နိုင်ငံရေးအခြေအနေ တည်ငြိမ်အေးချမ်းကောင်းမွန်မှု နှင့်နည်းဥပဒေရေးဆွဲရန်ကျန်ရှိနေသေးသော ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေထွက်ပေါ်လာမည်ဆိုပါက ၂၀၁၇ အိမ် ခြံ မြေ ဈေးကွက်သည် အရောင်းအဝယ်ပြန်လည်သွက်လက်လာမည်ဖြစ်ကာ
ပြန်လည် ဦးမော့လာမည်ဟု ရန်ကုန်တိုင်းဒေသကြီးအိမ် ခြံ မြေ လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးစိုင်းခွန်နောင်မှ ပြောသည်။
၂၀၁၆ အိမ် ခြံ မြေ ဈေးကွက်သည် အရောင်းအဝယ်ဖြစ်ထွန်းမှုအပိုင်းတွင် ယခင်နှစ်များထက် များစွာလျော့ကျခဲ့ပြီး အိမ် ခြံ မြေ ကပ်ဆိုက်သည့်နှစ်ဟူ၍ပင်ပြောနိုင်ကြောင်း အဆိုပါပုဂ္ဂိုလ်မှဆိုသည်။
"""၂၀၁၆ ဈေးကွက်ရဲ့ သွားတဲ့ပုံစံက ဈေးကွက်မမြိုင်ခဲ့ဘူး။ဒါပေမယ့် နှစ်စကနေ နှစ်လယ်လောက်ထိ ပုံမှန်အနေအထားနဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်။ဒါပေမယ့် ဇွန်လနောက်ပိုင်းမှာအရောင်းအဝယ်တွေကျဆင်းသွားခဲ့တယ်။အရောင်းအဝယ်ကျဆင်းသွားပြီးတဲ့နောက်မှာ တစ်ချို့က ဈေးကိုတင်းထားနိုင်ပေမယ့် ၊ တစ်ချို့ကတော့ ဈေးလျှော့ရောင်းလိုက်ကြတယ်။
ဒါပေမယ့် ပြင်ပဈေးကွက်မှာ လည်ပတ်နေတဲ့ ငွေကနည်းသွားတာမို့ အရောင်းအဝယ်အားနည်းသွားခဲ့တာပါ။ဈေးကွက်ကတော့ ၂၀၁၆ အောက်တိုဘာ နောက်ပိုင်းမှာမှ ပြန်ပြီးဈေးကွက်ပြန်လည်ပတ်လာတာပါ။ဒါပေမယ့်နှစ်ကုန်တဲ့အထိ ပြန်ပြီးတော့ ကောင်းကောင်းမွန်မွန်ပြန်ဖြစ်မလာခဲ့ဘူးလို့ပဲသုံးသပ်ရမှာပါ။""ဟု ဦးစိုင်းခွန်နောင်မှ ပြောပြသည်။
၂၀၁၆ အိမ် ခြံ မြေ ဈေးကွက်သည် အရောင်းအဝယ်အားနည်းသွားမှုကြောင့် ဈေးနှုန်းမှာ ယခင်ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းမှ၃၀ရာခိုင်နှုန်းအထိ ဈေးလျှော့ချ၍ ရောင်းထုတ်ခဲ့ကြသူများ
လည်းရှိကြောင်း အိမ် ခြံ မြေ အကျိုးဆောင် ဒေါ်နီလာကျော်မှ ပြောသည်။
သို့သော် ယင်းကဲ့သို့ဈေးလျှော့ချ ရောင်းကြသူများတွင် နေရာကောင်းများဖြစ်သည့် လမ်းမတန်း မြေကွက်များ ၊ ထောင့်ကွက်များ နှင့် စီမံကိန်း ဧရိယာများ မပါဝင်ကြောင်းလည်း ၎င်းမှ ဆိုသည်။
၂၀၁၇တွင် ဖြစ်နိုင်ဖွယ်ရှိသော ဈေးကွက်အခင်အကျင်းမှာ နိုင်ငံရေးတည်ငြိမ်မှုရှိပါက အိမ် ခြံ မြေ ပြန်လည်ဦးမော့လာမည်ဟု အိမ် ခြံ မြေ လောကသားများက တစ်ညီတည်းပြောဆိုကြသည်။ထို့ပြင် ထွက်ပေါ်လာဖွယ်ရှိသော
ကွန်ဒို ဥပဒေ ၊ ရင်းနှီးမြုပ်နှံမှုဥပဒေ ၊ အစရှိသည်တို့ကလည်း အိမ် ခြံ မြေ ဈေးကွက်ဦးမော့ရန် အတွက် အပေါင်းလက္ခဏာများပင်ဖြစ်သည်။
အိမ် ခြံ မြေ ဈေးကွက်တွင် ရင်းနှီးမြုပ်နှံလိုသူများအနေဖြင့် ပဲခူး ဟံသာဝတီ လေဆိပ်စီမံကိန်းအနီး ၊ ရန်ကုန်တောင်ဘက်အခြမ်းမြို့နယ်များဖြစ်သည့် ကော့မှုး ၊ ကွမ်းခြံကုန်း မြို့နယ်များ ၊ မြို့သစ်ဖြစ်လာဖွယ်ရှိသည့် ကြည့်မြင်တိုင်တစ်ဖက်ကမ်းမြေနေရာများသည် ရင်းနှီးမြုပ်နှံရန်အတွက် အလားအလာကောင်းသော မြို့နယ်များဖြစ်ကြောင်း ရန်ကုန်တိုင်းအိမ်ခြံမြေ လုပ်ငန်းရှင်အသင်းဥက္ကဌ ဦးစိုင်းခွန်နောင် မှ ခန့်မှန်း သုံးသပ်ပြောဆိုသည်။
မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com