ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
တူရကီနိုင်ငံတွင် ရှေးဟောင်းသမိုင်းဝင်မြို့တစ်မြို့၏ နေအိမ်တစ်ခုအောက်တွင် ရွှေဒင်္ဂါးများ အပြည့်ပါသော အိုးတစ်လုံး တူးဖော်တွေ့ရှိခဲ့သည်။
ကမ္ဘာပေါ်တွင် ယခုကဲ့သို့ အခါအားလျော်စွာ ရှေးဟောင်းပစ္စည်းများ တူးဖော်တွေ့ရှိမှုများမှာ လူတို့အတွက် အံ့အားသင့်ဖွယ်ရာများပင် ဖြစ်သည်။
မဖြစ်နိုင်သောနေရာမျိုးတွင် တွေ့ရှိခြင်း၊ ဥပမာ ရှေးခေတ်ပေါ်တူဂီလှေကြီးတစ်စင်းကို ဒေါ်လာ ၁၃ သန်းခန့် တန်ကြေးရှိသော ရွှေဒင်္ဂါးပြားများအပြည့်ဖြင့် အာဖရိကရှိ သဲကန္တာရထဲတွင် တွေ့ရှိခြင်းမျိုးဖြစ်နိုင်သကဲ့သို့ ကမ္ဘာ့အကြီးမားဆုံး ရွှေတုံးကြီးတွေ့ရှိမှုမျိုးကဲ့သို့ အရွယ်အစားကြီးမားသည့် တွေ့ရှိမှု အစရှိသဖြင့် အမျိုးမျိုး ဖြစ်နိုင်သည်။
(ဆက်စပ်သတင်း)
နှစ်ပေါင်း ၅၀၀ နီးပါး ပျောက်ဆုံးနေသော သင်္ဘောကြီးတစ်စင်းကို အာဖရိကရှိ သဲကန္တာရတစ်ခုထဲတွင် ရွှေဒင်္ဂါးများအပြည့်ဖြင့် ပြန်လည်တွေ့ရှိ
တူရကီ၏ အနောက်ပိုင်းတွင် Notion ဟုခေါ်သည့် ရှေးခေတ် ဂရိမြို့တစ်မြို့တွင် ယခုရွှေအိုးကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ရွှေဒင်္ဂါးပြားများတွင် ဝပ်နေသော လေးသည်တော်ပုံ ရိုက်နှိပ်ထားပြီး ပါရှားအင်ပါယာက ထုတ်လုပ်ခဲ့သည့် ရွှေဒင်္ဂါးများ ဖြစ်သည်။
သဲလွန်စ အချက်အလက်များအရ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၅၀၀ ခန့်က ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရသည်။
ရွှေဒင်္ဂါးများ မြှုပ်နှံခဲ့သည့်အကြောင်းရင်းကို ရှေးဟောင်းသုတေသနပညာရှင်တို့၏ သုံးသပ်ခန့်မှန်းချက်အရ ကြေးစားစစ်သားတို့၏ အဖိုးအခအဖြစ် ရရှိခဲ့သည့် ရွှေဒင်္ဂါးများဖြစ်နိုင်ကြောင်း ခန့်မှန်းကြသည်။
အမေရိကန်ပြည်၊ မီချီဂန်တက္ကသိုလ်၏ ထုတ်ပြန်ချက်အရ အဆိုပါရွှေဒင်္ဂါးများမှာ Notion ၏ အရှေ့မြောက်ဘက် မိုင် ၆၀ အကွာတွင် တည်ရှိသော Sardis အမည်ရှိ ရှေးဟောင်းမြို့တွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ရှေးဟောင်းသုတေသနအတွက် တူးဖော်ရင်း ဒီလို တန်ဖိုးကြီးပစ္စည်းတွေ ခြေရာလက်ရာမပျက် တွေ့ရှိရမှုမျိုးဟာ သိပ်ကို ရှားပါးပါတယ်။” ဟု မီချီဂန်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ Christopher Ratte က ပြောသည်။
“ပြန်ယူဖို့ ရည်ရွယ်ချက်မရှိဘဲ ရွှေဒင်္ဂါးတွေ အိုးလိုက်မြှုပ်တဲ့သူ မရှိပါဘူး။ ဒါကြောင့် ပိုင်ရှင်ဟာ ရွှေဒင်္ဂါးအိုးကို ပြန်မယူနိုင်အောင် ကံဆိုးမိုးမှောင်တစ်ခုခု ကျခဲ့တယ်လို့ ယူဆရပါတယ်”
“ဂရိ သမိုင်းပညာရှင် Xenophon ရဲ့ ပြောကြားချက်အရဆိုရင် ဒီပါရှန်ဒင်္ဂါးတစ်ပြားဟာ ရှေးခေတ်စစ်သည်တစ်ဦးရဲ့ တစ်လစာ လခနဲ့ ညီမျှတယ်လို့ ဆိုပါတယ်” ဟု Christopher က ရှင်းပြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Pot overflowing with gold coins unearthed beneath home in rare discovery