ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေသည်။
ထိုကလေးငယ်ကို ခေါင်းဆောင်အဖြစ်တင်မြှောက်ကာ “ဗုဒ္ဓ၏ သားတော် ပြန်လည်ဝင်စားသူ” ဟု အမည်ပေးကာ ဂိုဏ်းဖွဲ့ထားသည်။
အဆိုပါဂိုဏ်းကို ထိုင်းအာဏာပိုင်တို့က ပိတ်ပင်တားမြစ်ထားခဲ့သော်လည်း မကြာသေးမီက အွန်လိုင်းပေါ်တွင် ပြန်လည်ပေါ်ထွက်လာသောကြောင့် ထပ်မံအရေးယူမှုများ ပြုလုပ်ပေးရန် ထိုင်းအာဏာပိုင်တို့ကို တိုင်တန်းမှုများ ပေါ်ပေါက်နေသည်။
ကလေးငယ်၏ အမည်မှာ နီရမိတ္တ (သို့မဟုတ်) နောင့်နိုက်စ် ဖြစ်သည်။
နီရမိတ္တမှာ စိမ်းကားသောဟု အဓိပ္ပာယ်ရသည်။
နီရမိတ္တ၏ မိဘနှစ်ပါးအနေဖြင့် သားဖြစ်သူက ဗုဒ္ဓတရားတော်များကို ပုံဖျက်ဟောပြောနေခြင်းများအား မဖြန့်ဖြူးရန် ဆူရတ်သနီ ကလေးသူငယ်နှင့် မိသားစု တရားရုံးက ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွင်း အမိန့်ချမှတ်ထားခဲ့ပြီး ဖြစ်သည်။
နီရမိတ္တ၏ မိဘများသည် ဗုဒ္ဓ၏ တရားတော်များနှင့် တွဲဖက်ကာ သားဖြစ်သူ၏ ကြောင်တောင်တောင် အတွေးအခေါ်များကို ရောယှက်ပြီး ဖြန့်ဖြူးနေခြင်း ဖြစ်သည်။
သားဖြစ်သူ၏ ကြောင်စီစီ ပြောဆိုမှုများကို သတင်းမီဒီယာများအပြင် လူမှုကွန်ရက်မှတဆင့် live လွှင့်ခြင်းများ ပြုလုပ်ကာ ဖြန့်ဖြူးခြင်းဖြင့် သားဖြစ်သူကို ခုတုံးလုပ်ကာ ကိုယ်ကျိုးရှာနေခြင်းဖြစ်သည်ဟု တရားရုံးက သုံးသပ် ခဲ့သည်။
တရားရုံး၏ အမိန့်တွင် ကလေးငယ်၏ ဟောပြောမှုများ၊ ဓာတ်ပုံများကို အများပြည်သူသို့ ထုတ်ပြန်ချပြခြင်း မပြုလုပ်ရန် တားမြစ်ပိတ်ပင်ခဲ့သည်။
သို့သော် တရားရုံးက အမိန့်ချမှတ်ခဲ့ချိန်တွင် ကလေးငယ်၏ မိခင်ဖြစ်သူ နသာဖွန်က Niramitr Theva Juti (တန်ခိုးရှင်အဖြစ် မွေးဖွားလာသူ နီရမိတ္တ) ဟူသော Facebook စာမျက်နှာတွင် ရေးသားခဲ့သည်မှာ နီရမိတ္တသည် နောင် ၆ လကြာလျှင် ပြန်လည်ဟောပြောမည်ဟု ဖြစ်သည်။
(▲ သားဖြစ်သူကို ခုတုံးလုပ်ကာ မိဘများက ကိုယ်ကျိုးရှာကြသည်ဟု အများကဝေဖန်သည်။ ဓာတ်ပုံ-Getty Images)
“၆ လအတွင်း ဗုဒ္ဓလမ်းစဉ်နဲ့အညီ တရားဓမ္မကျင့်စဉ်ပုံစံတစ်မျိုးနဲ့ တရားထူးရမှုကို တွေ့ရလိမ့်မှာ ဖြစ်ပါတယ်” ဟုလည်း အဆိုပါ ဖေ့စ်ဘုတ်ပို့စ်တွင် ဖော်ပြသည်။
ယခုအခါ အဆိုပါ ပုံဖျက်တရားများ ပြန်လည်ထွက်ပေါ်လာနေမှုနှင့် စပ်လျဉ်းပြီး Santi Pracha ဓမ္မကလပ်၏ ဥက္ကဌ (ဒီမိုကရက်ပါတီ လွှတ်တော်အမတ်ဟောင်း) တန်ခွန် ဂျစ် အစ်ဆာရက ဒုစရိုက်နှိမ်နင်းရေးဌာနထံသို့ သက်သေအထောက်အထားများ တင်ပြခဲ့သည်။
(▲ တရားရုံး ကြားနာစစ်ဆေးချက်အရ အဆိုပါ ကလေးငယ်သည် ဗုဒ္ဓ၏ တရားတော်များနှင့်တွဲကာ ပုံဖျက်ထားသော တရားများကို ဖြန့်ဖြူးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ဓာတ်ပုံ-AFP via Getty Images)
သက်သေအထောက်အထားများအနက်တစ်ခုမှာ မကြာသေးမီက ကျင်းပခဲ့သော ဘာသာရေးအခမ်းအနားတစ်ခုတွင် လူကြီးများက အဆိုပါကလေးငယ်ကို ရှိခိုးကန်တော့နေကြသည်ကို တွေ့ရသည်။
ကလေးငယ် နီရမိတ္တကို ဟောပြောမှုများ မလုပ်ရန် တရားရုံးမှ ပိတ်ပင်ထားသော်လည်း မကြာသေးမီက ဟောပြောသည့်ဗွီဒီယိုများ ပျံ့နှံ့လာနေမှုမှာ တရားရုံးအမိန့်ကို ချိုးဖောက်နေကြောင်း တန်ခွန်က ပြောသည်။
နီရမိတ္တနှင့် သူ၏ဂိုဏ်းကို ထောက်ပံ့ကူညီမည်ဟု Facebook လူမှုကွန်ရက်တွင် မတ်လ ၇ ရက်က ရေးသားကတိပြုခဲ့သော နာမည်ကြီးရုပ်ရှင်မင်းသမီးတစ်ဦးကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်လည်း တန်ခွန်က ရဲတပ်ဖွဲ့ထံ တောင်းဆိုထားသည်။
အဆိုပါရုပ်ရှင်မင်းသမီးသည် Facebook တွင် ပို့စ်များစွာ ရေးသားခဲ့ရာ၌ ထိုအဖွဲ့ကို ကူညီထောက်ပံ့ခြင်း၊ အားပေးခြင်းများနှင့် ပတ်သက်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းမှာ ရာဇသတ်ကြီး ပုဒ်မ ၈၆ နှင့် ငြိစွန်းနေသည့်အပြင် ကလေးသူငယ်ရေးရာ ဥပဒေများကိုလည်း ချိုးဖောက်နေကြောင်း တန်ခွန်က ပြောသည်။
(▲ နီရမိတ္တ၏ တရားဟောပြောမှုများ ရပ်တန့်စေရန် ၎င်း၏မိဘများအား တရားရုံးက အမိန့်ချမှတ်ထားသည်။ ဓာတ်ပုံ-Getty Images/ iStockphoto)
မစ္စတာ တန်ခွန်သည် ယခုအကြောင်းရပ်ကို လူမှုရေး၊ လူ့လုံခြုံရေး ဝန်ကြီးဌာနနှင့် ဗုဒ္ဓဘာသာရေးရာ အမျိုးသားရုံးတို့သို့လည်း သက်သေအထောက်အထားများ တင်ပြထားသည်။
တရားရုံးက ပြီးခဲ့သောနှစ် သြဂုတ်လ ၂၈ ရက်တွင် အမိန့်ချမှတ်ထားသည်မှာ စိတ်ချင်းဆက်သွယ်နိုင်သည့် စိတ်တန်ခိုးရှိသည်ဟုဆိုသော အဆိုပါကလေးငယ်ကို စိတ်ရောဂါကုဆရာဝန်များနှင့် ပြသရန်လည်း အမိန့်ချမှတ်ထားသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Cult of the 'reincarnated son of Buddha' led by nine-year-old boy resurfaces as warning issues Photo Credit- AFP via Getty Images, iStockphoto