ဗဟုသုတ | Posted by ရွှေစင်ဝင်း
ဘဝဆိုတာ နိမ့်ချည်တစ်ခါ၊ မြင့်ချည်တစ်လှည့်နဲ့ ဖြစ်တည်နေတတ်တဲ့ အရာ။ ဘဝဆိုတာ လောကဓံတရားတွေနဲ့ နှစ်ပါးသွားကလေ့ရှိတဲ့ အရာ။
ဘဝဆိုတာ မတည်မြဲမှုနိယာမတွေနဲ့ အမြဲပြည့်နှက်နေတတ်တဲ့အရာ။
ဒါဆို ကျွန်တော်တို့တွေလည်း လောကဓံအလှည့်အပြောင်းမှာ အထုအထောင်းခံနေရစဉ်အခိုက်အတန့်မှာ ဘာလို့ စိတ်ပျက်လက်လျှော့ရမှာလဲ။ ညရဲ့အမှောင်ထုက အမြဲမှ မကြီးစိုးထားနိုင်တာပဲ။ မိုးလင်းလာရင် နေမမြင်ရရင်တောင်မှ
အလင်းကတော့ ကျလာစမြဲမဟုတ်လား။
အချို့သောသူတွေရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ သိပ်ကို ဆက်စုပ်ဖွယ်ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ လူတွေရဲ့ အများစုဟာ
အကောင်းဆုံးနဲ့ အဆိုးဆုံးဆိုတာကိုပဲ ခံစားမိတတ်ကြတာများတယ်။ အကောင်းဆုံးဆိုတဲ့ အရာတွေထဲမှာ အဆိုးတွေရှိနေနိုင်သလို၊ အဆိုးဆုံးဆိုတဲ့အရာတွေထဲမှာလည်း အကောင်းတွေ ဒုနဲ့ဒေးရှိနေတတ်ကြတာကို ဘယ်သူမှ မမြင်မိကြဘူး။ အခံစားမိကြဘူး။
တကယ်တော့ ကောင်းခြင်းဆိုးခြင်း ခွဲခြားနိုင်ဖို့ဆိုတာ ဆိုးခြင်းနဲ့ ကောင်းခြင်းကိုလည်း ကြုံဖူးမှဖြစ်နိုင်မယ်။ ဒါကြောင့် အဆိုးတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရလို့ ဘာမှ စိတ်ပျက်အားငယ်စရာ မလိုပါဘူး။ အောက်မှာ ဖော်ပြထားတဲ့ စကား (၄) ခွန်းကိုပဲ သေချာကြည့်ကြည့်ပါ။ အဆိုးဆိုတဲ့အရာတွေက ကိုယ့်အတွက် ဘယ်လောက်တောင် အသုံးတည့်လဲဆိုတာ တွေ့မြင်လာပါလိမ့်မယ်။
၁။ ဒဏ်ရာဒဏ်ချက်တွေက ခွန်အားကိုညွှန်းဆိုတယ်
လူတော်တော်များများက သူတို့ရဲ့ အတွေ့အကြုံဆိုးတွေကြောင့် သူတို့ကို ထိခိုက်စေမှာ စိုးရွံ့ကြတယ်။ ဒါပေမဲ့ လက်တွေ့မှာက အဲဒီအတွေ့အကြုံတွေက ခွန်အားကိုဖြစ်စေပါတယ်။ လူတစ်ယောက်မှာ စိတ်ခံစားချက်နဲ့ ပတ်သက်ပြီး ဒဏ်ရာဒဏ်ချက်တွေ ရှိကောင်းရှိနေပါလိမ့်မယ်။
ဒါပေမဲ့ ဒဏ်ရာတွေအတွက် ကုထုံးရှိပြီး နာကျင်မှုကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေလည်း ရှိပါတယ်။ ဒီအတွေ့အကြုံတွေကနေ သင်ယူနိုင်ခဲ့မယ် ဆိုရင် ဘယ်လောက်ပဲ အခက်အခဲ အကျပ်အတည်းတွေ ရှိနေပါစေ အဲဒီဒဏ်ရာဒဏ်ချက်တွေက အရာရာတိုင်းကို ကျော်လွှားနိုင်တယ်ဆိုတာ လက်တွေ့ပြလာပါလိမ့်မယ်။
၂။ ဘယ်သူဆွဲဆွဲ ကိုယ်မလဲဖို့အရေးကြီးတယ်
တစ်ခါတစ်ရံမှာ တချို့လူတွေက သင့်ကို ကျရှုံးသွားအောင် ကြိုးစားလုပ်ဆောင် ပံ့ပိုးနေတာမျိုးတွေလည်း တွေ့လာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီလိုလူတွေကို လျစ်လျူရှုထားပါ။ အမြဲတမ်းပြုံးထားနိုင်အောင် ကြိုးစားပြီး ကောင်းတဲ့ဖြစ်တည်မှုတွေဆီကို အာရုံစိုက်လျှောက်လှမ်းပါ။ ပြီးတော့ များသောအားဖြင့်တော့ အဲဒီလို မကောင်းတဲ့လူတွေဟာ very unhappy ဖြစ်နေတတ်ကြတယ်။
တကယ်တော့ သူတို့က သင့်ကို သူတို့ထက် နိမ့်ကျတဲ့ လယ်ဗယ်တစ်ခုအထိ ဆွဲချချင်ကြတာပဲ။ ဒါကြောင့် သင်သာ အဲဒီလိုလူမျိုးတွေနဲ့ကြုံဆုံလာပြီဆိုရင် လျစ်လျူသာရှုထားလိုက်မယ်ဆိုရင် ဒါတွေက အေးဆေးပါပဲ။ တကယ်တော့ လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ပိုင်ဆိုင်သင့်တာ သဘာဝပါ။
၃။ ကြောက်စိတ်က သုညကမ္ဘာအဖြစ် ပြောင်းလဲပစ်နိုင်တယ်
အကယ်၍ သင်ဟာ ဖြစ်လာနိုင်ချေရှိတဲ့ မကောင်းတဲ့အရာတွေပေါ်မှာပဲ အမြဲလိုလို အာရုံကျက်စားနေမယ် ဆိုရင်၊ သေချာတယ် သင်ဘယ်တော့မှ စွမ်းရည်တွေ၊ စွမ်းအားတွေ ပြည့်မီလာမှာမဟုတ်ဘူး။ ညည်းညူမှုတွေ၊ စိုးရိမ်မှုတွေနဲ့ ပြည့်နေတဲ့လူတစ်ယောက်ဟာ ပုံမှန်အားဖြင့်တော့ လက်တွေ့လုပ်ဆောင်ကြတဲ့အခါ စိုးရိမ်မှုတွေ ပြည့်နှက်နေတဲ့အတွက် အောင်မြင်မှုအနည်းဆုံးလူတွေပဲ ဖြစ်လာကြလေ့ရှိတယ်။
ဒါကြောင့် စိုးရိမ်ပူပန်မှုတွေ ဖြစ်နေကြမယ့်အစား ဖြစ်နိုင်ခြေရှိတဲ့ အကောင်းဆုံးအရာတွေပေါ်မှာပဲ အာရုံထားပါ။ ဒါဆို မကြာခင်မှာပဲ စွန့်စားမှုတွေနဲ့အတူ အခွင့်အရေးတွေကို ရယူဖို့ရာအတွက် လှုံ့ဆော်လာပါလိမ့်မယ်။
၎။ ရဲရဲတက် ရဲရဲတိုက်၊ ဒါဟာ အကောင်းဆုံး ရွေးချယ်ပိုင်ခွင့်ပဲ
ဘဝက ကန်ချခဲ့ရင်တောင် ပြန်ထရမှာ ကိုယ့်တာဝန်ပဲ။ တစ်ကြိမ်လဲတိုင်း တစ်ကြိမ်ပြန်ထပြီး နောက်တစ်ကြိမ် ထပ်ကြိုးစားပြနိုင်ရမယ်။ ပြန်ထနိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ခံစားရတဲ့အချိန်မျိုးမှာတောင် ထနိုင်အောင် ထရမယ်။ ကိုယ့်မှာ ခွန်အားတွေအပြည့်ရှိတယ်လို့ စိတ်မှာစွဲထင် ယုံကြည်ထားရမယ်။ ပြန်ထနိုင်တယ်ဆိုတာ လက်ခံထားရမယ်။
ဘဝက ခက်ခဲကြမ်းတမ်းကောင်း ကြမ်းတမ်းပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်မှာ အရာရာတိုင်းကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ စွမ်းရည်မျိုးတွေ အဆင်သင့်ရှိနေအောင် ခိုင်မာတဲ့ ယုံကြည်ချက်တွေနဲ့ အမြဲမပြတ် ကြိုးစားအားထုတ်နေရမယ်။
Credit: Lifehack