ပြည်တွင်းရွှေဈေးဟာ ဇန်နဝါရီ ဒုတိယအပတ်မှာ ကျပ် ၈၆၀,ဝ၀ဝ ကျော်မြင့်တက်ခဲ့ပါတယ်။ ဒီနေ့မနက်မှာပဲ ပြည်တွင်းရွှေဈေးက ကျပ် ၈၆၃,ဝ၀ဝ အထိမြင့်တက်ခဲ့တယ်၊ ဒေါ်လာဈေးလဲမြင့်ပြီး ကမ္ဘာ့ဈေးလဲ တက်တော့ ပြည်တွင်းရွှေဈေးလိုက်တက်တဲ့သဘောပါလို့ ရွှေဈေးကွက်လေ့လာသုံးသပ်သူ ကိုအောင်ဆန်းက ပြောပါတယ်။
ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ပထမအပတ်အထိ ကျပ် ၈၄၀,ဝ၀ဝ ဝန်းကျင်မှာအတက်အကျရှိနေပေမဲ့ ယနေ့မှာတော့ ကျပ် ၈၆၀,ဝ၀ဝ ကျော်ကိုမြင့်တက်သွားခဲ့ပါတယ်။ ပြည်တွင်းရွှေဈေးအကျမှာ ရွှေဝယ်လိုအားများ လာတာကြောင့်လည်း ပြည်တွင်းရွှေဈေးကို အမြင့်ပိုင်းရောက်စေတယ်လို့ လေ့လာသုံးသပ်ကြပါတယ်။ ငွေဈေးကွက်အတွင်းမှာတော့ ဘဏ်တွေအနေနဲ့ ကားပါမစ်ငွေတွေ ပြန်လည်အမ်းထုတ်ရမှာမို့ အမေရိကန်ဒေါ်လာ ဝယ်ယူမှုတွေရှိနေတယ်လို့ သတင်းတွေလည်းထွက်ပေါ်နေပါတယ်။
လက်ရှိပြည်တွင်းအမေရိကန် ဒေါ်လာငွေလဲနှုန်းဟာ တစ်ဒေါ်လာကို ၁၃၆၅ ကျပ်ဝန်းကျင်မှာရှိနေပြီး ကမ္ဘာ့ရွှေဈေး ကတော့ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၁၈၅ ဝန်းကျင်ဖြစ်ပါတယ်။ နောက်တစ်ပတ်အတွက် ရွှေဈေး ခန့်မှန်း ချက်ကတော့ ကျပ် ၈၅၀,ဝ၀ဝ ကျော်နဲ့ငြိမ်နိုင်ပါတယ်။ ပြည်တွင်းငွေလဲနှုန်းမငြိမ်သက်မှုတွေက ပြည်တွင်းရွှေဈေး အပေါ်ရိုက်ခတ်မှုရှိနိုင်တယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။
Credit: Kumudra