အကျယ်အ၀န်း ၃၀၆ စတုရန်းမိုင်ရှိတဲ့ ရန်ကုန်မြို့တော် ဧရိယာကို ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်ကို ဆွဲတင်တဲ့အခါမှာ အင်္ဂလိပ်လက်ထက်က စတင်အကွက်ချ ဖော်ထုတ်ခဲ့တဲ့ရန်ကုန် မြို့ရဲ့ downtown ခြောက်မြို့နယ် နဲ့ သူနဲ့ ဆက်စပ်နေတဲ့ မြို့နယ်တွေ ဖွံ့ဖြိုးတိုးတက်မှုကို တစ်ပြေးညီ လုပ်ဖို့ ဆိုတာ အင်မတန်ခက်ခဲလှပါတယ် ၊ နှစ်ပေါင်း ၅၀ ကျော်လောက် မေ့လျော့ထားပြီးမှ အခုအချိန် ပြန်ထလုပ်မယ်ဆိုရင်လည်း ကုန်ကျမယ့် ငွေကြေးက နည်းလှမှာ မဟုတ်ပါဘူး ။ ဖြစ်နိုင်ခြေ ခက်ခဲလို့ အဆင့်အလိုက်သာ ပြုပြင်မြုင့်တင်ဖို့နည်းလမ်းဘဲ ရှိပါတယ် ။
သမိုင်းအစဉ်အလာကြီးတဲ့ အဆောက်အအုံတွေ ၊ ကိုလိုနီခေတ် နေအိမ်တွေ ၊ ၀န်ကြီးများ ရုံးလို့ ခေါ်ခဲ့ကြတဲ့ အတွင်းဝန်ရုံးလို နေရာတွေကလည်း အင်္ဂလိပ်လက်ထက်က ရန်ကုန်မြစ်ကမ်းပါးမှာ အလျားလိုက်တည်ဆောက်ခဲ့တဲ့ မြို့ဟောင်းတွေထဲမှာ သာ တွေ့မြင်နိုင်မှာဖြစ်ပါတယ် ။
အရှိန်အဟုန်မြင့်မားလာတဲ့ အာရှရဲ့ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကလည်း မြို့တော်ရန်ကုန် ရိုတ်ခတ်ခံခဲ့ရလို့ ခေတ်တစ်ခေတ်မှာ မြို့ဟောင်းထဲက သမိုင်းဝင် အဆောက်အအုံတွေ ကနေ ကွန်ဒိုဖြစ်လိုဖြစ် ၊ ရှော့ပင်းစင်တာဖြစ်လိုဖြစ်နဲ့ နှစ်ရာချီ သက်တမ်းရှိတဲ့ လက်ရာဟောင်း အဆောက်အအုံအချို့ ကြွေလွင့်ခဲ့ရတာ အားလုံး အသိလည်း ဖြစ်ပါတယ် ။ ဒါဆို အဆောက်အအုံ ဟောင်းတွေကို ဒီအတိုင်း ပစ်ထားလိုက်ပြီး တစ်နေရာမှာသီးသန့် မြို့သစ်တည်မယ် ဆိုတဲ့ အတွေး အခေါ်ကလည်း လက်တွေ့မှာ အလုပ်ဖြစ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။
ကမ္ဘာနိုင်ငံတွေနဲ့ အညီ ရင်ဘောင်တန်းနိုင်ဖို့ ဖွံ့ဖြိုးတိုးတက်မှုလည်း လုပ်ဖို့လိုသလို တစ်ဖက်မှာလည်း ရှေးဟောင်းအဆောက်အအုံတွေ ၊ သမိုင်းဝင်လက်ရာ အမွေအနှစ်တွေကို ထိန်းသိမ်းရမယ့် တာဝန်ရှိတဲ့အတွက်ကြောင့် ချိန်ဆစဉ်းစားပြီး လုပ်လာကြတာ အခုနောက်ပိုင်းမှာ တွေ့မြင်နေရလို့ ပြည်တွင်းပြည်ပက မြို့ပြ စီမံကိန်း ကျွမ်းကျင်သူတွေက ကြိုဆိုလက်ခံလာကြပါတယ် ။
နိုင်ငံတော်တော်များများကတော့ မရှိမယ့်ရှိမယ့် ရှေးဟောင်းအဆောက်အအုံတွေကိုတောင် မွမ်းမံပြီး ကမ္ဘာလှည့်ခရီးသည်တွေဆီက ငွေတွေ သဲ့ယူနေတဲ့ အချိန်မှာ ရှေးဟောင်းအဆောက်အအုံတွေ ရာနဲ့ချီရှိပြီး မြို့ဟောင်းထဲမှာ လက်ညိုးထိုးမလွဲ ပေါများတဲ့ နိုင်ငံဂုဏ်ဆောင် သမိုင်းဝင် အဆောက်အအုံတွေရှိတဲ့ မြို့တော်ရန်ကုန်မှာ ကမ္ဘာလှည့်ခရီးသည်တွေကို ပြစားပြီး ဒေါ်လာတွေ သဲ့ယူနိုင်တဲ့ အခွင့်အရေးကလည်း လက်တကမ်းမှာ ရှိနေပါတယ် ၊ လုပ်တက်ဖို့တော့ လိုပါတယ် ။
ဒီမိုကရေစီ အစိုးရလက်ထက်မှာ ရန်ကုန်မြို့ကို ပြုပြင်ဖို့ မြို့ပြစီမံကိန်းပညာရှင်တွေ ပြည်တွင်းပြည်ပ ကပညာရှင်တွေ ၀ိုင်းဝန်းစဉ်းစားကြပါတယ် ၊ လက်ရှိ ရန်ကုန်မြို့တွင်းခြောက်မြို့နယ် မှာ အဆောက်အအုံ အမြင့်ကြီးတွေ ထပ်မတိုးလာစေတော့ဘဲ မြို့တွင်းခြောက်မြို့နယ် ပြင်ပမြို့နယ်တွေမှာသာ အထပ်မြင့် အဆောက်အအုံတွေ ထပ်တိုးဆောက်သင့်တယ်လို့ ယူဆသူတွေ ရှိလာကြပါတယ်။ existing area လို့ခေါ်တဲ့ ရန်ကုန်မြို့တော်ဟောင်းမှာ အဆောက်အအုံသစ်တွေ ထပ်တိုးလာဖို့ဆိုတာ မလွယ်သလို ရှိရင်းစွဲ အဆောက်အအုံတွေကိုလည်း ဖြိုချပြီး ခြောက်ထပ် တိုက်အဆောက်အအုံ အစား ၁၂ ထပ်တိုက် အဆောက်အအုံ ပြန်ဆောက်မယ် ဆိုရင်လည်း ပြသနာ ရှိပါတယ် ။
လူဦးရေ ၃၀၀၀၀ အတွက် ပုံစံထုတ်တည်ဆောက်ထားတဲ့ ရန်ကုန်မြို့တွင်းခြောက်မြို့နယ်မှာ လက်ရှိ အချိန် နေတဲ့လူက ဒီဇိုင်းထုတ်ထားတဲ့ ပုံစံထက် အနည်းဆုံး ၁၀ ဆမက လူဦးရေဖြစ်တဲ့ လူ ၃၀၀၀၀၀ ကျော်နေထိုင်နေတာဖြစ်ပါတယ်။ ရေစနစ်၊ မီးစနစ် နောက်ဆုံး မိလ္လာစနစ်က အစ ပိုက်လိုင်းစနစ်နဲ့ အသုံးပြုထားတဲ့ အတွက် လက်ရှိရန်ကုန်မြို့ဟောင်းဟာ ၀န်နဲအားနဲ့ မမျှတဲ့ အခြေအနေ ဖြစ်နေပါပြီ။
ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်က အထပ်မြင့် အဆောက်အအုံတွေ ၊ လူနေထူထပ်တဲ့ အိမ်ရာတွေ ကို extension area လို့ခေါ်တဲ့ မြို့တွင်းခြောက်မြို့နယ် ပြင်ပက မြို့နယ်တွေမှာ ဘဲ လုပ်ကြမှ အဆင်ပြေပါတယ် ၊ ရန်ကုန်မြို့တော်ကို စီးပွားရေး မြို့တော်လို့ ခေါ်ဝေါ်တင်စားလာကြလို့ အနယ်နယ် အရပ်ရပ်က စီးဆင်းလာမယ့် လူစီးကြောင်းကလည်း နေ့စဉ် အမြောက်အများ ရှိလာပါတယ် ၊ ၀င်လာတဲ့ လူတွေ အတွက် နေရာချထားပေးဖို့ ၊ အလုပ်အကိုင် ရရှိဖို့ ၊ ကောင်းမွန်တဲ့ လူမှုဘ၀ ပတ်ဝန်းကျင် ကောင်းဖန်တီးပေးနိုင်ဖို့ အတွက် အခုအချိန်မှာအာဏာပိုင်တွေ ၊ တာဝန်ရှိသူတွေ အတွက် အင်မတန် ဖြေရှင်းရခက်တဲ့ ပြသနာဖြစ်ပါတယ်။
အဖြေတော့ရှိပေမယ့် လွယ်လွယ်နဲ့တော့ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး ။ ပညာရှင်တွေကတော့ ရန်ကုန်မြို့အပြင်မှာ မြို့သစ် ခုနှစ်ခု တည်ဖို့ အတွက် မြေနေရာတွေကို စဉ်းစားတင်ပြခဲ့ကြလို့ မကြာခင်မှာ မြို့သစ်စီမံကိန်းတစ်ခု ရန်ကုန်မြို့ရဲ့ တစ်ဖက်ကမ်း မှာ ပေါ်လာဖို့ အရှိန်ယူနေပါပြီ ။
zoning plan လို့ခေါ်တဲ့ မြို့ပြ မြေအသုံးချမှုဇုန် စည်းမျဉ်းစည်းကမ်းတွေချမှတ်ပြီး မြို့ဟောင်းကို ဘယ်လိုပုံစံနဲ့ ပြုပြင်မလဲ၊ ကိုလိုနီခေတ် အဆောက်အအုံ တွေယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံတွေ ကိုဘယ်လိုထိန်းသိမ်းမလဲ ၊ extension area တွေမှာ ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြမလဲ ဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေ သတ်သတ်မှတ်မှတ် ထွတ်လာဖို့ အရေးကြီးလာပါပြီ ၊ ဒါမှလည်း စက်မှုဇုန်က ဘယ်နေရာမှာ ၊ အများပြည်သူ အပန်းဖြေနိုငတဲ့ green area တွေကဘယ်နေရာမှာ ၊ လူနေအဆောက်အအုံတွေ ၊ ရှေးဟောင်းအဆောက်အအုံ တွေက ဘယ်နေရာမှာ ဆိုတာ သတ်မှတ်ထိန်းသိမ်းလို့ ရမှာဖြစ်ပါတယ် ။
နောက်ဆက်တွဲ အကျိုးဆက်ကတော့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အနေနဲ့လည်း ဧရိယာ သတ်မှတ်ချက်တွေ တိတိကျကျ သိထားလို့ ဘယ်လိုနေရာမှာတော့ အဆောက်အအုံတွေ အထပ်အမြင့် ဘယ်လောက်နဲ့ ဆောက်သင့်တယ် ၊ ဘယ်လိုနေရာမှာတော့ ဘယ်လောက်အမြင့်ဘဲ ခွင့်ပြုထားတယ် ဆိုတာ သိရှိပြီး လုပ်ငန်းတွေကို လွယ်လွယ်ကူကူ လုပ်လာနိုင်မှာဖြစ်ပါတယ် ။
မြို့မြေအသုံးချမှုဇုန် ပေါ်ထွတ်လာမယ် ဆိုရင်တော့ မြို့ဟောင်းကိုလည်း ထိန်းသိမ်းရာ ရောက်သလို မြို့ပြင်ဧရိယာမှာလည်း ဖွံ့ဖြိုးတိုးတက်မှုတွေကို အရှိန်အဟုန် ကောင်းကောင်းနဲ့ လုပ်လာနိုင်မယ့် အားသာချက်တွေ ရှိပါတယ် ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း ပြန်လည်လည့်ပတ်သွက်လက်လာမှာမို့လို့ လုပ်ငန်းရှင်တွေ အလုပ်ဖြစ် ၊ အလုပ်သမားတွေလည်း အလုပ်အကိုင်တွေ ရကြပြီး လူသာဓုခေါ် နတ်သာဓု ခေါ်ကြမှာ မလွှဲမသွေ ဖြစ်လာမှာ
ဖြစ်ပါတယ် ။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com