အီရန်နိုင်ငံတောင်ပိုင်း ဟော်မတ်ဇ်ဂန်ပြည်နယ်ရှိ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော ဂျက်စ်ခ်တွင် ကန်ဒေါ်လာ ၃၁ သန်းတန်ကြေးရှိ စက်မှုဇုန်တစ်ခု တရုတ်နိုင်ငံက တည်ဆောက်ပေးရန် သဘောတူညီမှု ရရှိခဲ့ကြကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အီရန်နှင့် တရုတ်အကြား စွမ်းအင်ဆိုင်ရာ ပူးပေါင်းမှုဆက်လက်ဖွံ့ဖြိုးစေရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
အကျယ်အဝန်း ၂၀၀၀ ဟက်တာရှိသော မြေနေရာပေါ်တွင် စက်မှုဇုန်တည်ဆောက်မည်ဖြစ်ပြီး အီရန်ပုဂ္ဂလိကကဏ္ဍမှလည်း ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျာဆမ် ဂျာဒီရီက ပြောကြားသည်။
အဆိုပါစီမံကိန်းသည် အီရန်တွင် ပထမဆုံး ဖက်စပ်စက်မှုဇုန်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
တရုတ်၏ စွမ်းအင်လိုအပ်မှုနှင့် အီရန်၏ သဘာဝအရင်းအမြစ် ပေါကြွယ်ဝမှုတို့ကို အခြေပြုကာ လက်တွဲခဲ့ကြခြင်းဖြစ်သည်။
အီရန်နှင့် တရုတ်တို့သည် စွမ်းအင်ကဏ္ဍသာမက အခြားသော စီးပွားရေးဆက်နွှယ်မှုများလည်းရှိပြီး လက်နက်ရောင်းချမှုနှင့် ကာကွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများလည်း ရှိသည်။
ဂျက်စ်ခ်သည် အီရန် ရေနံလုပ်ငန်းအတွက် အရေးပါသော နေရာဖြစ်ပြီး ရေနံစိမ်းစည်ပေါင်း သန်း ၂၀ ခန့် တည်ရှိရာနေရာ ဖြစ်သည်။
အီရန်အာဏာပိုင်တို့က ယင်းဒေသကို စီးပွားရေးနှင့် စက်မှုလုပ်ငန်းအချက်အခြာဒေသဖြစ်လာစေရန် ရည်မှန်းထားပြီး ပြည်ပသို့ ရေနံစိမ်းတင်ပို့ရာတွင် ဒုတိယမြောက် အချက်အခြာဖြစ်လာစေရန်လည်း ရည်ရွယ်ထားသည်။
အီရန်သည် တရုတ်နိုင်ငံ၏ ပိုးလမ်းမရည်မှန်းချက်တွင် အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်လျက်ရှိပြီး တရုတ်နိုင်ငံအတွက် ရေနံတင်သွင်းပေးသည့် အဓိကနိုင်ငံအဖြစ် ရပ်တည်လျက်ရှိဆဲ ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)