ဒီတစ်ပတ်လည်းပဲ အိမ်ထဲမှာရော အိမ်အပြင်မှာပါ စိုက်ပျိုးလို့ရတဲ့ အပင်အကြောင်းကို
ဖော်ပြပေးထားပါတယ်။
ဘာအပင်လဲဆိုရင်တော့ ရိုးတံရှည်ရှည်လေးတွေနဲ့ တစ်မျိုးကြည့်လို့ကောင်းတဲ့ 'ရေ၀ါး'ပင်ပါ။
နေအိမ်က ရတဲ့နေရာလေးမှာ စိမ်းစိမ်းစိုစိုအပင်လေးတွေကို စိုက်ပျိုးရင်း နေ့စဉ်ဘ၀မှာ ကြုံတွေ့နေရတဲ့ မွန်းကျပ်မှုတွေ ပြေလျော့နိုင်ကြပါစေ။
ရေ၀ါးဆိုတာ ထိုင်းကနေ ၀င်လာတဲ့ အပင်အမျိုးအစားပါ။
သူက ၀ါးပင်အမျိုး အစားဆိုပေမဲ့ ကျွန်မတို့ဆီမှာရှိတဲ့ သာမန်ဝါးပင်တွေလို လူတစ်ရပ်ကျော်
အရှည်ကြီး ဖြစ်မသွားသလို မျှစ်လည်း မထွက်ပါဘူး။
ဝါးပင်ဆိုတဲ့အတိုင်း အပင်တစ်ပင်လုံးက အဆစ်အပိုင်းလေးတွေနဲ့ ရိုးတံလေးတွေကို
တစ်စုတစ်စည်းတည် စိုက်ထားသလိုပဲမို့ ကြည့်လိုက်ရင် သာမန် အိမ်တွင်းစိုက်အပင်တွေထက်
ထူးခြားနေသလို အမြင်မှာလည်း လှပါတယ်။
သူ့ကိုစိုက်ရတာလည်း မခက်ခဲပါဘူး။
သဲမြေကလွဲပြီး ဘယ်မြေအမျိုးအစားနဲ့မဆို အိုးထဲမှာပဲဖြစ်ဖြစ် မြေကြီးပေါ်မှာပဲဖြစ်ဖြစ်
စိုက်ပျိုးနိုင်ပါတယ်။
အိုးထဲမှာ စိုက်မယ်ဆိုရင်တော့ သူ့ကို ၀ယ်ပြီးပြီးချင်း အောက်ခြေမှာ အပေါက်လေးတွေပါတဲ့
အိုးကို အသုံးပြုရပါမယ်။ ဒါမှသာ အပင်ကိုရေလောင်းတဲ့အခါ အပေါက်ထဲနေ အပြင်ကို စိမ့်ထွက်သွားနိုင်မှာပါ။
အဲဒီအတွက်ကိုလည်း အိမ်ထဲမှာထားတာဆိုရင် ပန်းအိုးအောက်မှာ အောက်ခံခွက်အပြား (သို့)
ဗန်းတစ်ခုထားဖို့ လိုအပ်ပါတယ်။
ဒါမှသာ ရေတွေ ကြမ်းပြင်ပေါ်ကို ရောက်မသွားမှာပါ။ ရေကိုလည်း တစ်နေ့တစ်ကြိမ် ခပ်ရွှဲရွှဲလောင်းထားပြီးရင် ရပါပြီ။ ရေ၀ါးပင်တွေဟာ အမြင့်နှစ်ပေကျော်၊ သုံးပေလောက်အထိ ရှည်လျားနိုင်ပါတယ်။
ဒါပေမဲ့ တဖြည်းဖြည်း ရှည်လာတာကို မကြိုက်ဘူးဆိုရင်တော့ ရိုးတံလေးတွေအားလုံးကိုစုပြီး
ကတ်ကြေးနဲ့ ကိုယ်လိုချင်တဲ့ ပုံစံကို ညှပ်ပြီး ပုံသွင်းလို့ရပါတယ်။
တစ်ကြိမ်ထက်မနည်း ညှပ်ပေးမယ်ဆိုရင် ရိုးတံလေးတွေ အပေါ်ကို ရှည်ထွက်မလာဘဲ
နောက်ထပ်ရိုးတံ အသစ်လေးတွေ ထပ်ထွက်လာစေပါတယ်။
ရေ၀ါးက ရေကြိုက်တဲ့ အပင်ဖြစ်တာကြောင့် ရေပုံမှန်လောင်းဖို့တော့ မမေ့ပါနဲ့။ဓာတ်မြေဩဇာအစား လက်ဖက်ခြောက်ခပ်ပြီးသား အဖတ်လေးတွေကို လွှင့်မပစ်ဘဲ
ပန်းအိုးထဲကို ထည့်ပေးရင် အဆင်ပြေပါတယ်။ စိုက်ဖို့ အိုးကိုတော့ ကြိုက်သလို ရွေးချယ်လို့ ရပါတယ်။ စာရေးသူကတော့ အစိုဓာတ်ကို ကြာကြာထိန်းပေးနိုင်တဲ့ မြေအိုးပဲ ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။
Credit: Myanmar Times