အခုတစ်လော ကျွန်တော်တို့အပြောများလာတဲ့ကိစ္စကတော့ အောက်တိုဘာလဆန်းက ထုတ်ပြန်လိုက်တဲ့ အိမ်၊ ခြံ၊ မြေ ရာဖြတ်နှုန်းများ တိုးမြှင့်သတ်မှတ်လိုက်သော ကိစ္စဖြစ်ပါတယ်။ ဒီလို တိုးမြှင့်လိုက်သောကြောင့် ဈေးကွက်အခြေအနေကို အတော်စိတ်ဝင်စား မေးမြန်းကြတာကို တွေ့ရပါတယ်။ သနားဖို့ကောင်းတာက အမှန်တကယ် ဝယ်ပြီး နေကြမယ့် သုံးကြမယ့်လူတွေလည်း အခွန်အရမ်းများသွားတာကို အတော်လေး ခေါင်းခဲပြီး ငြီးကြတာကိုလည်း တွေ့ရပါတယ်။
ဝယ်လိုသူနည်းလာသောဈေးကွက်တွင် ဖြစ်နိုင်ချေကတော့ ဈေးအီလာတာပါပဲ။ အိမ်၊ ခြံ၊ မြေ ဆိုတာ စက်ရုံက ရိုက်ထုတ်လို့ရသော ထုတ်ကုန်မဟုတ်သောကြောင့် ဈေးရုတ်တရက် ပြုတ်ကျဖို့ဆိုတာ မဖြစ်နိုင်ပါဟု ထင်ပါတယ်။ ( ပြည်တွင်းစစ်ဖြစ်ပွားပြီး စီးပွားပျက်ကပ်ဆိုက်ခြင်း၊ သဘာဝ ဘေးအန္တရာယ် တစ်ခုခု ဆိုးရွားစွာ ကျရောက်ခြင်းများ မဖြစ်ပါဘဲနှင့်) ထိုသို့ ပြဿနာ အကြီးအကျယ် ဖြစ်ပွားလျှင်တော့ ဈေးကွက်ပျက်၍ ဈေးများထိုးကျတက်သော သာဓက များရှိလို့ပါ။ လောလောဆယ်တော့ ဈေးများအေး၍သာရှိ၍ အရောင်းအဝယ်အနည်းငယ်သာ ခပ်ပါးပါး ဖြစ်နေပါတယ်။
လုံးဝ အရောင်းအဝယ်ရပ်တာမျိုးတော့ မဟုတ်ပါ။ အိမ်၊ ခြံ၊ မြေ တိုက်ခန်း သိန်း (၅၀၀) မှ (၁၅၀၀) လောက်အထိကတော့ ပုံမှန်အရောင်းအဝယ်လေးတွေ ဖြစ်ကြတာတော့ တွေ့ရှိရပါတယ်။ ဈေးမြင့်သော သိန်းထောင်ကြီးတန်း နှင့် သိန်းသောင်းချီ အကွက်များ ကတော့ ငြိမ်နေတာ တွေ့ရပါတယ်။ ပါမစ်မြေ အချို့  ကိုလည်း အခွန်ရှောင်လို့ရတယ် ဆိုပြီး အချို့ က ဈေးဆစ်ပြီး တန်ရင် ၀ယ်ကြတာကို လည်းတွေ့ရပါတယ်။
စီမံကိန်းနာမည်ကြီးမြေတွေကတော့ ရပ်နားသည်ဟု မကြေညာခင် ရက်ပိုင်းအလိုကပင် အေးလာသည်မှာ ယခုဆိုလျှင် မေးသူမရှိ ရောင်းသူသာရှိဈေးကွက်ဖြစ်နေပါတယ်။ အငှားဈေးကွက်ကတော့ ပုံမှန်လေးဖြစ်နေပါတယ်။
နောက်တစ်ပတ်ဆက်လက်၍ အငှားဈေးကွက် တင်ပြဆွေးနွေးပါမည်ခင်ဗျာ…
Credit: Myanmar Property News