ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် ယခုလာမည့် ပွင့်လင်းရာသီတွင် ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများကို အပြာရောင်ကမ္ပည်းပြားများ တပ်ဆင် သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့မှ သိရသည်။
''အမွေအနှစ်အဆောက်အအုံဆိုတာ သက်တမ်း အရသော်လည်းကောင်း၊ လက်ရာအရသော် လည်းကောင်း၊ သမိုင်းအရသော် လည်းကောင်း၊ ထင်ရှားတဲ့လူ၊ ထင်ရှားတဲ့လူပုဂ္ဂိုလ်တွေနဲ့ ဆက်စပ် ပြီးတော့လည်းကောင်း အရေးပါတဲ့အဆောက်အအုံ မှန်သမျှကို ကျွန်တော်တို့အမွေအနှစ်လို့ ခေါ်ပါ တယ်။ ရန်ကုန်မှာ ရှေးဟောင်းအဆောက်အအုံနှစ်ထောင်ကျော်ရှိပါတယ်။ လူနေအိမ်ကိုယ်ပိုင် အဆောက်အအုံတွေလည်းပါတယ်။ အဲဒီထဲမှာမှ သမိုင်းအရ ထင်ရှားတဲ့အဆောက်အအုံတွေကို ကပ်သွားမှာ။ လက်ရှိမှာ ၂၁ ခုကပ်ပြီးသွားပြီ'' ဟု ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ စီမံကိန်းအရာရှိ ဦးသူရိန်အောင်က ပြောသည်။
အဆိုပါ ကမ္ပည်းပြားတပ်ဆင်မှုများကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလလယ်ခန့်တွင် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ရှိ ကျားရုံ(လှောင်အိမ်)ကို လည်းကောင်း၊ နိုဝင်ဘာလတွင် အထက(၁)ပုဇွန်တောင်နှင့် ဗြိတိန်သံရုံးကို လည်းကောင်း၊ ဒီဇင်ဘာလတွင် အထက(၂)ဒဂုံ (မြို့မကျောင်း) အထက(၁)လမ်းမတော်(စိန်ဂျွန်း)နှင့် ဗိုလ်အောင်ကျော်လမ်းကို လည်းကောင်း၊ ၂ဝ၁၉ ခုနှစ် လဆန်းပိုင်းတွင် စုပေါင်းရုံးအင်းလျားကန်(ယခု ဟိုတယ်အဖြစ် ပြုပြင်မွမ်းမံထား)နှင့် ဗဟိုအမျိုးသမီးဆေးရုံကို လည်းကောင်း အပြာရောင် ကမ္ပည်းပြားများ တပ်ဆင်ရန် စီစဉ်ထားကြောင်း သိရသည်။
''ရန်ကုန်မြို့မှာ နေထိုင်သွားလာနေကြတဲ့သူတွေက ဒီအဆောက်အအုံ တွေနားကနေ ဖြတ်သန်းလာနေကြတယ်။ ဒါပေမယ့် လူနည်းနည်းကသာ အဆောက်အအုံတွေရဲ့ သမိုင်းကြောင်းရာဇဝင်နဲ့ စိတ်ဝင်စားစရာအဖြစ်အပျက် တွေကို သိတယ်။ အဲဒါကြောင့် လူအများကို သိစေချင်တယ်။ အထူးသဖြင့် လူငယ်တွေကို ပိုသိစေချင်တယ်။ ထိန်းသိမ်းသင့်တယ်ဆိုတဲ့အမြင်လေး ရစေချင် တယ်။ အဆောက်အအုံအားလုံး ခြုံငုံကြည့်မယ်ဆိုရင် ရန်ကုန်မြို့ရဲ့ ပင်ကိုစရိုက် လက္ခဏာကိုလည်း ပြသနေသလို ကမ္ဘာလှည့်ခရီးသွားတွေကိုလည်း ဆွဲဆောင် နိုင်တဲ့အလားအလာတွေ အများကြီးရှိတယ်'' ဟု ဦးသူရိန်အောင်က ပြောသည်။
အပြာရောင်ကမ္ပည်းပြားတပ်ဆင်မည့် ကျားရုံမှာ ၁၉၁၅ ခုနှစ်တွင် အင်္ဂလန် ဘုရင်ကြီးအထိမ်းအမှတ်အဖြစ် ဆောက်လုပ်ထားကြောင်း၊ အထက(၁)ပုဇွန်တောင် အား ၁၉၁၈ ခုနှစ်တွင် ပရဟိတပိုင်း၌ စိတ်အားထက်သန်သည့် အိန္ဒိယမှ သူဌေးကြီးက ဆောက်လုပ်ခဲ့ကြောင်း၊ ဗြိတိသျှသံရုံးကို ၁၉ဝဝ ပြည့်နှစ်တွင် စကော့တလန်လူမျိုးများပိုင် ကုန်သွယ်ရေးအဆောက်အအုံအဖြစ် ဆောက်လုပ် အသုံးပြုခဲ့ပြီး လွပ်လပ်ရေးရပြီးနောက်ပိုင်းတွင် သံရုံးအဖြစ် အသုံးပြုခဲ့ကြောင်း။
အထက(၂)ဒဂုံ(မြို့မကျောင်း)မှာ ၁၉၂ဝ ကျောင်းသားသပိတ်အပြီး ပေါ်ပေါက်လာသည့် အမျိုးသားကျောင်းများထဲမှ တစ်ခုဖြစ်ပြီး မြန်မာ့သမိုင်း နှင့် နိုင်ငံရေးလှုပ်ရှားမှုသမိုင်းတွင် အလွန်အရေးပါသည့် ကျောင်းတစ်ကျောင်း ဖြစ်ကြောင်း၊ စိန်ဂျွန်းကျောင်းမှာ ဆရာမှတ်ကြီးဟု လူသိများသည့် ဒေါက်တာ မတ်စ်(သာသနာပြု)တည်ထောင်ခဲ့သည့်ကျောင်းဖြစ်ကြောင်း သိရသည်။
Credit: The Mirror