မြို့တော်ခန်းမဟာ ရန်ကုန်မြို့ရဲ့အဘိုးအိုကြီး တစ်ယောက်လိုပါပဲ။ မြန်မာနိုင်ငံရဲ့သမိုင်းများစွာဟာ ဒီအဆောက်အဦးကြီးရှေ့က ဖြတ်သန်းသွားကြပါတယ်။
မြန်မာပြည်သူလူထုများစွာဟာ ဗိုလ်ချုပ်ရဲ့မိန့်ခွန်းကို နားထောင်ဖို့ ဒီခန်းမကြီးရှေ့မှာ စုဝေးခဲ့ကြဖူးပါတယ်။ ခေတ်အဆက်ဆက် ပြည်သူလူထုဟာ အုပ်စိုးသူတွေကို မကျေနပ်တဲ့အခါ သူ့ရှေ့မှာ ရင်ဖွင့်ခဲ့ကြပါတယ်။ ဗုံးတွေဘာတွေလည်း သူ့ဆီမှာ ခဏခဏပေါက်ခဲ့ဖူးပါတယ်။ သူသာ စကားပြောတတ်မယ်ဆို ပြောစရာတစ်ပုံတစ်ပင်နဲ့ အဘိုးအိုကြီးတစ်ယောက်ပါ။ မြန်မာ့နိုင်ငံရေးမှာ ဒီအဆောက်အဦးကြီးက ယခုချိန်ထိလည်း ပက်သက်နေဆဲပါပဲ။
ကိုလိုနီခေတ် အခြားအဆောက်အဦးတွေနဲ့မတူဘဲ သူ့ရဲ့ထူးခြားတဲ့ပုံစံကို သာမန်လူတွေတောင် သတိထားမိနိုင်ပါတယ်။ ရိုးရာနဲ့ အနောက်တိုင်းကို ပေါင်းစပ်ထားတဲ့ပုံစံဖြစ်ပါတယ်။ ဒီလိုမျိုး သမိုင်းဝင်ထူးခြားတဲ့ အဆောက်အဦးကြီးကို ဒီဇိုင်းထုတ်ရေးဆွဲခဲ့သူကတော့ ကမ္ဘာကျော် မြန်မာ့ဗိသုကာပညာရှင် ဦးတင်ဖြစ်ပါတယ်။
၁၉၂၅ ခုနှစ်မှာ မြို့တော်ခန်းမကို ဆောက်လုပ်ဖို့ သူ့ကိုရွေးချယ်ခဲ့ပါတယ်။ စည်သူဦးတင်ဟာ ၁၉၂၄ ခုနှစ် လန်ဒန်မှာကျင်းပတဲ့ ဝင်ဘလေပြပွဲမှာ မြန်မာ့စတိုင် ညက်ညောမှုရှိတဲ့အပြောက်အမွမ်းဒီဇိုင်းတွေနဲ့ နာမည်ရထားပြီးသူ ဖြစ်ပါတယ်။ သူဟာ အိန္ဒိယနိုင်ငံ မွမ်ဘိုင်း(ဘုံဘေ)မြို့ အင်ဂျင်နီယာကုမ္ပဏီတစ်ခုမှာ လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။
မြို့တော်ခန်းမဟာ မဆောက်လုပ်ခင်ကတည်းက ပြဿနာ ရှိနေခဲ့ပါတယ်။ တကယ်တော့မြို့တော်ခန်းမဟာ ယခင်က Ripon Hall ဆိုတဲ့ ကပွဲခန်းမဖြစ်ပါတယ်။ ဒါကို မြူနီစပယ်ရုံးအဖြစ် ပြောင်းလဲထားတာပါ။ မြို့ကြီးလာတာနဲ့အမျှ မြူနီးစပယ်ရုံးခန်းကလည်း ကြီးလာတာကြောင့် ဘေးကမြေကွက်ကိုဝယ်ပြီး တိုးချဲ့ခဲ့ပါတယ်။ ၁၉၁၃ ခုနှစ်မှာတော့ အကြီစားအဆောက်အအုံကြီးအဖြစ် ပြောင်းလဲဖို့အတွက် ဒီဇိုင်းပြိုင်ပွဲတောင်လုပ်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ စစ်ကြီးဖြစ်လာတာကြောင့် အစီအစဉ်ကိုချောင်ထိုးထားခဲ့ရပါတယ်။
၁၉၂၅ ခုနှစ် အစီအစဉ်ပြန်စတယ့်အခါ ဥပဒေပြုလွှတ်တော်ကောင်စီထဲမှာ အတိုက်အခံဖြစ်ကြပါတယ်။ အင်္ဂလိပ်တွေက ဘာသာရေးဟန်ပါတဲ့ ဗိသုကာပုံစံကို မကြိုက်ကြဘူးလို့ဆိုပါတယ်။ ဒီအခါမှာ ဦးဘဖေကနေ အတိုက်အခံအဖြစ် အပြင်းအထန်ပြောခဲ့ပြီး အနိုင်ရခဲ့ပါတယ်။
ဒီလိုအခြေအနေထဲမှာ ဦးတင်ဟာ အနောက်တိုင်းနဲ့ မြန်မာ့ဟန်ကိုရောပြီး ပြဿဒ်တွေနဲ့ တည်ဆောက်ခဲ့ပါတယ်။ မြန်မာ့ဂန္တဝင်ပုံစံကို သမိုင်းထဲမှာ ပြန်လည်ရှင်သန်စေခဲ့ပါတယ်။
၁၈၉၀ ခုနှစ်မှာမွေးတဲ့ စည်သူဦးတင်ဟာ ၁၉၇၂ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ရဲ့ကျော်ကြားတဲ့ အခြားလက်ရာတွေကတော့ ရန်ကုန်ဘူတာကြီးနဲ့ မြို့မကျောင်း (အထက ၂ ဒဂုံ) တို့ဖြစ်ပါတယ်။ သူ့ရဲ့စတိုင်ကိုတော့ Buddhist နဲ့ Neoclassical အဖြစ် ကမ္ဘာမှာ လူသိများကြပါတယ်။
Ref; Wikipedia
;Burmese Design & Architecture by John Falconer, Elizabeth Moore, Alfred Birnbaum, Daniel Hahrs
;The Traveller Journal Vol-1,No-20
www.iMyanmarHouse.com မှာ ရေးသားဖော်ပြသည်။
Credit: iMyanmarHouse