ဒေါ်နယ်ထရမ့်၏ သားမက်ဖြစ်သူ ဂျရက်ဒ်ကွတ်ရှ်နာသည် ကွတ်ရှ်နာကုမ္ပဏီအုပ်စု စီအီးအိုအဖြစ်မှ နှုတ်ထွက်လိုက်ပြီး အိမ်ဖြူတော် အဆင့်မြင့်အကြံပေးပုဂ္ဂိုလ် ဖြစ်လာတော့မည်ဟု သတင်းများထွက်ပေါ်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
နိုင်ငံရေးနယ်သို့ ကူးပြောင်းရန်အတွက် ကွတ်ရှ်နာကုမ္ပဏီအုပ်စု အမှုဆောင်အရာရှိချုပ်အဖြစ်မှ နှုတ်ထွက်ခြင်း ဖြစ်နိုင်သည်။
ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ရွေးကောက်ခံရပြီးကတည်းကပင် ကွတ်ရှ်နာသည် အာဏာလွှဲပြောင်းရေးအဖွဲ့တွင် အရေးအပါဆုံး အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ကွတ်ရှ်နာ၏ နယူးယောက်တွင် အိမ်ခြံမြေပိုင်ဆိုင်မှုများမှာ ကျယ်ပြန့်လှသည်။
ပဉ္စမရိပ်သာလမ်း အမှတ် ၆၆၆ တွင် ရုံးခန်းများနှင့် အခြားပိုင်ဆိုင်မှုများ၊ ဒမ်ဘိုတွင် ယေဟောဝါသက်သေကင်းမျှော်စင်အဆောက်အအုံ၊ အရှေ့ရွာတွင် အဆောက်အအုံများစွာ အပါအဝင် အခြားပိုင်ဆိုင်မှုများစွာရှိသည်။
ပြည်ထောင်စု ကျင့်ဝတ်ဥပဒေအရ ကွတ်ရှ်နာသည် မကြာမီကာလအတွင်း အဆိုပါ အဆောက်အအုံများအနက် အချို့ကို ရောင်းထုတ်လာမည် ဖြစ်သည်။
“ဂျရက်ဒ်ဟာ ရွေးကောက်ပွဲကာလတစ်လျှောက်လုံးနဲ့ အကူးအပြောင်းကာလမှာ ယုံကြည်စိတ်ချရတဲ့ အကြံပေးပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အစိုးရအဖွဲ့မှာ အဓိကတစ်နေရာက သူပါဝင်လာမှာကို ကျွန်တော်ဂုဏ်ယူမိပါတယ်။ သူဟာ စီးပွားရေးနဲ့ နိုင်ငံရေးနယ်နှစ်ခုလုံးမှာ မယုံကြည်နိုင်စရာ အောင်မြင်မှုတွေ ရခဲ့သူပါပဲ။ ကျွန်တော်တို့ အစိုးရအဖွဲ့မှာ သူဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လာမှာပါ” ဟု ဒေါ်နယ်ထရမ့်က ပြောကြားထားသည်။
တွစ်တာလူမှုကွန်ယက်တွင် သားမက်ဖြစ်သူကို ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ ဝေဖန်မှုများ မြင့်တက်လျက်ရှိနေသည်။
အမေရိကန်တွင် ပြည်ထောင်စုဥပဒေများအရ မိသားစုဝင်များကို ခန့်အပ်တာဝန်ပေးခြင်းများ တားမြစ်ထားသည်။
ကွတ်ရှ်နာ၏ ဥပဒေအကျိုးဆောင်များက ပြောကြားရာတွင်မူ အိမ်ဖြူတော်သည် ပြည်ထောင်စုအဖွဲ့အစည်းတစ်ရပ်မဟုတ်ကြောင်း ချေပထားသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)