သင့် ဘဝ ဖြတ်သန်းမှုတစ်လျှောက်မှာ ရရှိမယ့် အရာအားလုံးအတွက် တာဝန်အရှိဆုံးသူဟာ သင် တစ်ဦးတည်းသာ ဖြစ်တယ်ဆိုတာ လက်ခံထားပြီးသားလား။ သင့် ဘဝလမ်းကြောင်းမှာ တခြားသူတွေရဲ့ ပတ်သတ်ပါဝင်မှု ဘယ်လိုပဲ ရှိနေပါစေ၊ အကြံပေး ညွှန်ပြခြင်းတွေ ရှိနေပါစေ တကယ့် တကယ် လက်တွေ့မှာ ရင်ဆိုင်ဖြတ်သန်းရမှာ သင် တစ်ယောက်တည်း ဖြစ်တယ် ဆိုတာ သိထားပါ။ သင့်ရဲ့ အတွေးအခေါ်၊ သင့်ရဲ့ ဆုံးဖြတ်ချက်၊ သင့်ရဲ့ လုပ်ဆောင်ချက်တိုင်းက သင့်ဘဝကို ပုံဖော်သွားတာ ဖြစ်ပါတယ်။
သင့် အခြေအနေကို အလုံးဆုံသိနားလည်သူဖြစ်ဖြစ်၊ ဒီတိုင်း သင့်ကို အကြံဉာဏ်တွေ ပေးနေကြသူတွေဟာ ချင်မှ သိပါလိမ့်မယ်။ ဘဝ အတွေ့အကြုံအရ လမ်းညွှန်မှု ပေးနိုင်တဲ့သူတွေရှိသလို မိမိ အလိုပါလာအောင် တစ်ဖက်သတ် တွန်းအားပေးတတ်တဲ့သူတွေလည်း ရှိကြပါတယ်။ ပတ်ဝန်းကျင်က ဘယ်လိုပဲ အကြံပေးတိုက်တွန်းနေပေမဲ့ တကယ်ဆုံးဖြတ်ရမှာ သင်ဖြစ်သလို ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကို ခါးစည်းခံရမှာကလည်း သင်ပဲ ဖြစ်ပါတယ်။ "ဘယ်သူမပြု မိမိမှု" ဖြစ်တာကြောင့် "ကိုယ်ဖြစ်ကိုယ်ခံ " ရမှာပါ။
သင့် ကိုယ်ပိုင်အမြင်နဲ့ ဆုံးဖြတ်ချက်ကို သင် ကိုယ်တိုင် ပြုလုပ်နိုင်ပြီ ဆိုရင်တော့ သင့်မှာ ခေါင်းဆောင်တစ်ယောက်ရဲ့ အရည်အသွေးတွေ ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ ခေါင်းဆောင်ကောင်းတွေဟာ တခြားသူတွေရဲ့ အကြံပေးချက်ကို နားထောင်တတ်ပေမဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို မိမိကိုယ်တိုင် ချမှတ်နိုင်တဲ့သူများလည်း ဖြစ်ကြပါတယ်။ မဆုံးဖြတ်ခင်မှာ နားထောင်တတ်ကြပေမဲ့ မိမိဆုံးဖြတ်ချက် ချမှတ်ထားတဲ့ ကိစ္စအပေါ်မှာ တခြားသူတွေရဲ့ အမြင်နဲ့ အကြံပြုချက်တွေ တောင်းနေမှာ မဟုတ်ပါဘူး။
ဘဝမှာ အောင်မြင်တိုးတက်ချင်တဲ့သူတွေဟာ မိမိရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းတဲ့နေရာမှာ ပတ်ဝန်းကျင်ရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိဖို့လိုပါတယ်။ သင့်ကို လမ်းညွှန်အကြံပေးတဲ့သူဟာ သက်ဆိုင်ရာနယ်ပယ်မှာ တကယ် အတွေ့အကြုံရှိတဲ့သူ၊ ကျွမ်းကျင်တဲ့သူ ဟုတ်မဟုတ် ဆိုတာကို နှိုင်းယှဉ်သုံးသပ်ဖို့လိုပါတယ်။
အကြံပေးတဲ့သူတွေဟာ သင်ကြုံတွေ့နေတဲ့ အခြေအနေအတိုင်း ကြုံတွေ့နေရသူတွေ မဟုတ်တတ်သလို ဖြစ်လာတဲ့အကျိုးဆက်ကိုလည်း တာဝန်ယူမယ့်သူများ မဟုတ်တတ်ကြပါဘူး။ ကောင်းစေချင်တဲ့ စေတနာနဲ့ အကြံပေးသည့်တိုင်အောင် သူတို့ အကြံပေးချက်တွေက ပြည့်စုံကောင်းမွန်နေမယ်လို့ လုံးဝအာမခံချက် အပြည့် ရှိမနေပါဘူး။
ပတ်ဝန်းကျင်က အကြံပေးချက်၊ လမ်းညွှန်ချက်တွေကို ဝေဖန် စိစစ်နိုင်ဖို့အတွက် သင့်မှာလည်း လုံလောက်တဲ့ ဥာဏ်ရည် ဥာဏ်သွေးနဲ့ အရည်အချင်းရှိနေဖို့ လိုပါတယ်။ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေး တောက်ပအောင် အမြဲ ကြိုးစားပြီး မိမိ ကိုယ်ကိုယ်ယုံကြည်မှုလည်း ခိုင်မာနေဖို့ လိုပါတယ်။ မိမိ ကိုယ်အထင်ကြီးလွန်းခြင်းနဲ့ တစ်ပါးသူအပေါ် မှီခိုလွန်းခြင်းဆိုတဲ့ အစွန်းနှစ်ဖက်ကို လွတ်အောင် နေထိုင် ကျင့်ကြံရပါမယ်။ နားထောင်တတ်တဲ့ အလေ့အကျင့်ရှိဖို့ လိုသလို နားမယောင်တတ်တဲ့ အရည်အချင်းကိုလည်း ပိုင်ဆိုင်ထားရပါမယ်။
အကြံပေးစကားတွေကို ဆုံးဖြတ်ချက် မချမီမှာ နားထောင်ပါ။ ဆန်းစစ်ပါ။ ဖြစ်လာမယ့် အကျိုးဆက်ကို မြင်အောင်ကြည့်ပါ။ အတိုင်းအတာ တစ်ခုအထိ လေ့လာဆန်းစစ်မှုတွေ လုပ်ပြီးတဲ့အခါမှာတော့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် တစ်ခုခုကို ချလိုက်ပါ။ အဲဒီ ဆုံးဖြတ်ချက်အတိုင်း လိုက်ပါ ကျင့်ကြံလုပ်ဆောင်ပါ။ ပတ်ဝန်းကျင်က အဖျက်စကားတွေ၊ အထင်အမြင် အယူအဆတွေ၊ သုံးသပ်ချက်တွေကို ဒီလိုအချိန်မှာ ခေါင်းထဲမထည့်ပါနဲ့။ ဘေးစကားတွေအပေါ် ထိုက်သင့်သလောက်သာ အလေးထားဖို့ လိုပါလိမ့်မယ်။
အရေးအကြီးဆုံးကတော့ သင့်ဘဝအောင်မြင်မှုအတွက် သင် ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းကို ရဲရဲဝံ့ဝံ့ ဆက်လျှောက်သွားဖို့သာ ဖြစ်ပါတယ်။
Credit : TedTalk