Knowledge | Posted by Aye Myat Thu
စာချုပ်စာတမ်းများ မှတ်ပုံတင်အခန်း-(၃)အရ မှတ်ပုံမတင်မနေရ မှတ်ပုံမတင်လျှင် တရားမဝင်သော စာချုပ်စာတမ်းများနှင့် မှတ်ပုံတင်လိုကတင်နိုင် သောစာချုပ်စာတမ်းဟူ၍ အမျိုးအစား ခွဲခြားသတ်မှတ်ထားပါသည်။
စာချုပ်စာတမ်းများ မှတ်ပုံတင်ရာ၌ မရွှေ့မပြောင်းနိုင်သော ပစ္စည်းတည်ရှိရာ အရပ်ဒေသရှိ စာချုပ် စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရမည်ဖြစ်ပါသည်။ စာချုပ်စာတမ်းတစ်စောင်အား စာချုပ်ချုပ်ဆိုသော ပုဂ္ဂိုလ်များ၊ လက်ခံသူများ၊ တရားဝင်ကိုယ်စားလှယ်များ၊ အကျိုးခံစားခွင့် လွှဲအပ်ခြင်းခံရသူများ မှတ်ပုံတင်ခြင်း ပြုနိုင်ပါသည်။
မှတ်ပုံတင်ခြင်းဆောင်ရွက်သည့်အခါ စာချုပ်စာတမ်းတွင် ပြင်ရာ၊ ဖျက်ရာ၊ ကွက်လပ်၊ ဖြည့်စွက်ချက်များ ရှိနေပြီး ချုပ်ဆိုသူ ပုဂ္ဂိုလ်မှ လက်မှတ်ရှည်၊ လက်မှတ်တို ရေးထိုးမထားလျှင် မှတ်ပုံတင်အရာရှိမှ အဆိုပါစာချုပ် ကို မှတ်ပုံတင်ခြင်း ပြုပေးမည်မဟုတ်ပါ။ လက်မှတ်တိုများပါရှိနေလျှင်လဲ အရာရှိမှ ပြင်ရာဖျက်ရာများကို မှတ်ပုံ တင်စာအုပ်တွင် ထည့်သွင်း ရေးမှတ်ထားမှုပြုမည်ဖြစ်ပါသည်။
ထို့ပြင်မရွှေ့မပြောင်းနိုင်သော အိမ်ခြံမြေနှင့် စပ်လျဉ်း၍ လိပ်စာအား ဖော်ပြရာတွင် မြေကွက်အမှတ်၊ ဦးပိုင်အမှတ် အကျယ်အဝန်းနှင့် တည်နေရာအား တည်ကျရှင်းလင်းစွာဖော်ပြရမည်။ သက်ဆိုင်ရာ မြေစာရင်းမှ ထုတ်ပေးသော သက်သေခံမြေပုံ-(၂)ပုံလဲ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသို့ တင်ပြပေးရန်လိုပါသည်။
စာချုပ်ချုပ်ဆိုသူမှာ မှတ်ပုံတင်အရာရှိ ရှေ့တွင် ငြင်းဆိုလျှင်၊ စာချုပ်ချုပ်ဆိုသူမှာ အရွယ်မရောက်သေး သူ ရူးသွပ်သူ ဖြစ်နေလျှင်၊ စာချုပ်ချုပ်ဆိုသူ ကွယ်လွန်ပြီးနောက် ၎င်း၏ကိုယ်စားလွှဲအပ် ခံရသူများမှ မှတ်ပုံတင် စာချုပ်ချုပ်ဆိုရန် ငြင်းဆိုလျှင် မှတ်ပုံတင်အရာရှိမှ မှတ်ပုံတင်ခြင်းကို ငြင်းဆိုခြင်းပြုနိုင်ပါသည်။
မရွှေ့မပြောင်းနိုင်သော ပစ္စည်းအား အပြီးအပိုင် လွှဲပြောင်းပေးအပ်သောအခါ တန်ဖိုးငွေ (၁၀၀) နှင့် အထက်ရှိပါက မဖြစ်မနေ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရပါမည်။ တစ်နှစ်ထက်ပို၍ အိမ်ခြံမြေအား ငှားရမ်းခြင်းပြု လျှင်လဲ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရပါမည်။ ပစ္စည်းပိုင်ဆိုင်မှုအတွက် တရားရုံးမှ ချမှတ်သော အမိန့်၊ ဒီကရီ၊ စီရင် ချက်တို့အားလဲ မှတ်ပုံတင်ရှိရန်လိုပါသည်။
မှတ်ပုံတင်လိုက တင်နိုင်သော စာချုပ်စာတမ်းများထဲတွင် တန်ဖိုးငွေ (၁၀၀)အောက် မရွှေ့မပြောင်းနိုင် သော ပစ္စည်းများ၊ သေတမ်းစာမှအပ ရွှေ့ပြောင်းနိုင်သောပစ္စည်း အား ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊ ဖျက်သိမ်းခြင်းစာချုပ်စာတမ်းများ၊ တစ်နှစ်ထက်မပိုသော ငှားရမ်းခြင်းစာချုပ်များ၊ သေတမ်းစာများ ပါဝင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com