ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ဂျာမနီနိုင်ငံမြောက်ပိုင်းရှိ တောအုပ်ကြီးတစ်ခုထဲတွင် Timber over Tinder ဟု နာမည်ကြီးလူသိများသော စာတိုက်ပုံးတစ်ခုရှိသည်။
ထိုစာတိုက်ပုံးမှာ သမားရိုးကျ တွေ့မြင်နေကျ စာတိုက်ပုံးမျိုးမဟုတ်သည့်အပြင် ရည်ရွယ်ချက်ခြင်းလည်း မတူချေ။
သမားရိုးကျ စာတိုက်ပုံးများမှာ သတ္တုဖြင့် ပြုလုပ်ထားပြီး ပေးစားအမျိုးအစား အမျိုးမျိုး ပေးပို့ဆက်သွယ်ကြသည့် စာတိုက်ပုံးများဖြစ်သည်။
ယခု စာတိုက်ပုံးမှာမူ နှစ်ရာပေါင်းများစွာ သက်တမ်းရှိ ဝက်သစ်ချပင်ကြီး၏ သစ်ခေါင်းကြီးကို စာတိုက်ပုံးသဖွယ် အသုံးပြုထားခြင်းဖြစ်ကာ ပေးစာများအားလုံးမှာ ချစ်သူတို့အကြား အပြန်အလှန်ဆက်သွယ်သော မေတ္တာစာများသီးသန့် ဖြစ်သည်။
သစ်ခေါင်းစာတိုက်ပုံးရှိသည့် သစ်ပင်ကြီးမှာ သတို့သား၏ ဝက်သစ်ချပင် (Bridegroom’s oak) ဟု အမည်ပေးထားသည့် ရှေးဟောင်းဝက်သစ်ချပင်ကြီး ဖြစ်သည်။
သစ်ခေါင်းစာတိုက်ပုံးကြီးသည် ချစ်သူတို့အကြား ရာစုနှစ်တစ်ခုကျော် မေတ္တာပေါင်းကူးတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။
(▲ ဂျာမနီနိုင်ငံမြောက်ပိုင်း Eutin မြို့အနီး Dodau အမည်ရှိ တောအုပ်ကြီးထဲမှ ‘သတို့သား၏ ဝက်သစ်ချပင်’ အမည်ရှိ ဝက်သစ်ချပင်ကြီး၏ သစ်ခေါင်းကြီးကို စာတိုက်ပုံးသဖွယ် ၁၈၉၂ ခုနှစ်ကတည်းက စတင် အသုံးပြုခဲ့သည်။ အဆိုပါသစ်ပင်ကြီးကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက် စနေနေ့က ရိုက်ကူးထားသော ဓာတ်ပုံဖြစ်သည်။ ဓာတ်ပုံ-AP Photo/ Michael Probst)
စာတိုက်ပုံးသစ်ခေါင်းကြီးကို ဂျာမန်ဘာသာအားဖြင့် ဘောဒီဂန်းဇိုင်းရှဲ (Brautiganseiche) ဟုခေါ်ပြီး အဓိပ္ပာယ်မှာ သတို့သား၏ ဝက်သစ်ချပင် ဖြစ်သည်။
ဘာလင်မြို့၏ မြောက်ဘက် ၂၅၀ ကီလိုမီတာ (၁၅၅ မိုင်) ခန့်အကွာ Dodau တောအုပ်ကြီးအတွင်း တည်ရှိသော သစ်ခေါင်းစာတိုက်ပုံးတွင် ကိုယ်ပိုင်စာတိုက်သေတ္တာနံပါတ်ပင် ရှိနေသည်။
ဂျာမနီ စာပို့သမားတို့သည် ဂျာမနီပြည်တွင်းအပြင် ရေမြေခြား အခြားကမ္ဘာ့တိုက်ကြီးများမှ ပေးပို့လာသော ချစ်သဝဏ်လွှာ တစ်လလျှင် အစောင် ၅၀ မှ ၆၀ ကြားကို သတို့သား၏ ဝက်သစ်ချပင်ရှိရာသို့ မြှားနတ်မောင် လုပ်ပေးကြရသည်။
သစ်ခေါင်းစာတိုက်ပုံးရှိရာ ဝက်သစ်ချပင်ကြီးသည် အမြင့် ၂၅ မီတာ (၈၂ ပေ) ခန့်ရှိပြီး နှစ်ပေါင်း ၅၀၀ ကျော် သက်တမ်းရှိပြီဟု ဆိုသည်။
အချို့သော စာပို့သူ (သို့မဟုတ်) စာလက်ခံမည့်သူတို့သည် သစ်ခေါင်းစာတိုက်ပုံးရှိရာ သစ်ပင်အမြင့် ၃ မီတာ (၁၀ ပေ) ခန့်သို့ လှေကားတစ်ခုဖြင့် တက်ကြရသည်။
ဝက်သစ်ချပင်ကြီးရှိရာသို့ လာရောက်လည်ပတ်သူများမှာ စာတိုက်ပုံးသစ်ခေါင်းထဲရှိ မေတ္တာစာလွှာများကို စပ်စုလေ့ ရှိကြသည်။
အချို့သော စာများမှာ မိုင်ထောင်ချီဝေးကွားသော သမုဒ္ဒရာရေမြေခြားသည့် အခြားသော ကမ္ဘာ့တိုက်ကြီးများမှ ပေးပို့သော စာများဖြစ်သည်။
ထိုစာများကို ဖတ်ရှုကာ စာပေးသူများနှင့် တိတ်တခိုးချစ်သူများ ဖြစ်လာနိုင်သေးသည်။
“စာပေးစာယူ အချစ်ရေးတွေကနေတဆင့် လက်ထပ်သွားကြသူတွေ ရှိပါတယ်” ဟု ဂျာမနီ စာပို့ဌာနက ပြောသည်။
(▲ သတို့သား၏ ဝက်သစ်ချပင်အနီး ဖြတ်သန်းသွားလာသူတစ်ဦးကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက်၊ စနေနေ့က တွေ့ရပုံ။ ဓာတ်ပုံ-AP Photo/ Michael Probst)
ဂျာမနီစာပို့လုပ်ငန်း၏ ပြောဆိုမှုအရ ဝက်သစ်ချပင်ကြီးသည် ရှေးအခါက တောခေါင်းကြီး၏သမီးနှင့် Leipzig မြို့သား ချောကလက်လုပ်ငန်းရှင်တစ်ဦးတို့ ချိန်းတွေ့သောနေရာတစ်ခု ဖြစ်ခဲ့သည်ဟု ဆိုသည်။
ကနဦးတွင် တောခေါင်းကြီးက သဘောမတူခဲ့။
ထို့ကြောင့် ချစ်သူနှစ်ဦးမှာ သတို့သား၏ ဝက်သစ်ချပင်မှ သစ်ခေါင်းကြီးထဲတွင် စာများထားရှိကာ အပြန်အလှန် ဆက်သွယ်ခဲ့ကြသည်။
နောက်ဆုံးတွင်မူ တောခေါင်းကြီးက သဘောတူသွားပြီး ၎င်းတို့နှစ်ဦး ဝက်သစ်ချပင်ကြီးအောက်တွင် ၁၈၉၂ ခုနှစ်၌ လက်ထပ်ခဲ့ကြသည်။
သစ်ခေါင်းစာတိုက်ပုံးရှိရာသို့ သင့်အနေဖြင့်လည်း စာပေးပို့နိုင်ပါသည်။
ပေးပို့လိုသူများအနေဖြင့် အောက်ဖော်ပြပါ လိပ်စာသို့ ပေးပို့နိုင်ကြောင်း သိရသည်။
((▼ Timber over Tinder သစ်ခေါင်းစာတိုက်ပုံး၏ လိပ်စာ ▼ ))
Brautiganseiche , Dodauer Forst, 23701 Eutin, Germany.
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Timber over Tinder: Bridegroom’s Oak in a German forest has connected lovers for over a century Photo Credit- AP Photo/ Michael Probst