ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
### Unicode Version ###
ရန်ကုန်မြို့ပတ်ရထားလမ်း ရန်ကုန်မြို့ပတ်အပြင်ပတ်လမ်းဖြစ်သော အရှေ့ခြမ်း တညင်းကုန်း-မင်္ဂလာ ဒုံ-ပုရွက်ဆိတ်ကုန်း ရထားလမ်းပိုင်းအား အောက်တိုဘာ ၁၇ တွင်ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှသိရသည်။
အဆိုပါလမ်းပိုင်းပြန်လည်ဖွင့်လှစ်ခြင်းကြောင့် မြို့ပတ်ရထားအချိန်စာရင်းအနည်းငယ်ပြောင်းလဲမှုရှိမည်ဖြစ်ကြောင်း၊ထို့အတွက် ရထားအချိန်စာရင်းများကို သက်ဆိုင်ရာဘူတာတစ်ခုချင်းစီတွင် ကြေညာပေးထားမည်ဖြစ်ကြောင်း သိရသည်။
မြို့ပတ်ရထားလမ်းပြုပြင်မှုတွင် မြို့ပတ်အနောက်ဘက်ခြမ်းအတွက် A-1 ကုမ္ပဏီ၊မြို့ပတ်အရှေ့ဘက်ခြမ်းအတွက် ရွှေတောင်ကုမ္ပဏီတို့နှင့်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
လက်ရှိရန်ကုန်မြို့တစ်ပတ်ကို ၂ နာရီမိနစ် ၅၀ ကြာမြင့်ပြီး အဆင့်မြှင့်တင်မှုလုပ်ငန်းများပြီးစီးလျှင် ၁ နာရီ မိနစ် ၅၀ အတွင်းလျော့ချပြေးဆွဲနိုင်ရန်စီစဉ်ထားကြောင်း၊လက်မှတ်ခနှုန်းထားများမှာ ခရီးအစမှ ၁၅ မိုင်အတွင်း ၁၀၀ ကျပ်ဖြစ်ကြောင်း၊၁၅ မိုင်နှင့်အထက်မြို့တစ်ပတ်လုံးကို ၂၀၀ ကျပ်ဖြစ်ပြီး မနက် ၄ နာရီမှ ည ၁၀ နာရီအထိ ပြေးဆွဲသွားမှာဖြစ်ကြောင်း မြန်မာ့မီးရထားမှသိရသည်။
မြို့ပတ်ရထားလမ်း နှင့် ဘူတာရုံများအဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၀ မတ်လ ကုန်တွင်အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com