်ရှင်းသို့ မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ်ချုပ်ဆို၍ အပြီးအပိုင်ရောင်းချလိုက်သည်။ သို့သော် ကိုလင်းနှင့်မ၀င်း ပစ္စည်းခွဲဝေသည့်အခါက ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းသာခွဲဝေခဲ့သော်လည်း မရွှေ့ပြောင်းနိုင်သော မြန်မာ့အနောက်ရပ်ကွက်ရှိ မြေနှင့်အိမ်ကိုမူ တရားဝင်ခွဲရသေးခြင်းမရှိသေးပေ။ ကိုလင်းက သူ့အမည်ပေါက် မြေကွက်နှင့်အိမ်ကို ကိုရန်ရှင်းအား မှတ်ပုံတင်စာချုပ်ချုပ်ဆို၍ ရောင်းချခဲ့စဉ်က မ၀င်းအား အကြောင်းကြားသတိပေးခြင်းမရှိသည့်အပြင် ၎င်း၏သဘောတူခွင့်ပြုချက်မရှိဘဲ ရောင်းချခဲ့သဖြင့် ကိုလင်းက ရောင်းချခဲ့ခြင်းကို မ၀င်းက ကန့်ကွက်ခဲ့သည်။ ကိုလင်းရောင်းသည့် မြေကွက်မယားက သဘောမတူ ကန့်ကွက်ရုံသာမက မဝင်းက လက်သမားများကိုခေါ်ပြီး အိမ်ကိုပြင်ဆင်သည်။ ယင်းသို့ပြင်ဆင်သည်ကို မှတ်ပုံတင်စာချုပ်ဖြင့် ၀ယ်ယူခဲ့သော ကိုရန်ရှင်း၏ဇနီးက ထရံကို ဖျက်ချသဖြင့် မ၀င်းက ဖျက်ဆီးမှုဖြင့် တရားစွဲသဖြင့် ကိုရန်ရှင်း၏ဇနီးမှာ ထောင်သုံးနှစ်ကျခံရသည်အထိ ဖြစ်ကုန်သည်။ မြေနှင့်အိမ်မှာ စာချုပ်ဖြင့် တရားဝင်ဝယ်ယူခြင်းဖြစ်ပါလျက် မ၀င်း၏လက်ဝယ်ရောက်သွားသည်။ ဤတွင် ကိုရန်ရှင်းမှာ မြေနှင့် အိမ်လည်း လက်လွတ်ဆုံးရှုံးပြီးဇနီးဖြစ်သူ မမြပါထောင်ကျခံရသဖြင့် မကျေနပ်၍ မြေနှင့်အိမ်ကိုလက်ရောက် ရယူလိုကြောင်း တရားစွဲသည်။ မန္တလေးတိုင်း တရားရုံးက ပလပ်ခဲ့သည်။ ထို့နောက် တရားရုံးချုပ်သို့ အယူခံဝင်သော်လည်း ထပ်မံပလပ်ခြင်းခံရပြီး ရှုံးနိမ့်ခဲ့ရပြန်ပါသည်။ ဂရန်တွင် မိမိပေါက်တိုင်း မြေကွက်ကို ပိုင်ဆိုင်ခွင့်မရနိုင် လက်ရောက်တောင်း၍မရခြင်းမှာ အဆိုပါမြေကွက်သည် ကိုလင်းနှင့်မ၀င်းတို့ လင်မယားအဖြစ်ပေါင်းသင်းစဉ်က နှစ်ဦးပိုင်လက်ထက်ပွား ပစ္စည်းဖြစ်သောကြောင့် ဖြစ်သည်။ တစ်ဦးတည်းပိုင်ပစ္စည်းမဟုတ်သဖြင့် ရောင်းချခြင်းမှာမူလ ရောင်းစဉ်ကပင်ပျက်ပြယ်နေသည်။ အမှန်မှာ ရောင်းချစဉ်က ပူတွဲပိုင်ဆိုင်သူ ဇနီးဟောင်း မဝင်း၏ ခွင့်ပြုချက်ယူ၍ ကိုလင်းကမိမိ ပိုင်ဆိုင်သောအစု၊ ခေါင်းရင်း၊ ခြေရင်း၊ သတ်မှတ်၍ ခွဲခြားရောင်းချနိုင်သည်။ ယခုမူဤသို့ မဟုတ်ဘဲ နှစ်ဦးပိုင်လက်ထက်ပွားပစ္စည်းအားလုံးကို ရောင်းချလိုက်သဖြင့် ရောင်းချခြင်းမှာ တရားမဝင်ပျက်ပြယ်ခြင်း ဖြစ်လေသည်။ နစ်နာလက်လွတ်ဆုံးရှုံးသွားသော ကိုရန်ရှင်း အနေဖြင့် ပေးချေခဲ့သော မြေကွက်တန်ဖိုး၊ ငွေများနှင့် ကုန်ကျစရိတ်များကို ကိုလင်းထံမှ တရားဝင်ပြန်လည်တောင်းယူရပါမည်။ အလွယ်မပေးလျှင် တရားစွဲတောင်းဆိုခွင့်ရှိသည်ကို စာဖတ်သူများလည်း သိရှိထားကြပါလိမ့်မည်။ ယခုစာရေးသူတင်ပြခဲ့သည့် သာဓကကို ထောက်ရှု၍ မြေနှင့်အိမ်အရောင်းအ၀ယ်ပြုလုပ်ကြမည်ဆိုလျှင် လင်ဖြစ်စေ၊ မယားဖြစ်စေ နှစ်ဦးစလုံးအပြန်အလှန်သဘောတူခွင့်ပြုကြဖို့လိုသည်။ ပြန်လည်ရောင်းချလိုလျှင်လည်း မိမိပိုင်ဆိုင်သောအစုကိုသာ ရောင်းချပိုင်ခွင့်ရှိကြောင်း မိမိနှင့်သက်ဆိုင်ခြင်းမရှိသော သူတစ်ပါး၏ဝေစုကို တစ်ပေါင်းတည်းရောင်းချခွင့်မရှိကြောင်း သင်ခန်းစာရယူနိုင်ပါကြောင်း တင်ပြပေးလိုက်ရပါသည်။ လွတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com